Home > Activity, Government, Ministers of the Regions or States > မန္တလေးနှင့် နိုင်ငံရေး

မန္တလေးနှင့် နိုင်ငံရေး

အောင်ရှင် (MT) အတွဲ ၂၈ ၊ အမှတ် ၅၄၄ ( ၁၈ – ၂၄ ၊ ၁၁ ၊ ၂၀၁၁)

မန္တလေးတိုင်းပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီရုံးခန်းဖွင့်ပွဲ အခမ်းအနား ကျင်းပစဉ်က မြင်ကွင်းတစ်ခု။
ဓာတ်ပုံ-ခရစ္စ

ပြီးခဲ့သည့် တစ်နှစ်တာကာလအတွင်း အပြောင်းအလဲဖြစ်စဉ်များတွင် မန္တလေး က လှုပ်လှုပ်ရှားရှားမရှိခဲ့။ မန္တလေးသားများလည်း အပြောင်း အလဲကို စောင့်ကြည့်နားထောင် ခပ်မဆိတ်သာရှိခဲ့သည်။

သို့သော်ငြားလည်း မန္တလေး ကိုယ်တိုင်ကြုံခဲ့ရသည့် အပြောင်းအလဲ တချို့ မန္တလေးမှာရှိခဲ့သည်။

မြန်မာနိုင်ငံမှာ ဒုတိယလူဦးရေ အများဆုံးဖြစ်သည့် အထက် မြန်မာပြည်ရဲ့ မြို့တော်မန္တလေးမှာ တစ်နှစ်ကာလအတွင်း သိသိသာသာ ပြောင်းလဲမှုကြီးများ မရှိခဲ့သော်လည်း အစိုးရသစ်လက်ထက်တွင် တချို့သော ပြောင်းလဲမှုများ ရှိလာခဲ့သည်ဟု မန္တလေးသားများက ဆိုသည်။

ရန်ကုန်တွင် အထင်ကရ နိုင်ငံရေး ဖြစ်စဉ်ရှိခဲ့ပြီး နေပြည်တော်မှာ လွှတ်တော်အစည်းအဝေးများ ကျင်းပနေသည့်အချိန် မန္တလေးတွင် အပြောင်းအလဲတစ်ချို့နှင့် အေးအေးဆေးဆေးသာ ရှိခဲ့သည်။

“မန္တလေးနဲ့ ရန်ကုန်အများကြီးကွာတယ်ဗျာ။ မြို့နဲ့တောလိုပဲ။ မန္တလေးမှာ နိုင်ငံရေးသမားနည်းနည်းပဲရှိတယ်။ နောက်ပြီး ရန်ကုန်က နိုင်ငံရေးသမား လောက်လဲ မလုပ်နိုင်ကြဘူးလေ။ အစိုးရသစ်တက်လာပြီး မန္တလေးမှာ သိသာတဲ့ အပြောင်းအလဲကြီးမျိုး ကျွန်တော် မတွေ့မိသေးပါဘူး။ ဒါပေမယ့် မန္တလေးမှာ လူမှုရေးအသင်းအဖွဲ့တွေ ရန်ကုန်ထက်ပိုများတယ်။ ဒီအသင်းအဖွဲ့တွေရဲ့ လှုပ်ရှားမှု တွေက နိုင်ငံရေးပါတီတွေထက်တောင် ပိုပါသေးတယ်။ နိုင်ငံရေး လှုပ်ရှားမှုတွေလို့တောင် ပြောလို့ရတယ်”ဟု မန္တလေးမြို့ခံ သတင်းသမား တစ်ဦးဖြစ်သည့် ကိုစန်းယုကျော်က ဆိုသည်။

ပြီးခဲ့သည့်ရွေးကောက်ပွဲ၌ ရှုံးနိမ့်ခဲ့သော တစ်သီးပုဂ္ဂလ ကိုယ်စားလှယ်လောင်း ဦးစိန်လှက “သမ္မတကြီးဦးသိန်းစိန်ကို မူအနေနဲ့ မဟုတ်ပဲ လူအနေနဲ့တော့ သဘောကျပါတယ်။ သမ္မတကြီးပြောတဲ့ ကောင်းမွန်သော အုပ်ချုပ်မှု၊ သန့်ရှင်း သောအစိုးရ ဆိုတဲ့ စကားကို ၀မ်းပန်းတသာကြိုဆိုပါတယ်။ အစိုးရသစ် လက်ထက်မှာ နိုင်ငံရေး အရပြောင်းလဲမှုတွေ တော်တော်များ များမြင်တွေ့ ခဲ့ရပြီးပြီ လို့လည်း ဆိုနိုင်ပါ တယ်။ ဒါပေမယ့် ဘယ်လောက်သန့်ရှင်းတဲ့ အစိုးရဖြစ်မလဲ ဆိုတာ ကျွန်တော်တို့ စောင့်ကြည့်ရအုံးမှာပါ” ဟု ဆိုသည်။

အစိုးရ၀န်ထမ်းတွေကို ကြပ်ကြပ်မတ်မတ်ကိုင်တွယ်ခဲ့သည့် မန္တလေးတိုင်း ဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဖြစ်သူ ဦးရဲမြင့်ကို များစွာချီးကျူးရမှာဖြစ်ပြီး ပြည်သူလူထုကိုအလေးထားသည့် သဘောထားရှိသူတစ်ဦးအဖြစ်လည်း မြင်မိပါတယ်ဟု ဦးစိန်လှက ဆိုသည်။

သို့သော်ငြားလည်း အောက်ခြေအဆင့် အစိုးရ၀န်ထမ်းများကတော့ အရင်အတိုင်းပဲရှိနေပြီး အစိုးရ၀န်ထမ်းတွေက နိုင်ငံရေး ပြုပြင်ပြောင်းလဲတာကို သိပ်သတိမမူကြသေးသည့်အတွက် များစွာကြိုးစားရဦးမှာဖြစ်ကြောင်းလည်း ၎င်းက ပြောသည်။

“ပါတီတွေက လက်တွေ့ အလုပ်မလုပ်နိုင်ဘူး။ နိုင်ငံရေးလုပ်အားရှိတဲ့ နိုင်ငံရေး သမားတွေများများလိုတယ်။ ဘယ်ပါတီကဖြစ်ဖြစ် ကျီးအာသီးနိုင်ငံရေး သမားတွေ မပါဖို့လိုတယ်” ဟု တစ်သီးပုဂ္ဂလ ဦးစိန်လှကဆိုသည်။ သို့ပေမယ့် မန္တလေးမြို့ရှိနိုင်ငံရေး ပါတီများသည် မဟာမိတ်ဖွဲ့ရန် အောက်တိုဘာလ ၃၀ ရက်နေ့က တွေ့ဆုံဆွေးနွေးခဲ့ကြသည်။

ဒီမိုကရက်တစ် နိုင်ငံရေး ပါတီခြောက်ခုက ပါတီခေါင်းဆောင်များက မဟာမိတ်ကော်မတီတစ်ရပ် ဖွဲ့စည်းပြီး နိုင်ငံရေးလှုပ်ရှားမှုတွေ စုပေါင်းလုပ်ဖို့ ဆွေးနွေးခဲ့ကြခြင်းဖြစ်သည်။ တစ်လတစ်ကြိမ်တွေ့ဆုံဆွေးနွေးပြီး နိုင်ငံရေးနှင့် သက်ဆိုင်သည့် လှုပ်ရှားမှု များ ဆောင်ရွက်သွားမည်ဖြစ်သည်။ အနာဂတ်နိုင်ငံရေးအတွက် မန္တလေးပါတီများ ပထမဆုံးအကြိမ်ဆုံဆည်း ကြခြင်းသည် သမိုင်းတွင် အထင်ကရဖြစ်ခဲ့သည့် မန္တလေး၏ဂုဏ်ကို မြှင့်တင် လိုကြခြင်းဖြစ်သည်။

သို့ပေသည့် အစိုးရသစ်ပြောင်းပြီး ကာလအတွင်း မန္တလေး၌ ကြီးကြီးမားမား ပြောင်းလဲမှုတွေမရှိသေးဘူးဟု မန္တလေးသားများ ပြောနေကြဆဲပင်။

“တချို့ပြောင်းလဲလာတာလေးတွေတော့ ရှိပါတယ်။ ဥပမာ တိုင်းဒေသကြီး ၀န်ကြီးတစ်ယောက်ကနေ ဂျာနယ်တိုက်ကို တိုက်ရိုက် ဆက်သွယ်တာမျိုးပေါ့။ ဒါမျိုးကောင်းပါတယ်။ စိတ်ထဲမှာ အဆင်မပြေတာ တစ်ခုကတော့ အောက်ခြေ ၀န်ထမ်းတွေက ဒီအတိုင်း ရှိနေတာပဲ။ သိသာတဲ့ အပြောင်းအလဲကြီးတွေ မရှိသေးဘူးဆိုပေမယ့် အစိုးရသစ်က အတော်တော့ ပွင့်လင်းလာပါတယ်။ ဒါပေမယ့် လူထုက အပြောင်းအလဲကို မယုံသေးဘူး။ လူတိုင်းက အရင်လိုပဲ ရုန်းကန်နေရတာပဲလေ။ အားလုံးကအရင်လိုပဲရှိသေးတယ်”ဟု ကာတွန်းဆရာ ဟာဂျူလီ (ကသာ) က ဆိုသည်။ မန္တလေးမြို့ခံတစ်ဦးဖြစ်တဲ့ ဦးငြိမ်းချမ်းက နိုင်ငံရေးအရ ပြောင်းလဲလာမှုများ ရှိသော်လည်း အစိုးရတစ်ဖွဲ့လုံးတော့ မဟုတ်သေးကြောင်း ဆိုသည်။

“အစိုးရ၀န်ထမ်း တော်တော်များများက အပြောင်းအလဲနောက်မှာပဲရှိသေး တယ်။ လူတွေက အပြောင်းအလဲ အကြီးကြီးကို မျှော်လင့် ထားတာ။ လူတိုင်းက နိုင်ငံရေးလှုပ်ရှားမှုတွေ၊ နိုင်ငံရေးပြောင်းလဲမှုဖြစ်စဉ်တွေကို စိတ်ဝင်စားတယ်”ဟု ဆိုသည်။

သို့သော် နိုဝင်ဘာလ ၂ ရက်နေ့က စကျင်းပခဲ့သည့် မန္တလေးတိုင်းဒေသကြီး လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေးတွင် မန္တလေးက သတင်းသမားများကို ပထမဆုံးတက်ရောက်သတင်းယူခွင့်ပြုခဲ့သည်။

ကောင်းမွန်သောအပြောင်းအလဲ တစ်ခုဟုဆိုနိုင်ပြီး တိုင်းဒေသကြီး လွှတ်တော်ကို သတင်းတက်ရောက်ယူ လာသည့် သတင်း သမားများကို တိုင်းဒေသကြီးဝန်ကြီးချုပ်က ရင်းရင်းနှီးနှီး စကားပြောခဲ့သည်။ လာဘ်ပေးလာဘ်ယူသည့် အစိုးရ၀န်ထမ်းများကို ကြပ်ကြပ်မတ်မတ်ကိုင် တွယ်မည်ဖြစ်ပြီး လွှတ်တော်နှင့် ပူးပေါင်းကာ ဥပဒေပြုရေးအတွက် ကြိုးစားသွား မည်ဟုလည်း တိုင်းဒေသကြီး ၀န်ကြီးချုပ်က ပြောသည်။

“ဘာပဲပြောပြော အများကြီးပြောင်းလဲလာပါတယ်။ အရင်တုန်းက ဒီမှာတွေ့ရမယ့် လူကြီးက တိုင်းမှူးတစ်ယောက် ပဲရှိတယ်။ အခုဆို အနည်းဆုံး ၀န်ကြီး ကိုးယောက်လောက် တွေ့ရတယ်။ တစ်ယောက်မက စကားပြောလို့ရတယ်” ဟု မန္တလေးမြို့မှာ တာဝန် ထမ်းဆောင်နေသည့် အိန္ဒိယနိုင်ငံကောင်စစ်ဝန်ချုပ် ဒေါက်တာ မဒမ်းမိုဟန်ဆေသီက ဆိုသည်။

Advertisements
  1. No comments yet.
  1. No trackbacks yet.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

– လှုပ်ခတ်နေသောမှတ်စုများ (DVB) –

Categories

free counters