Home > Cabinet of Ministers, Government, Media > တစ်နှစ်အတွင်း မီဒီယာလောက အပြောင်းအလဲ တချို့ရှိလာသော်လည်း . . .

တစ်နှစ်အတွင်း မီဒီယာလောက အပြောင်းအလဲ တချို့ရှိလာသော်လည်း . . .

ရတနာထွန်း (MT) အတွဲ ၂၈ ၊ အမှတ် ၅၄၄ ( ၁၈ – ၂၄ ၊ ၁၁ ၊ ၂၀၁၁)

၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲအပြီး အနှစ် ၂၀ အတွင်း ပထမဆုံး ကျင်းပ သည့် ၂၀၁၀ ရွေးကောက်ပွဲအပြီးတွင် မီဒီယာ လောက အတွင်း အပြောင်းအလဲ တစ်ချို့်ရှိလာသော်လည်း ဖြစ်သင့်သည့် အနေအထားမျိုးမဟုတ်သေးကြောင်း သတင်းလောကသား တစ်ချို့က ဆိုသည်။

မြန်မာ့ဓနမဂ္ဂဇင်း၏ အယ်ဒီတာချုပ်ဖြစ်သူ ဦးသီဟစောက တစ်နှစ်အတွင်း ဖြစ်ပေါ်ခဲ့သည့် မီဒီယာလောက အခြေအနေများအရ မီဒီယာအပေါ် အစိုးရ အပါအ၀င် လူအများက အာရုံစူးစိုက်မှု ပိုလာသည်ဟု သုံးသပ်သည်။

“ရွေးကောက်ပွဲမတိုင်ခင်နဲ့ ရွေးကောက်ပွဲပြီးစက ဘာမှမဟုတ်သေးဘူး။ အစက မီဒီယာနဲ့အစိုးရက ကွာနေတာ။ နောက် ဒေါ်အောင်ဆန်းစုကြည်က သမ္မတနဲ့တွေ့တယ်။ အဲဒီနောက်ပိုင်းမှာ မီဒီယာတွေ ပိုပြီးရေးခွင့်ရလာတယ်။ မီဒီယာတွေရဲ့ အကျိုးသက်ရောက်မှုကလည်း ပိုလာတယ်”ဟု ၎င်းကပြောသည်။

အစိုးရပိုင်းမှ မီဒီယာ၏အသံကို နားထောင်မှုမှာ ယခင်ကထက်ပိုလာပြီး မီဒီယာနှင့် ရင်းနှီးမှုလည်း ပိုရှိလာသည်ဟု ၎င်းကပြောသည်။

“တစ်ချို့ဝန်ကြီးတွေဆိုရင် ကိစ္စတစ်ခုကို ဆုံးဖြတ်တော့မယ်ဆိုရင် အဲဒီကိစ္စနဲ့ ပတ်သက်ပြီး မီဒီယာတွေရဲ့အသံကို နားထောင်ပြီးမှ ဆုံးဖြတ်ချက်ချတယ်။ သူတို့ကလည်း မီဒီယာကို အရင်ကထက် အာရုံ ပိုစိုက်လာတဲ့သဘောမှာရှိတယ်။ မီဒီယာရဲ့အသုံးကျမှုကို သိလာတယ်။ မီဒီယာကလာတဲ့ သတင်းအချက်အလက်ကို သုံးရကောင်းမှန်း သိလာတယ်။ “တစ်ချို့ဝန်ကြီးတွေဆိုရင် မီဒီယာနဲ့ ရင်းနှီးမှု တော်တော်လေးရှိလာတယ်။ အရင်ကဆိုရင် တော်တော်လေးခက်တယ်။ အဆင့်ဆင့်သွားရတယ်။ အခု သူတို့တွေ ကိုယ်တိုင်က ပြောတယ်။ မီဒီယာဆိုလည်း ငယ်ငယ်ကြီးကြီး လက်ခံ ပြောတယ်ဆိုတော့ ဒီမိုကရေစီလုပ်ငန်းစဉ်မှာ ကောင်းတဲ့ လက္ခဏာပဲ”ဟု ၎င်းက ဆိုသည်။

သတင်းထောက်တစ်ဦးဖြစ်သည့် ကိုဝင်းဇော်လတ်က သတင်းမီဒီယာ သမားများ လွတ်လွတ်လပ်လပ် မဖြစ်သေးသည့် အခြေ အနေတွင် ရသလောက် လွတ်လပ်မှုကို အသုံးပြုပြီး ပြည်သူကို သတင်း အချက်အလက် ပေးသင့်သည်ဟု ဆိုသည်။

“လက်ရှိဖြစ်နေတာတွေအပေါ် သတင်းအချက်အလက်ပေးနိုင်တာက ပိုမြန် လာတယ်။ နည်းနည်းလုပ်ခွင့်ပိုရလာတော့ မြိုင်မြိုင် ဆိုင်ဆိုင်ဖြစ်လာတယ်။ အရင်၂၀၁၀ မတိုင်ခင်၊ ဒေါ်စုလည်း မလွတ်ခင်က အင်န်အယ်လ်ဒီမှာ လာသတင်းယူတာက ပြည်တွင်း မီဒီယာမရှိသလောက်နည်းပြီး ပြည်ပ မီဒီယာတွေချည်းပဲလေ။ ခုဆို ရေးသားဖော်ပြခွင့်ရလာတော့ ပြည်တွင်း မီဒီယာတွေလည်း သတင်းလာယူကြတယ်။ အခုလိုအကုန်လုံးယူပြီး အကုန်လုံးဖော်ပြခွင့်က ၇၀ရာခိုင်နှုန်းလောက် ရနေတော့ ဘာပဲဖြစ်ဖြစ် မြိုင်မြိုင် ဆိုင်ဆိုင်တော့ဖြစ်လာတာပေါ့။ တကယ့်လွတ်လပ်ခွင့်ကတော့ ကျွန်တော်အမြင်မှာ တစ်ရာမှာ ၂၅ လောက်ပဲရသေးတယ်။ အခု ပေးနေတာတွေကပေးလည်း ဘာမှမဖြစ်တာတွေလေ။ အမှန်လုပ်သင့်တာက အဲဒီအခြေအနေကို ကောင်းကောင်းအသုံးချဖို့ပါ”ဟု ၎င်းက ဆိုသည်။

လက်ရှိအခြေအနေတွင် သတင်းလောက၌ အပြောင်းအလဲများ ရှိလာသော် လည်း အဆိုပါအပြောင်းအလဲများကို ပြည်သူ့အကျိုး အတွက် အသုံးမပြုဘဲ တလွဲအသုံးပြုမှုများ တွေ့လာရသည်ဟု ၎င်းကဆိုသည်။

“အရင်ထက်စာရင် တစ်ချို့ဟာတွေ ရေးလို့သားလို့ရလာတယ်။ အဲဒါကို ဂျာနယ်တွေက လက်လွတ်စပယ် လုပ်လာတာတွေလည်း ရှိတယ်။ အဓိက အားဖြင့် ကျင့်ဝတ်ပိုင်းဆိုင်ရာမှာ အားနည်းတာတွေ တွေ့ရတယ်။ အခုလို နိုင်ငံရေးအပြောင်းအလဲမှာ ဘာ တွေဖြစ်နေသလဲဆိုတာ လူတွေကသိချင်တယ်။ ဒါပေမယ့် အချက်အလက်ပေးရမယ့်အစား လွတ်လပ်လာတဲ့ အခြေအနေပေါ်မှာ အဲဒီရေစီးကြောင်းလေးကိုစီးပြီး မြန်မာမီဒီယာတွေ အများစုက ဘာလုပ်နေလဲဆိုတော့ ငွေရှာနေတဲ့သဘောတွေ တွေ့တယ်။ အမှန်ကဒီအချိန်မှာလူတွေကေ၀၀ါးနေတာ၊ ဒီတော့ လူထုကို အချက်အလက်အမှန်တွေ ပေးရမှာ” ဟု ကိုဝင်းဇော်လတ်က ပြောသည်။

Weekly Eleven ဂျာနယ်၏ အယ်ဒီတာချုပ်ဖြစ်သည့် ကိုဝေဖြိုးကမူ လက်ရှိဖြစ်နေသော အပြောင်းအလဲများသည် လွန်ခဲ့သော နှစ်များနှင့်ယှဉ်လျှင် ပြောင်းလဲသည်ဟု ဆိုသော်လည်း တကယ်ဖြစ်သင့်သည့်အခြေအနေသို့ မရောက်သေးဟုဆိုသည်။

  1. No comments yet.
  1. No trackbacks yet.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

– လှုပ်ခတ်နေသောမှတ်စုများ (DVB) –

Categories

free counters