Home > E-Policy, Economic, Professionals > မြန်မာနိုင်ငံအတွက် ငွေကြေးကဏ္ဍဖွံ့ဖြိုးရေး နည်းလမ်းကို တစ်ခွန်းတည်းပြောရင် ‘စည်းမျဉ်းတွေကိုလျှော့ခြင်း’ ပဲ

မြန်မာနိုင်ငံအတွက် ငွေကြေးကဏ္ဍဖွံ့ဖြိုးရေး နည်းလမ်းကို တစ်ခွန်းတည်းပြောရင် ‘စည်းမျဉ်းတွေကိုလျှော့ခြင်း’ ပဲ

– ဒေါက်တာ ဆီးဘဲလ်

စန္ဒာလွင် (MT) အတွဲ ၂၈ ၊ အမှတ် ၅၄၄ ( ၁၈ – ၂၄ ၊ ၁၁ ၊ ၂၀၁၁)

ကျေးလက်ဒေသ အသေးစားငွေကြေး လုပ်ငန်းဆိုင်ရာ ပါရဂူတစ်ဦးဖြစ်သည့် Dr. Hans Deiter Seibel သည် ဂျာမနီ နိုင်ငံ၊ University of Cologne မှ ဂုဏ် ထူးဆောင် ပါမောက္ခတစ်ဦးဖြစ်ပြီး လူဇင်ဘတ်မြို့ရှိ European Microfinance Platform တွင် ဘုတ်အဖွဲ့ဝင်တစ်ဦးလည်းဖြစ်သည်။

မြန်မာနိုင်ငံ၏ ငွေကြေးကဏ္ဍ ဖွံ့ဖြိုးရေး အတွက် ပညာရပ်ဆိုင်ရာ အထောက် အကူပေးရန် လာရောက်သည့် အီးယူ ကိုယ်စားလှယ် အဖွဲ့တွင် ပါဝင်ပြီး နိုဝင် ဘာလ ၇ ရက်မှ ၈ ရက်အထိ ရန်ကုန် မြို့ ချက်ထရီယမ်ဟိုတယ်တွင် ကျင်းပ သည့် ငွေကြေးဆိုင်ရာ အလုပ်ရုံဆွေးနွေး ပွဲ၌ Role of the Financial Sector in Supporting Economic Growth and Poverty Reduction စာတမ်းကို ဖတ်ကြားခဲ့သည်။

စာတမ်းဖတ်အပြီးတွင် မြန်မာနိုင်ငံ၏ငွေကြေးကဏ္ဍ ဖွံ့ဖြိုးရေးနှင့်ပတ်သက်၍ မြန်မာတိုင်း(မ်)က ၎င်းနှင့် တွေ့ဆုံမေးမြန်းခဲ့သည်။

* ပထမဆုံး လက်ရှိမြန်မာနိုင်ငံရဲ့ ငွေကြေးကဏ္ဍအနေအထားအပေါ် ဆရာ့သုံးသပ်ချက်ကို သိပါရစေ။

မြန်မာနိုင်ငံမှာ ငွေကြေးကဏ္ဍ လည် ပတ်နေတာဟာ သူ့ဖွံ့ဖြိုးနိုင်ခြေရှိတာအောက် အများကြီးလျော့တယ်။ ဒါ အဓိကတော့ အစိုးရ စည်းမျဉ်းဥပဒေတွေက ချုပ်နှောင်ထားလို့ ဖြစ်နေပုံပဲ။ ဘဏ်လုပ်ငန်းကဏ္ဍ၊ ဗဟိုဘဏ်၊ အသေး စား ငွေကြေးအဖွဲ့အစည်းတွေပါတဲ့ ငွေကြေးကဏ္ဍရဲ့ ဖြစ်ထွန်းနိုင်စွမ်းကို တင်းကျပ်တဲ့ စည်းမျဉ်းဥပဒေတွေချပြီး ကန့်သတ်ထားတယ်။ ကောင်းမွန်တဲ့ စည်းမျဉ်း ထိန်းညှိမှု၊ ကြီးကြပ်မှုမျိုး မဟုတ်ဘူး။

* ဆရာလက်ခံတဲ့ ငွေကြေးကဏ္ဍ ယန္တရားလည်ပတ်ပုံ အခြေခံသဘော တရားကိုလည်း ဦးစွာသိပါရစေ။

ငွေကြေးကဏ္ဍရဲ့ အခြေခံသဘော တရားက ငွေကြေးများကို ကြားခံဆက် သွယ်ပေးခြင်းပဲ။ ကြားခံဆိုတာ တစ်ဖက်က အပ်ငွေကို ရှာတယ်၊ ပြီး ချေးငွေအဖြစ် ပြောင်းတယ်။ ဒီနှစ်ခုကြား ချိတ်ဆက်မှု တော့ ရှိတာပေါ့။ ဒီနှစ်ခုမှာလည်း ငွေချေးခြင်းကို အသားမပေးဘဲ ငွေအပ်ခြင်းကို အသားပေးခြင်းဖြင့် ရတဲ့အကျိုးကျေးဇူးကြီးက အပ်ငွေတွေ အကန့်အသတ်မရှိ ရခြင်းပဲ။ အပ်ငွေတိုးပြီဆိုမှတော့ ငွေချေးမှုလည်း တိုးတာပဲ။ နောက်တစ်ခု ရှိသေးတယ်။ ဘဏ်တစ်ဘဏ်ဟာ အပ်ငွေယူလိုက်ရင် အဲဒီဘဏ်ဟာ အဲဒီငွေအပ်သူတွေဆီ တာဝန်ခံတယ်။ ဆိုလိုတာက အပ်ငွေတွေ ကို ပြန်ပေးနိုင်အောင် ချေးငွေတွေကို လည်း ပြန်ရဖို့သေချာအောင် သူလုပ် တော့မှာပေါ့။

* မြန်မာနိုင်ငံရဲ့ ငွေကြေးကဏ္ဍ ဖွံ့ဖြိုး ဖို့အတွက် ဘာကို အရေးအကြီးဆုံးထား လုပ်ရမယ်လို့ယူဆပါသလဲ။

အင်း..စည်းမျဉ်းတွေကို လျှော့ခြင်းပဲ။ တစ်လုံးတည်းပြောရင် အဲဒါ စည်းမျဉ်းတွေကိုလျှော့ခြင်း (Liberalization) ပဲ။ ဗဟိုဘဏ်ကို သူ့ဘာသာ ဆုံးဖြတ်လုပ် ကိုင်ခွင့် ပေးရမယ်။ ဘဏ်တွေကို၊ အသေးစား ငွေကြေးအဖွဲ့အစည်းတွေကို၊ ကျေး ရွာရန်ပုံငွေအဖွဲ့တွေကို သူတို့ဘာသာ ဆုံးဖြတ်လုပ်ခွင့်ပေးလိုက်။ ဆုံးဖြတ် လုပ်ခွင့်ဆိုတာ စီမံခန့်ခွဲရာမှာ၊ အတိုးနှုန်း ဆုံးဖြတ်ရာမှာ၊ ငွေကြေးလုပ်ငန်းပိုင်း လုပ်ငန်းစဉ်တစ်လျှောက်လုံးမှာ သူတို့ ဘာသာ ဆုံးဖြတ်လုပ်ကိုင်ခွင့်ပေးရ မယ်။ ငွေကြေးကဏ္ဍ စီမံခန့်ခွဲရေးဟာ အစိုးရရဲ့အလုပ် မဟုတ်ဘူး။ ဒါက နိုင်ငံပေါင်း ဒါဇင်ပေါင်း၊ ဒါဇင်ပေါင်းများစွာရဲ့ အတွေ့အကြုံ ဖြစ်ပါတယ်။ ဒီစည်းမျဉ်းကို မလိုက်နာတဲ့အတွက် ဖွံ့ဖြိုးမှု နောက်ကျခြင်းဆိုတဲ့ တန်ဖိုးအကြီးကြီးကို ပေးခဲ့ရပြီ။ လူဆင်းရဲတွေကို ပိုဆင်းရဲစေတယ်။ နိုင်ငံကို ဆင်းရဲစေတယ်။ ငွေကြေး ကဏ္ဍကို ပိုချို့ငဲ့စေတယ်။

* အခု မြန်မာနိုင်ငံမှာ ဆင်းရဲမွဲတေမှု လျှော့ချရေး လက်နက်တစ်ခုအဖြစ် အသေးစား ငွေကြေးလုပ်ငန်းကို တွန်းအားပေး ဆောင်ရွက်တယ်။ အဲဒီအပိုင်းနဲ့ ပတ်သက်ပြီးရော ဘယ်လို သဘောထားရှိပါသလဲ။

စည်းမျဉ်းတွေလျှော့ခြင်းဟာ အသေးစား ငွေကြေးလုပ်ငန်းအတွက်လည်း ပါတယ်။ အသေးစားငွေကြေးလုပ်ငန်း ဥပဒေ မကြာခင် လွှတ်တော်ကို ရောက်တော့မယ်လို့ သိရတယ်။ ဥပဒေမှာ .. ကျွန်တော်နားလည်တာက အသေးစား ငွေကြေး လုပ်ငန်းမှာ အတိုးနှုန်း လျှော့တာဟာ ဒီလုပ်ငန်းရဲ့ ကြီးထွားမှုကို ဟန့်တား လိုက်တာနဲ့ အတူတူပဲ။ တို့ လိုအပ်တာက အသေးစား ငွေကြေးလုပ်ငန်း အဖွဲ့ အစည်းတွေ ကြီးထွားဖို့၊ ကျယ်ကျယ် ပြန့်ပြန့် ရောက်ဖို့ဖြစ်တယ်။ ဒါမှ ကျေးလက် ဒေသတွေကလူတွေ ကိုယ့်ဒေသက ငွေကြေး အဖွဲ့အစည်းငယ် (ဒေသဘဏ်အသေးစား)တွေမှာ စုငွေ အပ်နိုင်၊ ချေးငွေရနိုင်လာမယ်။ ဒါတွေ တင်မက အာမခံထားလို့ ရလာမယ်။ ငွေပေး ငွေယူ၊ ငွေလွှဲတွေလုပ်နိုင်မယ်။ ဒုတိယအချက်က အသေးစားငွေချေး လုပ်ငန်း လုပ်ကိုင်ခွင့်ကို ကန့်သတ်တာဟာ သိပ် အန္တရာယ်ကြီးတယ်။ ဒီလုပ်ငန်းကို ငွေကြေးအဖွဲ့အစည်းတိုင်းကို လုပ်ခွင့်ပေးရမယ်။ PACT Myanmar လို အသေးစား ငွေကြေး အဖွဲ့အစည်းတွေ၊ ကျေးရွာရန်ပုံငွေအဖွဲ့တွေကို လုပ်ခွင့် ပေးရမယ်။ စီးပွားရေးဘဏ်ကြီးတွေကို လုပ်ခွင့်မပေးတာဟာ ဒီလုပ်ငန်း ကနေ ဒီအားကောင်းတဲ့ အဖွဲ့အစည်းကြီးတွေကို ဖယ်ထုတ်ထားတာပဲ။ အစိုးရဟာ ဗီယက်နမ်၊ အင်ဒိုနီးရှား၊ မလေးရှား ဒေသတွင်း နိုင်ငံတွေနဲ့ ဆွေးနွေးကြည့် သင့်တယ်။ အဲဒီနိုင်ငံတွေမှာ မှားယွင်းတဲ့၊ မသင့်လျော်တဲ့ အစီအမံတွေကြောင့် တန်ဖိုးကြီးကြီး ပေးခဲ့ရတဲ့ အတွေ့အကြုံ တွေ ရှိတယ်။

* အဲဒီအခြေအနေတွေကို ပြုပြင်တဲ့အခါ အဓိက စိန်ခေါ်မှုတွေကရော ဘာတွေဖြစ်မလဲ။

အဓိကစိန်ခေါ်မှုက Political Will ကိုပဲ ပြန်ရောက်မှာပဲ။ ငွေကြေးအဖွဲ့ အစည်းတွေကို ပြုပြင်ဖို့၊ စနစ်ပိုင်းမှာ စည်းမျဉ်းတွေ လျှော့ဖို့၊ ဗဟိုဘဏ်ကို ပိုကြံ့ခိုင်အောင်လုပ်ဖို့၊ ပုဂ္ဂလိကဘဏ်တွေ၊ အများပိုင်ဘဏ်တွေ၊ အစိုးရဘဏ်တွေ၊ အသေးစား ငွေကြေးအဖွဲ့အစည်း တွေကို ပိုအားကောင်းစေဖို့ အစိုးရမှာ Political Will ရှိအောင် လုပ်ရမှာပဲ။ Political Will က ကိစ္စတိုင်းအတွက် သော့ချက်ပဲ။ Political Will ရှိဖို့ အစိုးရကို တော်တဲ့ အကြံပေးပညာရှင်တွေက အကြံကောင်း ဉာဏ်ကောင်းတွေပေးဖို့ပဲ။ ဒီနိုင်ငံမှာ တော်တဲ့အကြံပေး ပညာရှင်တွေ အများကြီးရှိပါတယ်။

* မြန်မာနိုင်ငံအတွက် သင့်တော်တဲ့ လုပ်နည်းလုပ်ဟန်မျိုး ထပ်ရှာဖွေဖို့ လိုပါသလား။

မှန်ပါတယ်။ မြန်မာနိုင်ငံမှာလည်း လေ့လာမှုတွေလုပ်ဖို့ သိပ်အရေးကြီးပါတယ်။ ဒါပေမယ့် ဒေသတွင်းနဲ့ တခြားနိုင်ငံတွေရဲ့ လေ့လာမှု တွေနဲ့လည်း ယှဉ် ပြီး ကြည့်တာပေါ့။ ဒေသတွင်းနိုင်ငံ များစွာဟာလည်း အတွေ့အကြုံ အကောင်းတွေရော၊ အဆိုးတွေကိုရော ဖြတ်သန်းလာခဲ့ရတာပဲ။ မြန်မာနိုင်ငံ အကြောင်း ကျွန်တော်တို့ပြောတဲ့အခါ နည်းပညာ မှန်မှန်ကန်ကန်ဖြစ်ဖို့ ကျွန်တော်တို့ ဂရုစိုက် ရပါတယ်။

* မြန်မာနိုင်ငံရဲ့ငွေကြေးကဏ္ဍ တိုး တက်ဖွံ့ဖြိုးနိုင်ခြေအနေအထားကိုရော ဘယ်လိုသုံးသပ်ပါသလဲ။

အင်း .. ဒီအတွက်တော့ အဖြေမရှိဘူး။ အစိုးရရဲ့ Political Will ၊ ကဏ္ဍတွင်းက တခြားပါဝင်သူတွေနဲ့ ဆက်နွှယ်တဲ့ အခြေအနေ၊ ဆွေးနွေးညှိနှိုင်းမှုဖြစ်စဉ်တွေ အားလုံးအပေါ် မူတည်နေတာဆိုတော့။ ဒါပေမယ့် ကျွန်တော်တို့ တစ်ခု သိရမှာက ငွေကြေးက ဖွံ့ဖြိုး တိုးတက်ဖို့ ဆိုတာ တစ်နှစ် နှစ်နှစ်နဲ့ လုပ်နိုင်တာမျိုး မဟုတ်ဘူး။ ဆယ်စုနှစ်ချီ လုပ်ရတာမျိုး ဖြစ်တယ်။ ဖွံ့ဖြိုးရေး၊ စီးပွားတိုးတက် ရေး၊ ဘဏ်လုပ်ငန်း ကဏ္ဍဖွံ့ဖြိုးရေးတို့ဆိုတာ ရှည်လျားတဲ့ လုပ်ငန်းစဉ်ကြီးပဲ။ ဒါပေမယ့် တချို့နိုင်ငံတွေမှာ ဈေးကွက်ဖွင့်တာ၊ ဈေးကွက်စီးပွားရေးစနစ် စတည်ဆောက်တာ၊ သိပ်ထိရောက်တဲ့ ပူးပေါင်းဆောင်ရွက်မှုတွေ စလုပ်တာ၊ ဘဏ်လုပ်ငန်းကဏ္ဍ ပြုပြင် တာတွေကို အဆုံးအဖြတ်တွေ အလွန်ကို မြန်မြန်ချ၊ မြန်မြန်အကောင်အထည်ဖော်တာလည်း တွေ့ဖူးတာပါပဲ။ ဗီယက်နမ်ပေါ့။ ဗီယက်နမ်မှာ အစိုးရနဲ့ ဗဟိုဘဏ်က စီးပွားရေးစနစ်နဲ့ ဘဏ်လုပ်ငန်းကဏ္ဍ ပြုပြင်ရေးမှာ သော့ချက်နေရာက လုပ်ခဲ့တယ်။ ဒီလုပ်ငန်း စဉ်ဟာ တကယ်လည်း အင်မတန်မှ မြန်မြန်ဖြစ်သွားခဲ့တာပဲ။ ဒါပေမယ့် သိပ်ပြီးအကောင်းမြင်တာမျိုးလည်း မဖြစ်သင့်ဘူး။ နိုင်ငံ အများစုမှာ အချိန်ကြာကြာယူခဲ့ရတာကိုလည်း သိထားသင့်ပါတယ်။ တချို့နိုင်ငံတွေမှာတော့ ဒါကို မြန်မြန်လုပ်ခဲ့ကြတယ်။ ဘာလို့လဲ၊ ဘာကြောင့်လဲဆိုတော့ Political Will ရှိလို့ပဲ။

* တတ်ကျွမ်းမှုတွေလည်းရှိလို့ ဖြစ်တာလား။ ဟုတ်ပါတယ်။ ဟုတ်တယ်။

* နောက်ဘာများ ပြောချင်တာရှိပါသေးလဲ ဆရာ။

ဒီမှာ တင်ပြကြတဲ့ စာတမ်းတွေ၊ ဆွေးနွေးချက်တွေ၊ မြန်မာနိုင်ငံက ပညာရှင်တွေရဲ့ အဆင့်အတန်းတွေကို တွေ့ရတော့ အင်မတန်မှ ၀မ်းမြောက်ပြီး ကျေနပ်တယ်လို့ ပြောရမှာပဲ။ တကယ် အထင်ကြီးပါတယ်။ ဒေသတွင်းမှာ ၂၅ နှစ်၊ တခြားနိုင်ငံတွေမှာ ၂၅ နှစ် လုပ်ခဲ့ တယ်။ မြန်မာနိုင်ငံကိုတော့ ပထမဆုံး ရောက်တာပါ။ ဒါပေမယ့် ဒီမှာ အခု မြင်ရ တွေ့ရတာတွေကို တကယ်ပဲ အထင်ကြီးပါတယ်။

Advertisements
  1. No comments yet.
  1. No trackbacks yet.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

– လှုပ်ခတ်နေသောမှတ်စုများ (DVB) –

Categories

free counters