Home > Democrat, DP(M), Local NGOs, Party, Professionals > ရွေးကောက်ပွဲအပြီး တစ်နှစ်အကြာ မြန်မာ့ လက်ရှိနိုင်ငံရေး (အမြင်စုစည်းမှု)

ရွေးကောက်ပွဲအပြီး တစ်နှစ်အကြာ မြန်မာ့ လက်ရှိနိုင်ငံရေး (အမြင်စုစည်းမှု)

ရတနာထွန်း (MT) အတွဲ ၂၈ ၊ အမှတ် ၅၄၄ ( ၁၈ – ၂၄ ၊ ၁၁ ၊ ၂၀၁၁)

ဦးတင်မောင်သန်း (Senior Associate)
ဗဟုဖွံ့ဖြိုးမှုအဖွဲ့

ယေဘုယျအားဖြင့်ပြောရရင်တော့ ဦးသိန်းစိန်နဲ့ ဒေါ်အောင်ဆန်းစုကြည် ရဲ့ တွေ့ဆုံဆွေးနွေးမှုက တိုးတက်မှု တစ်ခုပဲလို့ပြောရမှာပဲ။ အရင်တုန်း ကလည်း ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ တွေ့ဆုံမှုတွေလုပ်ခဲ့ဖူးပေမယ့် ဒီတစ်ကြိမ်ကတော့ သူ့ရဲ့ထင်မြင်ချက်၊ ပြောကြားချက်တွေကြောင့် အရင် တွေ့ဆုံမှုတွေထက် ပိုအရေးကြီးတယ်ထင်တယ်။ တစ်နှစ်အတွင်းမှာဆိုရင် လက်ရှိ ဖွဲ့စည်းပုံ အသစ်၊ နိုင်ငံရေးအဆောက် အအုံအသစ်စပြီး အလုပ်လုပ်တယ်။ ပီပီပြင်ပြင်တော့ မဖြစ်သေးဘူး။ ဒါပေမယ့် ပီပီပြင်ပြင်ဖြစ်အောင် လုပ်ဆောင်ချင်တဲ့ သဘောထား၊ အပြောအဆိုမျိုးတွေတွေ့ လာရတယ်။ တခြားအသားကျပြီးသား စနစ်ဆိုရင်တော့ တစ်နှစ်အတွင်း လုပ်ဆောင်ချက်တွေက အားရစရာမရှိဘူးလို့ ဆိုလို့ရပေမယ့် အခုမှမွေးပြီး အခုမှ လွှတ်တော်ဆိုပြီး ပေါ်ပေါက်လာတဲ့ စနစ်ဆိုတော့ စမ်းသပ်ပြီးလုပ်နေတဲ့ သဘောတွေတွေ့ရတယ်။ အရင်ပထမဆုံးခေါ်တဲ့ လွှတ်တော်နဲ့ အခု ဒုတိယလွှတ်တော်မှာ လုပ်ထုံးလုပ် နည်းတွေ၊ လုပ်ပုံကိုင်ပုံတွေ သိသိသာသာ ကွဲပြားသွားတယ်လို့ တွေ့ရတယ်။ သို့သော်လည်း လွှတ်တော်ရဲ့ သဘောသဘာဝနဲ့ လွှတ်တော်နဲ့ အစိုးရရဲ့ ဆက်ဆံရေး ပီပီပြင်ပြင်မဖြစ်သေးဘူးလို့ သတင်းတွေကို ကြည့်ပြီး ကောက်ချက်ချရမှာပဲ။ ဥပမာအားဖြင့် အစိုးရအဖွဲ့အနေနဲ့ လွှတ်တော်ကို သတင်းထုတ်ပြန်ရတာ၊ လွှတ်တော်နဲ့ အပြန်အလှန်ဆက်ဆံရတာတွေမှာ အပေးအယူဟန်ချက် တွေ လွဲနေသလားပဲ။ ဒါကလည်း အစပိုင်းဆိုတော့ နားလည်ပေးလို့ ရပါတယ်။ သာမန်ပြည်သူတွေရဲ့ ဘ၀မှာလည်း ဆန္ဒပြတာ
ကို သည်းခံလာတာ စပြီးတွေ့ရတယ်။ ဘယ်လောက်ထိ သည်းခံနိုင်သလဲ၊ တုံ့ပြန်မလဲဆိုတာကတော့ ကောက်ချက်ချဖို့ စောပါသေးတယ်။

ဒေါ်ချိုချိုကျော်ငြိမ်း
အတွင်းရေးမှူး ဒီမိုကရက်တစ်ပါတီ (မြန်မာ)

နိုင်ငံရေးကတော့ ဒီတစ်နှစ်အတွင်းမှာ ထူးထူးဆန်းဆန်းအရမ်းပြောင်း သွားတယ်။ ဒါပေမယ့် ကောင်းတဲ့ ပြောင်းလဲခြင်းတွေရှိသလို မကောင်းတဲ့ ပြောင်းလဲခြင်းတွေလည်းရှိတယ်။ ရွေးကောက်ပွဲမှာ ကျွန်မက ခါးသီးတဲ့ အတွေ့အကြုံတွေကို ခံလိုက်ရတယ်။ ဒီလို ခါးသီးပေမယ့် ဒီရွေးကောက်ပွဲ ကြောင့်ပေါ်လာတဲ့ လွှတ်တော်က အရေးကြီးတဲ့ဟာပဲ ပြောပြော၊ အရေးမကြီးတဲ့ဟာပဲ ပြောပြော လူတွေပြောချင်တာတွေကို အများကြီးမပြောနိုင်တာ တောင် နည်းနည်းပါးပါး ပြောနိုင်တဲ့အတွက် ဒီရွေးကောက်ပွဲဖြစ်ခဲ့တာကို ကျေးဇူးတင်တယ်။ ၀မ်းလည်းသာတယ်။ နောက်တစ်ချက်က ခုအစိုးရက သက်တမ်းနုပါသေးတယ်။ ပါလီမန် မှာ အရေးကြီးတာတွေ မပြောနိုင် သေးဘူး ဆိုပေမယ့် လုံးလုံးမပြောခဲ့ရတာထက် စာရင်တော့ အများကြီး တိုးတက်လာပြီလို့ အန်တီလက်ခံပါတယ်။ နောက်တစ်ရပ်က ဒေါ်စု၊ အန်တီက သူ့ကို လေးစားတယ်၊ ယုံကြည်တယ်၊ တိုင်းပြည်အတွက် လုပ်ဆောင်ပေးနိုင်မယ့် ခေါင်းဆောင်ကောင်းတစ်ယောက်လို့ ယုံကြည်တယ်။ အနှစ် ၅၀ ကျော် ဘာမှမလုပ်ခဲ့တဲ့ ယခင်ခေါင်းဆောင် တွေနဲ့ စာရင်တော့ ယခုခေါင်းဆောင်က တိုင်းပြည်နဲ့ လူမျိုးအပေါ် ကောင်းစေချင်တဲ့ ဆန္ဒရှိမလားလို့ မျှော်လင့်တယ်။ နိုင်ငံရေးသမား တစ်ယောက်အနေနဲ့ လက်ရှိအခြေအနေကို ကျေနပ်ပါတယ်။ အကုန်လုံးကို ခြုံပြောရရင်တော့ ဖြစ်ပေါ်နေတဲ့ အခြေအနေပေါ် သုံးသပ်ပြီး အကောင်းဘက်ကို ပြောင်းသွားမယ်လို့ မျှော်လင့်ပါတယ်။

ကျော်သူ
(သရုပ်ဆောင်၊ နာရေးကူညီမှုအသင်း(ရန်ကုန်)နှင့်သုခကုသိုလ်ဖြစ်ဆေးခန်းတို့၏ ဥက္ကဌ)

အရင်ထက်စာရင် လျင်လျင်မြန်မြန် နဲ့ အရေးပေါ် ကယ်ဆယ်ရေး ကိစ္စတွေကို လုပ်ဆောင်တာတွေ့ရတယ်။ ဥပမာ ပခုက္ကူ ရေဘေးပေါ့။ တိုးတက်မှုအနေနဲ့တော့ သမ္မတကြီး ဦးသိန်းစိန်ကိုယ်တိုင် ဒေါ် အောင်ဆန်းစုကြည်နဲ့တွေ့တယ်။ ဒါမျိုးက အရင်က မရှိဘူးလေ။ ဒါပေမယ့် ဘာတွေဆွေးနွေးသလဲဆိုတာကတော့ ကျွန်တော်တို့လည်း သိတာမဟုတ်ဘူး။ တွေ့တယ်ဆိုတာကတော့တိုးတက်မှုလေးတစ်ခုပေါ့။ လူမှုရေးအသင်းအဖွဲ့တွေအပေါ်မှာ အစိုးရအနေနဲ့ အရေးစိုက်သင့်ပြီ။ လူမှုရေးအသင်းအဖွဲ့တွေက ကိုယ်ကျိုးလုပ်တဲ့ အသင်းအဖွဲ့တွေမ ဟုတ်ဘူး။ နိုင်ငံတော်လူကြီးတွေ လုပ်ရမယ့်ကိစ္စတွေကို တစ်ဖက်တစ် လမ်းနဲ့ ပံ့ပိုးကူညီပေးနေကြတာ။

လူထု စိန်ဝင်း
(၀ါရင့်သတင်းစာဆရာ)

သိသာတဲ့ အပြောင်းအလဲဆိုတာကတော့ ဒေါ်အောင်ဆန်းစုကြည် လွတ်လာတယ်။ ဒါက အပေါင်းလက္ခဏာဆောင်တဲ့ အပြောင်းအလဲ။ နောက်တစ်ခါ ဧရာဝတီမြစ်ဆုံကိစ္စ၊ ပြည်သူလူထုရဲ့ ဆန္ဒကို အစိုးရက လိုက်လျောလာတယ်။ ဒါကလည်း အပေါင်းလက္ခဏာဆောင်တဲ့ အပြောင်းအလဲပေါ့။ တစ်ချိန်ထဲမှာပဲ အနုတ်လက္ခဏာဆောင်တဲ့ အရာတွေက ဆက်ရှိနေသေးတယ်။ အနှစ် ၆၀ ကျော် ပြည်တွင်းစစ်ဖြစ် လာတဲ့အတွက် တိုင်းပြည်မှာ ဘယ်လောက်ဒုက္ခတွေ ရောက်သလဲ ဆိုတာ လူတိုင်းသိပါတယ်။ ဒီပြည်တွင်းစစ်ရှိနေရင် တိုင်းပြည်လည်း မတိုးတက်နိုင်ဘူး၊ ဒီမိုကရေစီစနစ်လည်း မအောင်မြင် နိုင်ဘူး။ နှစ်အချက်က နှစ် ၆၀ကျော် တိုက်နေတဲ့ ပြည်တွင်း စစ်ကြီးက အခုထိတိုက်နေတုန်းပဲ။ အတိုက်အခိုက် ရပ်စဲထားတဲ့ အဖွဲ့တွေရှိတယ်၊ ဒါပေမယ့် အတိုက်အခိုက် ရပ်စဲတာက ငြိမ်းချမ်းရေး ရတာမဟုတ်ဘူး။ အဓိကက ပြည်တွင်းစစ်လုံးဝရပ်စဲပြီး တိုင်းရင်းသားတွေနဲ့ ငြိမ်းချမ်းရေး ပြန်လည်တည်ဆောက်ဖို့။ ဒါကို ခုချိန်ထိ မဆောင်ရွက်နိုင်သေးဘူး။ ကျွန်တော် မီဒီယာတွေမှာ ပြောခဲ့ပါတယ်။ အခုချိန်ထိ ဦးသိန်းစိန်အစိုးရကို မထောက်ခံသေးဘူးလို့။ စောင့်ကြည့်ဆဲပဲဖြစ်တယ်။ ဘာနဲ့စောင့်ကြည့်မလဲဆို တာက စံသုံးခုနဲ့ချိန်ပြီး စောင့်ကြည့်မယ်။ နံပါတ်တစ်က ယုံကြည်ချက်ကြောင့် ကျခံနေရတဲ့ အကျဉ်းသားတွေ လွတ်မလွတ်ဆိုတဲ့ စံ၊ နံပါတ်နှစ်က ပြည်တွင်းစစ်ကိုရပ်စဲပြီး ငြိမ်းချမ်းရေးရအောင် ချက်ချင်း လုပ်မလုပ်ဆိုတဲ့စံ၊ နံပါတ်သုံးကတော့ ဧရာဝတီမြစ်ဆုံကိစ္စ ဆက်လုပ် မလုပ်ဆိုတဲ့ စံသုံးခုနဲ့ချိန်ကြည့်မယ်လို့ ပြောခဲ့ တယ်။ ဒီသုံးခုမှာ မြစ်ဆုံကိစ္စကို အစိုးရက လိုက်လျောတဲ့ အတွက် အမှတ်တစ်မှတ် တော့ ပေးလိုက်တယ်။ လွတ်ငြိမ်းချမ်းသာခွင့်ပေးတဲ့အချိန်မှာ အဓိကပါရမယ့် သူတွေ ပါမလာဘူး။ ပါမလာတဲ့အတွက် အဲဒီမှာ အမှတ် တစ်မှတ် ရသင့်လျက်နဲ့ရမသွားဘူး။ သုံးမှတ်နဲ့ စောင့်ကြည့်တဲ့အထဲမှာ တစ်မှတ်ပဲရသေးတယ်။ ဒါကြောင့် ခုထိလည်း ဒီအစိုးရကို မထောက်ခံသေးဘူး။ ဆက်ပြီး စောင့်ကြည့်ဦးမယ်။ ခုနကပြောတဲ့နှစ်ခု ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးတယ်။ မြစ်ဆုံကိစ္စမှာ ပြည်သူ့ဆန္ဒလိုက်လျော တယ်။ ဒီနှစ်ခုက အရင်အစိုးရတွေက နှစ် ၅၀ လုံးလုံး မလုပ်ခဲ့တဲ့ အလုပ်တွေကို ဒီအစိုးရကလုပ်တာဖြစ်တဲ့ အတွက် ဒါက အပြုသဘောဆောင်တဲ့ အပေါင်း လက္ခဏာဆောင်တဲ့ လုပ်ရပ်တွေလို့ သဘောထားတယ်။

  1. No comments yet.
  1. No trackbacks yet.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

– လှုပ်ခတ်နေသောမှတ်စုများ (DVB) –

Categories

free counters