Home > Legislature, Pyidaungsu Hluttaw, State or Region Hluttaws > လွှတ်တော်အတွင်း တပ်မတော်သားနဲ့ အရပ်ဘက်ကိုယ်စားလှယ်များ အဆင်ပြေသည့် ဆက်ဆံရေးရှိနေဟုဆို

လွှတ်တော်အတွင်း တပ်မတော်သားနဲ့ အရပ်ဘက်ကိုယ်စားလှယ်များ အဆင်ပြေသည့် ဆက်ဆံရေးရှိနေဟုဆို

စန္ဒာလွင် (MT) အတွဲ ၂၈ ၊ အမှတ် ၅၄၄ ( ၁၈ – ၂၄ ၊ ၁၁ ၊ ၂၀၁၁)

အမျိုးသားလွှတ်တော်၌တက်ရောက်နေသည့် တပ်မတော်သား ကိုယ်စားလှယ် အချို့အား တွေ့ရစဉ်။
ဓာတ်ပုံ-ရွှေယင်းမာဦး

အရပ်ဘက် လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်တွေကြား ဆက်ဆံရေးနဲ့ ပတ်သက်ပြီး လွှတ်တော်တွေထဲမှာတင်းမာတဲ့ဝန်းကျင် အငွေ့အသက်မျိုးမရှိဘဲ အဆင်ပြေသောဆက်ဆံရေးရှိတယ်လို့ လွှတ်တော်သတင်း ရင်းမြစ်တွေက ပြောပါတယ်။

“အဆင်ပြေပါတယ်။ ပြဿနာမရှိပါဘူး။ တပ်မတော်သား ကိုယ်စား လှယ်တွေနဲ့ အရပ်ဘက် ကိုယ်စားလှယ်တွေကြား ကျွန်တော်တို့ ပြည်သူ့လွှတ်တော်မှာ တစ်ဖက်ကိုတစ်ဖက် ရှိန်နေတဲ့အငွေ့အသက် မျိုးမရှိပါဘူး။ အချင်းချင်း ပိုရင်းနှီးလာကြပါတယ်”လို့ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးစိုင်းသန်းနိုင်က ပြောပါတယ်။

ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်က တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ် ဗိုလ်မှူးဇော်မင်းမောင်ကလည်း သူတို့လွှတ်တော်အတွင်း အရပ်ဘက်နဲ့ တပ်မတော်သား ကိုယ်စားလှယ် ဆက်ဆံရေး အငွေ့အသက် ကောင်းတယ်လို့ ပြောပါတယ်။

“ကောင်းပါတယ်။ ဘာမှ ရှိန်နေတာတွေ၊ ဘာတွေ မရှိပါဘူး။ အားလုံးက နိုင်ငံကောင်းဖို့ပဲ စဉ်းစားနေကြတာပဲ”လို့ ပြောပါတယ်။

“တပ်မတော်နဲ့ အရပ်ဘက် ကိုယ်စားလှယ်တွေရဲ့ ဆက်ဆံရေး အဆင်ပြေပါတယ်။ ကျွန်တော်တို့ အမျိုးသားလွှတ်တော်မှာ အဲလို တင်းမာတာမျိုး မရှိပါဘူး”လို့ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာ အေးမောင်က ပြောပါတယ်။

“ဆက်ဆံရေး အဆင်မပြေတာမျိုး မရှိပါဘူး။ အရပ် ဘက်နဲ့ တပ်မတော်သားကိုယ်စားလှယ်တွေ စိတ်ဝင်စားမှုတူတဲ့ တချို့ အကြောင်းအရာတွေကို တိုင်ပင်နေကြတာမျိုးတောင် တွေ့ပါတယ်”လို့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသန်းညွန့်က ပြောပါတယ်။

လွှတ်တော်အတွင်း တပ်မတော်သားကိုယ်စားလှယ်များ ရှိရေး မရှိရေးဟာ ၂၀၀၈ ခုနှစ် အခြေခံဥပဒေအပေါ် အငြင်းအပွားဆုံး အချက်တစ်ချက် ဖြစ်ပါတယ်။ ပါတီစုံ ဒီမိုကရေစီစနစ်ကို အဓိကတောင်းတဲ့ ၁၉၈၈ အရေးအခင်း အပြီး ငါးနှစ်အကြာမှာ တပ်မတော် အစိုးရက အမျိုးသား ညီလာခံ ကျင်းပပြီး အခြေခံဥပဒေကို ၁၄ နှစ်ကြာရေးဆွဲ ကာ တပ်မတော်သားကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်း ပါတဲ့ လွှတ်တော်တွေနဲ့ နိုင်ငံရေးသုံးသပ်သူတွေရဲ့ အခေါ်အရ managed democratic system ဆိုတဲ့ စနစ်ကို ချခဲ့တယ်။

ရွေးကောက်ပွဲ ကျင်းပပြီး ၂၀၁၁၊ ဇန်န၀ါရီလ ၃၁ ရက်နေ့မှာ လွှတ်တော်အသီးသီး စခဲ့ပေမယ့် လွှတ်တော်လုပ်ငန်းမှာ တပ်မတော်သား ကိုယ်စားလှယ် တွေရဲ့ လွှမ်းမိုးမှု၊ စွက်ဖက်မှုတွေရှိကာ ဒီမိုကရေစီ အခြေခံ သဘောတရားတွေနဲ့ သွေဖယ်မှုများရှိမယ်ဆိုတဲ့ မှန်းဆချက်တွေ၊ စိုးရိမ်မှုတွေ ရှိခဲ့ကြပါတယ်။

ယခု လွှတ်တော်သက်တမ်း ၁၀ လ ရှိချိန်မှာတော့ လွှတ်တော်တွင်းဆွေးနွေးမှုတွေနဲ့ပတ်သက်ပြီး တပ်မတော်သားကိုယ်စားလှယ်တွေ မိမိသဘောထား ထင်မြင်ချက်အတိုင်း ဆွေးနွေးငြင်းခုံနိုင်တယ်၊ ဘယ်ကိစ္စရပ် ကို ဘယ်လို သဘောထားပေးရမယ်ဆိုတဲ့ ညွှန်ကြား ထားချက်မျိုး မရှိဘူးလို့ တပ်မတော်သား ကိုယ်စားလှယ် တချို့က ပြောပါတယ်။

“လွှတ်တော်ထဲ မဲပေးတာတွေ၊ ဆွေးနွေးတာတွေ အတွက် ညွှန်ကြားချက်ပေးထားတာတွေ မရှိပါဘူး။ ကိုယ့် သဘောထားနဲ့ကိုယ် ဆွေးနွေးတာပါ” လို့ ဗိုလ်မှူး ဇော်မင်းမောင်က ပြောပါတယ်။

“အဲလိုဘာသာရပ်တွေ ကျောင်း(စစ်တက္ကသိုလ်)မှာ သင်ရတယ်ဗျ” လို့လည်း သူက ပြောပါတယ်။ တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ်တွေကို လွှတ်တော်တစ်ခုစီရဲ့ အမတ်နေရာ ၂၅ ရာခိုင်နှုန်းဖြစ်တဲ့ ပြည်သူ့လွှတ်တော်အတွက် ၁၁၀ ဦး၊ အမျိုးသား လွှတ်တော် အတွက် ၅၆ ဦး၊ တိုင်းဒေသကြီးနဲ့ ပြည်နယ်လွှတ်တော် ၁၄ ခုအတွက် စုစုပေါင်း ၂၁၇ ဦးကို လွှတ်တော် စတင် ချိန်က တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဖြစ်တဲ့ ဗိုလ်ချုပ်မှူးကြီးသန်းရွှေက ခန့်ခဲ့ပါတယ်။

ရွေးချယ်ခန့်ထားခံရတဲ့ ကိုယ်စားလှယ်တွေဟာ လွှတ်တော်မစမီ နေပြည်တော်မှာ လွှတ်တော်လုပ်ထုံး လုပ်နည်း၊ သဘာဝတွေနဲ့ ပေါင်းကူးပေးတဲ့ ငါးရက်ကြာ သင်တန်းတက်ရတယ်။

“လွှတ်တော်မှာလည်း ကျွန်တော်တို့ရဲ့ အဓိကတာဝန်က တို့တာဝန် အရေးသုံးပါးပါပဲ”လို့ ဗိုလ်မှူးဇော်မင်းမောင်က ပြောပါတယ်။

တပ်မတော်သားကိုယ်စားလှယ်တွေဟာ ဥပဒေအရ တပ်မတော်ဘက်က လစာကိုဖြစ်စေ၊ သက်ဆိုင်ရာ လွှတ်တော်ကိုယ်စားလှယ် လစာကိုဖြစ်စေ နှစ်သက်ရာတစ်ခုကို ခံစားနိုင်ပါတယ်။ “ကျွန်တော်ကတော့ သိပ်လည်း မကွာဘူးဆိုတော့ တပ်မတော်က လစာကိုပဲ ယူတယ်”လို့ ဗိုလ်မှူးဇော်မင်း မောင်က ပြောပါတယ်။

လုပ်ငန်းတစ်ခုစီအလိုက်ဖွဲ့တဲ့ လွှတ်တော်ရေးရာ ကော်မတီတွေမှာလည်း တပ်မတော်သားကိုယ်စားလှယ်တွေကို မဖြစ်မနေ ထည့်ရမယ်ဆိုတဲ့ စည်းမျဉ်းမရှိဘဲ လုပ်ငန်းနဲ့လိုက်လျောသူတစ်ဦး နှစ်ဦးပါတာကလွဲရင် အရပ်ဘက်ကိုယ်စားလှယ်အများစုနဲ့ ဖွဲ့ထားတယ်လို့ လွှတ်တော် ကိုယ်စားလှယ်တွေက ပြောပါတယ်။

အမျိုးသားလွှတ်တော်ဆိုင်ရာ တပ်မတော်သား ကိုယ်စားလှယ် တစ်ဦးကို ဆက်သွယ်မေးတဲ့အခါမှာ ဘယ်လိုအကြောင်းအရာမျိုးကိုမှ မပြောဘဲ ငြင်းခဲ့ပေမယ့် လွှတ်တော်သတင်းထောက်တချို့နဲ့ အရပ်ဘက် လွှတ်တော်ကိုယ်စားလှယ်တချို့ကတော့ တပ်မတော်သား ကိုယ်စားလှယ်တွေဟာ တင်းကျပ်တဲ့အမိန့်၊ ညွှန်ကြားချက် တွေအတိုင်း လိုက်လုပ်ကိုင်ပုံထက် ဒီမိုကရက်တစ်ပုံစံ လုပ်ကိုင်ဖို့ ကြိုးစားပုံရတယ်လို့ ပြောပါတယ်။

“လွှတ်တော် ပထမအကြိမ်မှာတုန်းကတော့ တပ်မတော်သားကိုယ်စားလှယ်တွေက လွှတ်တော် လုပ်ငန်းစဉ်တွေနဲ့ နည်းနည်း အသား မကျသလိုထင်ရတယ်။ ဒါပေမယ့် အခု ဒုတိယအကြိမ်မှာ လွှတ်တော် ဆွေးနွေးမှုတွေမှာ ပိုပါဝင်လာသလို ဆွေးနွေးဖို့ ဥပဒေ စာအုပ် တွေဖတ်နေတာမျိုး သူတို့ဘာသာပြင်ဆင်ကြတာ မျိုးတွေ တွေ့ရတယ်”လို့ ပြည်သူ့လွှတ်တော်သတင်း သမားတစ်ဦးက ပြောတယ်။

ဒါပေမယ့် စစ်ဘက်အမူအကျင့်တချို့လည်း လွှတ်တော်တွင်း ပါလာတာရှိတယ်လို့ တချို့က သုံးသပ်ပါတယ်။

“တစ်ခုခု သဘောထားပေးဖို့ရှိရင် အရာရှိကြီးတွေရဲ့ အရိပ်အကဲကိုကြည့်ပြီးပေးတာမျိုးတွေ့ရတယ်”လို့ အမျိုးသားလွှတ်တော် သတင်းသမားတစ်ဦးက ပြောတယ်။

တပ်မတော်သားကိုယ်စားလှယ်တွေဟာ ယုံကြည်ချက် ကြောင့်အကျဉ်းကျခံရသူတွေ အပါအ၀င် အကျဉ်းသား လွတ်ငြိမ်းချမ်းသာခွင့် အဆိုကို ထောက်ခံဆွေးနွေးတဲ့အခါမှာ စောင့်ကြည့်လေ့လာသူတွေ အံ့ဩခဲ့ကြတယ်။ ဒါ့ပြင် လွှတ်တော်ထဲ ဆွေးနွေးတာ၊ သဘော ထားပေးဖို့ ဆုံးဖြတ် ချက်ချရာမှာ သူတို့လိုက်နာရတဲ့နောက်က တင်းတင်း ကျပ်ကျပ် ညွှန်ကြားထားချက်မျိုး မရှိဘူးဆိုတာကို မကြာ သေးခင်က လွှတ်တော်နှစ်ရပ်မှာ လုံးဝဆန့်ကျင် ဘက်ကျတဲ့ သဘောထားတစ်ရပ် ထွက်ခဲ့ချိန်တုန်းက ပိုထင်ရှားစွာ တွေ့ရပါတယ်။

ပြည်ထောင်စုလွှတ်တော်က အတည်ပြုပြီး ဥပဒေကို နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးဆီပို့မယ့် ပြည်ထောင်စု လွှတ်တော်ရဲ့ အဆုံးအဖြတ်နဲ့ပတ်သက်ပြီး တပ်မတော်သားကိုယ်စားလှယ်တွေအပါအ၀င် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် အားလုံးက ကန့်ကွက်ပြီး တပ်မတော်သား ကိုယ်စားလှယ်တွေအပါအ၀င် အမျိုးသား လွှတ်တော် ကိုယ်စားလှယ်အားလုံးက ထောက်ခံခဲ့တယ်။

“အဲတော့ ကျွန်တော်က တပ်မတော်သားကိုယ်စားလှယ် တစ်ယောက်ကို မေးတယ်။ ဘယ်လိုဖြစ်တာတုန်း။ ခင်ဗျားတို့က သဘော ထားတစ်ခုတည်းမဟုတ်ဘဲ ဘာလို့မတူဘဲ ဖြစ်နေတာတုန်းလို့။ အဲတော့ ‘ကျွန်တော် လည်း မသိတော့ပါဘူးဗျာ’လို့ ပြောတယ်” လို့ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဖုန်းမြင့်အောင်က ပြောပါတယ်။

ဦးဖုန်းမြင့်အောင်ကဆက်ပြီး ဒီဖြစ်ရပ်ကနေ တပ်မတော်သားကိုယ်စားလှယ်တွေ လွှတ်တော်တွင်း ရှိတာဟာ အခုလိုအချိန်အတွင်း လွှတ်တော်နဲ့တပ်မတော် အဖွဲ့အစည်းကြီးနှစ်ခုကြား သို့လောသို့လော အတွေးများနဲ့ သံသယတိုးမှုကိုလျော့စေလိမ့်မယ်လို့ သုံးသပ် တယ်။

“မဟုတ်ရင် တပ်က လူတွေကလည်း လွှတ်တော်ထဲ ဘာတွေဖြစ်နေပြီလဲနဲ့၊ လွှတ်တော် ကိုယ်စားလှယ်တွေ ကလည်း တပ်ကို ဘာတွေမှန်းမသိနဲ့ သံသယ တိုးစေလိမ့် မယ်”လို့ သူက ဆိုတယ်။ ဒေါက်တာအေးမောင်ကတော့ တပ်မတော်သား ကိုယ်စားလှယ် တွေကို ပိုပြီး ဒီမိုကရေစီနည်းလမ်းနဲ့ ညီစေချင်ပါတယ်။ “လျှို့ဝှက်မဲပေးစနစ်ရှိရင်တော့ တစ်ဦးချင်းရဲ့ သဘောထား အစစ်အမှန်ကို ပိုရနိုင်မှာဖြစ်တယ်” လို့ သူက ဆိုပါတယ်။

  1. No comments yet.
  1. No trackbacks yet.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

– လှုပ်ခတ်နေသောမှတ်စုများ (DVB) –

Categories

free counters