Home > E-Policy, Economic, Government, Local > စနစ်ပြောင်းသည်ကို နားမလည်သေးသည့် ဗျူရိုကရက်များ အောက်ခြေတွင်ရှိနေသေး

စနစ်ပြောင်းသည်ကို နားမလည်သေးသည့် ဗျူရိုကရက်များ အောက်ခြေတွင်ရှိနေသေး

အေးသီတာကျော် (MT) အတွဲ ၂၈ ၊ အမှတ် ၅၄၄ ( ၁၈ – ၂၄ ၊ ၁၁ ၊ ၂၀၁၁)

ရွေးကောက်ပွဲ တစ်နှစ်ပြည့်ချိန်တွင် စီးပွားရေးနယ်ပယ်၌ ပြောင်းလဲမှုများ ဆက်တိုက်ပေါ်ပေါက်နေပြီး ကုန်သည်များနှင့် စီးပွားရေးလုပ်ငန်းရှင်များအတွက် အတားအဆီးများလည်း လျော့ကျသွားခဲ့သည် ဟု စီးပွားရေးအသိုင်းအ၀ိုင်းက ပြောသည်။

ယခုဘဏ္ဍာနှစ်မှစကာ ကုန်သွယ်ခွန်ကို ခြောက်လတာအထိ နှစ်ကြိမ်တိုင်လျှော့ချပေးခြင်း၊ တရားဝင်နိုင်ငံခြားငွေလဲကောင်တာများ ဖွင့်လှစ်ခြင်း၊ နိုင်ငံခြားဘဏ်စနစ် အကောင်အထည် စတင်ဖော်ဆောင်ခြင်းနှင့် ကားတင်သွင်းခွင့်ပေးခြင်းစသည့် သိသာ ထင်ရှား သော ပြောင်းလဲမှုတို့သည် နိုင်ငံ့ စီးပွားရေးကို ကြီးမားသောဂယက် ဖြစ်စေခဲ့ သည်ဟု ၎င်းက သုံးသပ်သည်။

“အစိုးရသစ်က ဥပဒေပြုတဲ့နေရာမှာ အဟောင်းကိုလည်း အလွယ်တကူပယ်ဖျက်ခြင်း မလုပ်ဘဲ ပြန်သုံးသပ်တယ်။တစ်လှမ်းချင်း လုပ်ဆောင်နေတဲ့အတွက် နေရိပ်ထဲတော့ တန်းမရောက်နိုင်ဘူးပေါ့။ နိုင်ငံရေးပဲဖြစ်ဖြစ်၊ စီးပွားရေးပဲဖြစ်ဖြစ် စုံခုန်လို့မရနိုင်ဘူး။ တစ်လှမ်းချင်း သွားတာကမှန်မှန်လေးရောက်နိုင် မယ်”ဟု စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ မူဝါဒတစ်မျိုးမှတစ်မျိုးသို့ မြန်မြန်ဆန်ဆန် ပြောင်းလဲလိုက်လျှင် နှစ်ဦးနှစ်ဖက် ထိခိုက်နိုင် ကြောင်း၊ နိုင်ငံ၏မူဝါဒ မတည်ငြိမ်သဖြင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများကလည်း စောင့် ကြည့်ခဲ့ကြကြောင်းနှင့် ဂျပန်နိုင်ငံ၏ တိုယိုတာ ကားကုမ္ပဏီနှင့် အချိုမှုန့်ကုမ္ပဏီများ ပြည်တွင်း ရင်းနှီးမြှုပ်နှံမှုမှ နုတ်ထွက်သွားကြောင်း၊ သို့သော် ယခုထင်သာမြင်သာအခြေအနေ ရောက်လာ ချိန်တွင် ပြည်တွင်းသို့ ပြန်ဝင်လာ ရန် ဆန္ဒရှိနိုင်ကြောင်း ၎င်းက ပြောသည်။

“အကူးအပြောင်းကာလမှာ အချိန်ပေး ရတယ်။ အစိုးရ၀န်ထမ်းတွေရဲ့ လေ့ကျင့်ရေး မပြည့်ဝမှုတွေလည်းရှိတယ်။ လက်တွေ့နယ်ပယ် ထဲမှာ ရင်ဆိုင်နေရတဲ့သူတွေအနေနဲ့ အရင် အကျင့်တွေ မပျောက်သေးဘူး။ ဒါတွေကိုဖြည်း ဖြည်းချင်း ကူးပြောင်းရမှာပဲ။ ၁၀၀ ရာခိုင်နှုန်း တော့ မပျောက်သေးဘူးပေါ့”ဟု ၎င်းက ပြောသည်။

မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှု လုပ်ငန်းရှင်အသင်းချုပ် ဒုတိယဥက္ကဋ္ဌ ဦးလှမောင်ရွှေက “အစိုးရသစ်ရဲ့ အားသာချက် က အခြေခံဥပဒေအတိုင်း ဆောင်ရွက်လာတာ။ ဒီမှာ ပိုပြီးပွင့်လင်းမြင်သာလာတာနဲ့အမျှ နိုင်ငံရဲ့ ဂုဏ်သိက္ခာလည်းတက်လာမယ်။ ရင်းနှီးမြှုပ်နှံမှုတွေလည်း ပိုပြီး ၀င်ရောက်လာဖို့ မျှော်လင့်ရတယ်” ဟု ၎င်းက ပြောသည်။ သို့သော် ငွေကြေးနှင့် ဘဏ်စနစ်ကဲ့သို့ သော ဒေါက်တိုင်များ ပိုမို အားကောင်းလာဖို့ တော့ လိုအပ်ကြောင်း ၎င်းက ပြောသည်။

“အခြေခံဥပဒေ ပြဋ္ဌာန်းချက်တွေကို ပိုကောင်းအောင်လုပ်နိုင်တယ်၊ မလုပ်နိုင်ဘူး ဆိုတာ လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ အရည်အချင်းပေါ်လည်း မူတည်တယ်။အားလုံးကကြိုးစားပြီး ဆောင်ရွက်နေတာကို တွေ့ရတယ်။ တချို့က အားမလိုအားမရ ဖြစ်နေတာလည်း ရှိတယ်”ဟု၎င်းကပြောသည်။

အစိုးရသစ်လက်ထက်တွင် နိုင်ငံရေး၊ စီးပွားရေး ပြုပြင်ပြောင်းလဲမှုများ လုပ်မည်ဟု သမ္မတ၏မိန့်ခွန်းထဲတွင်ပါသည့်အတိုင်းလုပ်သင့် လုပ်ထိုက်တာများ လုပ်နေပြီးတိုးတက်ပြောင်းလဲမှုမှာလည်း သိသာကြောင်း စီးပွားကူးသန်း ဂျာနယ်တွင် ဆောင်းပါးများ ရေးသားနေသော စီးပွားရေးပညာရှင် ဦးဟန်ထွန်း(အခွန်)က ပြောသည်။

၎င်းက ယခုဘဏ္ဍာနှစ်မှ စတင်ကာ အစိုးရ သစ်၏လုပ်ဆောင်ချက်များဖြစ်သော ကုန်သွယ် ခွန်များ လျှော့ချပေးခြင်း၊ ကား တင်သွင်းခွင့်ပေး ခြင်းတို့ကို ရည်ရွယ်၍ ပြောခြင်းဖြစ်သည်။ “စီးပွားရေး၊ နိုင်ငံရေးပြုပြင်ပြောင်းလဲမှု တွေဟာ နေ့ချင်းညချင်း မဖြစ်နိုင်ဘူး။ အချိန် ပေးရမယ်။ အစိုးရသစ်က ပြုပြင်တာ အားရစရာ ကောင်းပါတယ်။ ဒီထက်ပိုပြီး အရှိန်အဟုန်မြန်လာရင်တော့ ပြည်သူလူထု က ပိုပြီးအားရမှာပါ”ဟု ၎င်းက ပြောသည်။

“လက်ရှိ အစိုးရအဖွဲ့သစ်ရဲ့ အားသာချက် က လွှတ်တော်ရှိနေတော့ ပြည်သူရဲ့အသံကို နားထောင်နိုင်တယ်။ ပြည်သူကလည်း ကိုယ်စားလှယ်တွေကတစ်ဆင့် ပြောချင်တာ တွေ ပြောခွင့်ရထားတယ်။ လွတ်လပ်စွာ ထုတ်ဖော်ခွင့် ပိုရလာတယ်။ အခုလို တရားဝင် တင်ပြလာနိုင်တာ ထူးခြားတဲ့အချက်ပဲ”ဟု ၎င်းက ပြောသည်။

ထိုကဲ့သို့ ပြုပြင်ပြောင်းလဲမှုများ အကောင် အထည်ပေါ်လာချိန်တွင် သဘာဝပတ်ဝန်းကျင် ကို ထိခိုက်မှုမဖြစ်စေသော ဒေသတွင်း ရင်းနှီးမြှုပ်နှံမှုများပိုမိုဝင်ရောက်လာစေရန်နှင့် လာရောက်ရင်းနှီးမြှုပ်နှံသော နိုင်ငံများတွင် ဒေသတွင်းနိုင်ငံများသာမက စက်မှုဖွံ့ဖြိုးပြီး အနောက်နိုင်ငံများလည်း ပါသင့်ကြောင်း ၎င်းက ပြောသည်။

“ဒီ စီမံအဆောက်အအုံမှာ လူတွေ မပြောင်းလဲဘူး၊ မူပဲပြောင်းတာ။ ပြောင်းလဲတဲ့ မူကို အလွယ်တကူ လက်ခံချင်တဲ့သူရှိသလို ခက်ခဲတဲ့လူလည်းရှိတယ်။ ကြိုးနီစနစ်၊ အမိန့်ပေးစနစ်တွေ၊ အကျင့်ပျက် လုပ်ထုံး လုပ်နည်းဟောင်းတွေကို ဖက်တွယ်ထားတဲ့ သူတွေလည်း ကျန်နေသေးတယ်”ဟု ၎င်းက ပြောသည်။

ကုလသမဂ္ဂ၀ါရင့်အကြံပေး ဒေါက်တာ အောင်ထွန်းသက်က စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် ပုဂ္ဂလိကအခန်းကဏ္ဍကို ပိုမို အားပေးရမည်ဖြစ်ကြောင်း ဆိုသည်။

“ပုဂ္ဂလိကအခန်းကဏ္ဍတွေမှာ နိုင်ငံတော် အစိုးရက စီးပွားရေးလုပ်ငန်းရှင်တွေ လုပ်သာ ကိုင်သာရှိအောင် ၀င်ထိန်းပေးဖို့လိုတယ်။ ၀င်လုပ်ဖို့မဟုတ်ဘူး”ဟု ၎င်းက ပြောသည်။

“အစိုးရက ဆင်းရဲနွမ်းပါးမှု ပပျောက်ရေး၊ ကျေးလက်ဒေသ ဖွံ့ဖြိုးရေးအတွက် စီးပွားရေး လုပ်ငန်းရှင်တွေနဲ့ တိုင်တိုင်ပင်ပင် ရှိလာတယ်။ ပြုပြင်ပြောင်းလဲမှု စတင်လာပြီလို့ ပြောလို့ရ တယ်။ ငွေကြေးဆိုင်ရာ ပြုပြင်ပြောင်းလဲမှု တွေတော့ ပီပီပြင်ပြင် မရှိသေးဘူး။ အပေါင်း ရှိသလို နုတ်တာလည်းရှိတယ်လို့ ပြောလို့ရတယ်။ ဒီတော့ အပေါင်းဘက် များများဖြစ်အောင် စီးပွားရေး လုပ်တဲ့အခါမှာ တကယ်လုပ်တတ်တဲ့သူတွေ လုပ်ဖို့လိုတယ်။ အခွန်ကိစ္စတွေကိုလည်း ပြန်သုံးသပ်ဖို့လိုတယ်”ဟု ၎င်းက ပြောသည်။

“စီးပွားရေးရဲ့ အနှစ်သာရက အပြင်ကလူ ၀င်ထိန်းရင် ဈေးကွက်ပျက်တာပဲ။ ကုန်ဈေးနှုန်း တက်တာ စိတ်ပူလို့သွားထိန်းရင် ထုတ်ချင်တဲ့ သူက များများထုတ်လို့ မရတော့ဘူး။ ဒီတော့ ထုတ်ချင်တဲ့သူက များများထုတ်လုပ်လို့ရအောင်၊ ဈေးကျသွားအောင် ရေရှည်အတွက် စဉ်းစားဖို့ လိုတယ်။ စီးပွားရေးပုံစံက နီးစပ်တဲ့ပုံစံနဲ့လုပ်လို့ မရဘူး။ ဟိုနေရာမှာ မီးလောင်၊ အဲဒီနေရာ သွားငြှိမ်း လုပ်လို့မရဘူး”ဟု ၎င်းက ပြောသည်။

မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှု လက်မှု လုပ်ငန်းရှင်များအသင်းချုပ်မှ တာဝန်ရှိသူတစ်ဦးက အစိုးရ၏ ပြောင်းလဲမှု အပေါ် ဌာနဆိုင်ရာအချို့မှ တာဝန်ရှိသူများက လိုက်မလာနိုင်ကြောင်း ပြောသည်။

“အပေါ်ပိုင်း အဆောက်အအုံက ပြောင်းလဲသင့်သလောက် ပြောင်းလဲနေပြီ။ ၀န်ကြီးဦးစိုးသိန်းတို့လို၊ဦးအောင်မင်းတို့လိုမျိုး ပေါ့။ တချို့လည်းပြောင်းလဲဖို့ ကြိုးစားနေ ကြတယ်။ ဒါပေမယ့် အောက်ခြေမှာ ပုံစံပြောင်း တာကို နားမလည်တဲ့ ဗျူရိုကရေစီယန္တရားတွေ ရှိနေသေးတယ်။ တချို့ဌာနအတော်တော် များများက ညွှန်ချုပ်၊ ညွှန်မဈးအဆင့် တာဝန်ရှိသူတွေက ပြောင်းလဲတယ်လို့တောင် မယုံကြဘူး”ဟု အဆိုပါ တာဝန်ရှိသူက ပြောသည်။

  1. No comments yet.
  1. No trackbacks yet.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

– လှုပ်ခတ်နေသောမှတ်စုများ (DVB) –

Categories

free counters