Home > DASSK, Inside, NLD, Oppositon > အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်၏ သတင်းစာရှင်းလင်းပွဲ ၁/၂၀၁၁ ပြုလုပ် ဥပဒေစိုးမိုးရေး၊ လွတ်လပ်သန့်ရှင်းသည့် တရားရေးမဏ္ဍိုင်၊ တိုင်းရင်းသား ပြည်တွင်းငြိမ်းချမ်းရေးနှင့် NLD မှတ်ပုံတင်၊ မတင်ကိစ္စရပ်များ ပြောကြား

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်၏ သတင်းစာရှင်းလင်းပွဲ ၁/၂၀၁၁ ပြုလုပ် ဥပဒေစိုးမိုးရေး၊ လွတ်လပ်သန့်ရှင်းသည့် တရားရေးမဏ္ဍိုင်၊ တိုင်းရင်းသား ပြည်တွင်းငြိမ်းချမ်းရေးနှင့် NLD မှတ်ပုံတင်၊ မတင်ကိစ္စရပ်များ ပြောကြား

Tuesday, 15 November 2011 01:45 EMG)

w77_24
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်၏ သတင်းစာရှင်းလင်းပွဲ ၁/၂၀၁၁ ကို နိုဝင်ဘာလ ၁၄ ရက်နေ့က ပြုလုပ်ခဲ့ပြီး အဆိုပါသတင်းစာရှင်းလင်းပွဲ၌ ဒေါ်အောင်ဆန်းစုကြည်က ဥပဒေစိုးမိုးရေး၊ လွတ်လပ်သန့်ရှင်းသည့် တရားရေးမဏ္ဍိုင်၊ တိုင်းရင်းသားပြည်တွင်း ငြိမ်းချမ်းရေးနှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်၊ မတင်ကိစ္စရပ်များကို ပြောကြားခဲ့သည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်၏ သတင်းစာရှင်းလင်းပွဲ ၁/၂၀၁၁ ကို ရန်ကုန်မြို့ ဗဟန်းမြို့နယ် ရွှေဂုံတိုင်ရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးတွင် နိုဝင်ဘာလ ၁၄ ရက်နေ့ မွန်းလွဲ ၁ နာရီက ပြုလုပ်ခဲ့သည်။

အချိန် တစ်နာရီနှင့် ဆယ့်ငါးမိနစ် ကြာမြင့်ခဲ့သည့် အဆိုပါ သတင်းစာရှင်းလင်းပွဲတွင် ဒေါ်အောင်ဆန်းစုကြည်က ၎င်းနေအိမ်အကျယ်ချုပ်မှ လွတ်မြောက်လာပြီးနောက်ပိုင်း ယနေ့အချိန်အထိ တစ်နှစ်တာကာလအတွင်း မြန်မာနိုင်ငံ၏ ဖြစ်ပေါ်ပြောင်းလဲမှုများနှင့်ပတ်သက်၍ ပြောကြားခဲ့သည်။

“သတင်းစာရှင်းလင်းပွဲ ပြုလုပ်ရတဲ့ အကြောင်းအရင်းကတော့ တစ်နှစ်အတွင်းမှာ မနေ့ကဆိုရင် ကျွန်မလွတ်မြောက်လာတာ တစ်နှစ်ပြည့်တဲ့နေ့ပါ။ ဒီတစ်နှစ်အတွင်းမှာ ဘာတွေ ဖြစ်မြောက်ခဲ့တယ် ဆိုတာနဲ့ ပတ်သက်လို့ မေးချင်မြန်းချင်တဲ့ မီဒီယာအုပ်စုတွေက အများကြီးဆိုတော့ ကျွန်မတို့ တစ်ယောက်ချင်း တစ်ယောက်ချင်း တွေ့ပြီးတော့ ဆွေးနွေးဖို့ရာ အခက်ခဲရှိတော့ အားလုံးစုပြီးတော့ သတင်းစာရှင်းလင်းပွဲ တစ်ခုလုပ်တာ ဖြစ်ပါတယ်။ ကျွန်မတို့ အနေနဲ့ ဒီသတင်းစာရှင်းလင်းပွဲမှာ စဉ်းစားရမှာက ဒီတစ်နှစ်အတွင်းကို ဘာတွေ ဖြစ်မြောက်ခဲ့တယ်ဆိုတာ အဓိကထားပြီး သိချင်ကြမယ်လို့ ထင်ပါတယ်။

ကျွန်မတို့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က  နိုင်ငံရေးအဖွဲ့အစည်းဆိုတော့ နိုင်ငံရေးကိုတော့ ပထမဦးစားပေးပြီးတော့ ပြောချင်ပါတယ်။ ကျွန်မတို့ နိုင်ငံရေးနဲ့ပတ်သက်လို့ဆိုရင် စပြီးထူထောင်စဉ် ကာလကတည်းက အကြမ်းမဖက်တဲ့လမ်းစဉ်နဲ့ ဒီမိုကရေစီရရှိရေးအတွက် ဆွေးနွေးညှိနှိုင်းမှုတွေ ဖြစ်မြောက်ဖို့ လုပ်မယ်ဆိုပြီး မူချခဲ့တာ။ ဒီအတိုင်းပဲ ကျွန်မတို့ဟာ အနှစ်နှစ်ဆယ်ကျော် ဒီလမ်းကို လျှောက်ခဲ့ပါတယ်။ အခုနှစ်မှာ ဆိုလို့ရှိရင် ထူးထူးခြားခြား နိုင်ငံရေး ဖြစ်စဉ်တွေလို့ ပြောရမယ်ဆိုရင် ကျွန်မနဲ့ သမ္မတကြီး ဦးသိန်းစိန်၊ ၀န်ကြီး ဦးအောင်ကြည်တို့ တွေ့ဆုံမှုရဲ့ရလဒ်အရ အပြောင်းအလဲတွေ ရှိခဲ့ပါတယ်။ အများက စိတ်ဝင်စားနေတာကတော့ အန်အယ်လ်ဒီက ပြန်ပြီးတော့ နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်မလား၊ မတင်ဘူးလား၊ ကြားဖြတ်ရွေးကောက်ပွဲတွေမှာ ၀င်မလား၊ မ၀င်ဘူးလား ဆိုတဲ့ကိစ္စ ဖြစ်ပါတယ်။ ဒီနိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေနဲ့ ရွေးကောက်ပွဲ ဥပဒေနဲ့ပတ်သက်လို့ ဆိုလို့ရှိရင် လွှတ်တော်ကနေပြီးတော့ အပြောင်းအလဲတချို့လုပ်ပြီး သမ္မတကြီးကလည်း လက်မှတ်ထိုးပြီးပြီဆိုတော့ ဒီဟာတွေကအတည်ပြုပြီးသား ဖြစ်သွားပါပြီ။ ဒါကြောင့် ကျွန်မတို့  ၁၈ ရက်နေ့ကျရင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ဗဟိုကော်မတီ အစည်းအဝေးခေါ်ပြီးတော့  ဒီကိစ္စတွေနဲ့ပတ်သက်ပြီး ဆုံးဖြတ်ချက်ချမှာ ဖြစ်ပါတယ်။  ဒါကြောင့်မို့လို့ အခု သတင်းစာရှင်းလင်းပွဲမှာ မှတ်ပုံတင်ရေး မတင်ရေး ကိစ္စတွေ မမေးပါနဲ့။ ကျွန်မက ၁၈ ရက်နေ့အထိ စောင့်ပါလို့ ပြောမှာပါ။ မေးရကျိုးနပ်မယ် မထင်လို့ မမေးပါနဲ့လို့ ကျွန်မက ပြောတာပါ။ တခြားနိုင်ငံရေးနဲ့ ပတ်သက်တဲ့ကိစ္စတွေမှာတော့ နိုင်ငံရေးအကျဉ်းသားများ ကိစ္စပါ။ ဒီနှစ်အတွင်းမှာ နိုင်ငံရေးအကျဉ်းသားအချို့ လွတ်လာတာ ရှိပါတယ်။ ဒါပေမယ့် အကျဉ်းထောင်တွေထဲမှာ ကျန်ရှိနေသေးတဲ့ နိုင်ငံရေးသမားတွေ ရှိတယ်ဆိုတာလည်း အများသိပြီးသား ဖြစ်ပါတယ်။ ဒီနေ့တောင်မှ ထပ်ပြီးတော့ လွှတ်မယ်ဆိုတာကို ကျွန်မတို့ ကြားနေရပါတယ်။ အခုထိတော့ ကျွန်မတို့ တိတိကျကျ ဘာမှမသိရသေးပါဘူး။ အခုထိတော့ ဒါလွှတ်တော့မယ်၊ လွှတ်တော့မယ်လို့ ပြောနေတယ်ဆိုတာကိုလည်း ကျွန်မတို့ ကြားရပြီး ဖြစ်ပါတယ်။ ဘာပဲပြောပြော နိုင်ငံရေးအကျဉ်းသားများ အားလုံးလွတ်မြောက်ရေးဟာ ကျွန်မတို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်တင်မက ဒီမိုကရေစီလိုလားတဲ့သူ အားလုံးရဲ့ ရည်မှန်းချက် ဖြစ်ပါတယ်။

နောက်တစ်ခုကတော့ ကျွန်မတို့နိုင်ငံမှာ အခုအားလုံးအတွက် စိတ်ပူစရာ၊ ဆွေးနွေးစရာ ဖြစ်နေတာကတော့ ပြည်တွင်းငြိမ်းချမ်းရေး မရှိတဲ့ကိစ္စပါ။ အထူးသဖြင့် ကချင်ပြည်နယ်မှာ ဆိုလို့ရှိရင် တိုက်ခိုက်မှုတွေ ဖြစ်နေတာဟာ ကျွန်မတို့ နိုင်ငံအတွက် အင်မတန်မှ စိုးရိမ်ဖွယ်ရာ ၀မ်းနည်စရာကိစ္စ ဖြစ်ပါတယ်။ ကျွန်မ ဇူလိုင်လတုန်းက ဆိုလို့ရှိရင် သမ္မတကြီး ဦးသိန်းစိန်နှင့် တိုင်းရင်းသားအဖွဲ့အစည်းအချို့ကို အိတ်ဖွင့်စာပေးပြီးတော့ တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးလုပ်ဖို့၊ နောက်ပြီး အေးအေးချမ်းချမ်းနဲ့ ငြိမ်းငြိမ်းအေးအေးနဲ့ ဒီပြသနာတွေ ဖြေရှင်းဖို့ဆိုတာကို တိုက်တွန်းခဲ့ပါတယ်။ ကျွန်မအနေနဲ့ ဘယ်နေရာကဖြစ်ဖြစ် ကူညီနိုင်တယ်ဆိုလို့ရှိရင်လည်း ကူညီချင်ပါတယ်ဆိုပြီး ကျွန်မပြော ခဲ့ပါတယ်။ အခုလည်း ဒီအတိုင်းပါပဲ။ ဘယ်တော့မဆို ကျွန်မတို့အနေနဲ့ ကျွန်မတစ်ယောက်တည်း သော်လည်းကောင်း၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အနေနဲ့သော်လည်းကောင်း ပြည်တွင်းငြိမ်းချမ်းရေးနဲ့ ပတ်သက်လို့ တစ်နည်းတစ်နေရာကနေ ကူညီနိုင်တယ်ဆိုလို့ရှိရင် ကျွန်မတို့ကနေပြီးတော့ ၀င်ရောက်ပါဝင်ကူညီဖို့ အဆင်သင့်ဖြစ်ပါတယ်လို့ ကျွန်မ ထပ်မံပြီး ပြောချင်ပါတယ်။

ကျွန်မတို့နိုင်ငံမှာ အခုနှစ်အတွင်း ဖြစ်ပျက်နေတဲ့ အဖြစ်အပျက်တွေပေါ်မှာ အခြေခံပြီး အင်မတန်မှ အရေးကြီးတဲ့ကိစ္စတစ်ခုလို့ ကျွန်မမြင်တာကတော့ ဥပဒေစိုးမိုးရေး ကိစ္စပါပဲ။ လူ့အခွင့်အရေးနဲ့ ပတ်သက်လို့ပဲဖြစ်ဖြစ်၊ နိုင်ငံရေးအကျဉ်းသားတွေနဲ့ ပတ်သက်လို့ပဲဖြစ်ဖြစ်၊ ပြည်တွင်းငြိမ်းချမ်းရေးနဲ့ ပတ်သက်လို့ပဲဖြစ်ဖြစ်၊ စီးပွားရေး၊ လူမှုရေး တိုးတက်မှုနဲ့ ပတ်သက်လို့ပဲဖြစ်ဖြစ်  ဥပဒေစိုးမိုးရေး မရှိလို့ကတော့ ကျွန်မတို့ဟာ သိပ်ခရီးရောက်မှာ မဟုတ်ပါဘူး။

ဘာဖြစ်လို့လဲဆိုတော့ နိုင်ငံရေး အကျဉ်းသားဆိုတာလည်း ဥပဒေ စိုးမိုးရေးရှိတဲ့နိုင်ငံမှာ ရှိလေ့ရှိထ မရှိပါဘူး။ နောက်စီးပွားရေးတွေနဲ့ ပတ်သက်လို့ ရင်းနှီးမြှုပ်နှံမှုတွေ တစ်ကယ်ပဲ လာစေချင်တယ်ဆိုလို့ရှိရင် ဒီမှာလည်း ကျွန်မတို့ဟာ ဥပဒေစိုးမိုးရေး လိုပါတယ်။ နောက်ပြီး လာပြီးရင်းနှီးမြှုပ်နှံဖို့ စဉ်းစားမယ့်သူတွေက ဒီနိုင်ငံမှာ ဥပဒေစိုးမိုးရေး ရှိ၊ မရှိဆိုတာကို သေသေချာချာကြည့်ပြီးမှ သူတို့ ရင်းနှီးမယ်၊ မရင်းနှီးဘူးဆိုတာကို ဆုံးဖြတ်မှာ ဖြစ်ပါတယ်။

နောက်ပြီးတော့ ကျွန်မတို့ နိုင်ငံတိုးတက်ရေးအတွက် လူတွေဟာ စိတ်လုံခြုံဖို့ဆိုရင် ဥပဒေစိုးမိုးရေးဆိုတာ ရှိရမယ်။  ဥပဒေစိုးမိုးရေးဟာ ဘာပေါ်မှာ မူတည်လည်းဆိုတော့ လွတ်လပ်တဲ့ တရားရေးမဏ္ဍိုင် ရှိရမယ်။ တရားရေးမဏ္ဍိုင်က လွတ်လပ်ရမယ်။ သန့်ရှင်းရမယ်။ ဒီလို သန့်ရှင်းပြီး လွတ်လပ်တဲ့ တရားရေးမဏ္ဍိုင် မရှိလို့ကတော့ ကျွန်မတို့ နိုင်ငံမှာ ဥပဒေစိုးမိုးရေးဆိုတာ ရှိနိုင်မှာ မဟုတ်ပါဘူး။ ဒါဟာ နိုင်ငံတစ်နိုင်ငံအတွက် အင်မတန်မှ အရေးကြီးတဲ့ကိစ္စလို့ ကျွန်မ မြင်ပါတယ်။ ဒီဟာ ဟာ ဒီမိုကရေစီ အတွက် မရှိမဖြစ် ရှိရမယ့် ကိစ္စတစ်ခုဖြစ်ပါတယ်။ ဒီမိုကရေစီ အဆောက်အအုံတွေ ခိုင်မာဖို့ဆိုတာဟာ လွတ်လပ်ပြီး သန့်ရှင်းတဲ့ တရားရေး မဏ္ဍိုင်ဟာ အဓိကဖြစ်ပါတယ်။ အဲဒီတော့ အဲဒီဟာအတွက် ကျွန်မတို့ဟာဆက်ပြီးတော့ ကြိုးစားသွားပါမယ်ဆိုတာလည်း ကျွန်မ ပြောချင်ပါတယ်။ ကျွန်မတို့ အရင်နှစ်က ဒီလိုနေ့မှာပေါ့ ၁၄ ရက်နေ့မှာ ရုံးရှေ့မှာ လူတွေနဲ့ စကားပြောတဲ့ အခါမှာ ကျွန်မတို့ ဒီမိုကရေစီကွန်ရက်တစ်ခု ဖွဲ့စည်းဖို့ ရည်ရွယ်ချက် ရှိတယ်ဆိုတဲ့အကြောင်း ကျွန်မပြောခဲ့ပါတယ်။ ဒီကွန်ရက်က ကျွန်မတို့ ကျေနပ်အားရလောက်အောင်ကို ကျယ်ပြန့်ခဲ့တယ်ဆိုတာ ပြောနိုင်ပါတယ်။ အထူးသဖြင့် ပညာရေးဘက်မှာ ဆိုလို့ရှိရင် ကျွန်မတို့ အောင်အောင်မြင်မြင် ရှိပါတယ်။ တခြား ကျန်းမာရေး၊ လူမှုရေး၊ လူသားချင်းစာနာတဲ့ အထောက်အကူဘက်တွေမှာလည်း ကျွန်မတို့ အောင်အောင်မြင်မြင် ရှိပါတယ်။

နောက်ပြီးတော့ ဥပဒေနဲ့ ပတ်သက်လို့ ပြောရမယ်ဆိုလို့ရှိရင် ရှေ့နေကွန်ရက်တွေလည်း ကျွန်မတို့ ဖွဲ့နိုင်ခဲ့ပါတယ်။ ဒါဟာ ကျွန်မတို့ရဲ့ ဥပဒေစိုးမိုးရေးကို အထောက်အကူ ဖြစ်မယ်လို့ ကျွန်မတို့ မျှော်လင့်ပါတယ်။
ဒီလို တိုးတက်မှုတွေ ရှိပေမယ့် လုံလောက်သလားဆိုလို့ရှိရင် ကျေနပ်လောက်တယ်ဆိုတဲ့စကား မသုံးချင်ပါဘူး။ ဘာဖြစ်လို့လည်းဆိုတော့ လုံလောက်ပြီ၊ ကျေနပ်လောက်ပြီဆိုတဲ့ အဓိပ္ပာယ်ဟာ ထပ်ပြီးတော့ လုပ်ဖို့ မလိုတော့ဘူးဆိုတဲ့ အဓိပ္ပာယ် ရောက်ပြီးဖြစ်ပါတယ်။ ကျွန်မတို့ ထပ်ပြီး လုပ်စရာတွေ အများကြီး ရှိပါသေးတယ်။

ဒါပေမယ့်လည်း တစ်ဖက်ကလည်း ဒီလိုအပြုသဘောဆောင်တဲ့ အမြင်တွေလည်း ကျွန်မတို့ လိုပါတယ်။ တိုးတက်ဖို့ဆိုတာဟာ ကျွန်မတို့မှာ အမြင်တွေကိုလည်း ပြောင်းလဲသင့်တယ်အချိန်မှာ ပြောင်းလဲရမယ်။ ကျွန်မတို့ဟာ ယုံကြည်ချက် အပေါ်မှာ အခြေခံပြီးတော့ စွန့်စားသင့်တဲ့အချိန်မှာလည်း စွန့်စားရပါမယ်။ အဲဒီလို လုပ်မှသာလျှင် ကျွန်မတို့ လိုချင်တဲ့ဒီမိုကရေစီလမ်းကြီးဟာ ပွင့်သွားမှာပါ။ ဒီတော့ မပွင့်သေးဘူးလားလို့ တချို့ကမေးမယ်။ ကျွန်မ ဒီလို ပြောခြင်းအားဖြင့် ဒီမိုကရေစီလမ်းကြီးဟာ မပွင့်သေးဘူးလားလို့ ပြောလာလား ဆိုလို့ရှိရင် ဒီလမ်းဟာ ပွင့်ပြီလို့ အားလုံးက လက်ခံနိုင်တဲ့အခြေအနေတော့ မရောက်သေးပါဘူး ဆိုပြီး ကျွန်မ ပြောပါရစေ။ ဒီအခြေအနေရောက်ဖို့ဟာ ကျွန်မတို့အားလုံး ၀ိုင်းပြီး ကြိုးစားဖို့ လိုပါတယ်” ဟု ဒေါ်အောင်ဆန်းစုကြည်က အဖွင့်အမှာစကား ပြောကြားခဲ့သည်။

Eleven Media Groupမှ ဒေါ်အောင်ဆန်းစုကြည်အား “အန်တီပြောသွားတဲ့အထဲမှာ လွတ်လပ်ပြီး သန့်ရှင်းတဲ့တရားရေး မဏ္ဍိုင်အတွက် ကြိုးစားသွားမယ်လို့ ပြောသွားပါတယ်။ ဒါဆိုလက်ရှိ တရားရေးမဏ္ဍိုင်ဟာ
လွတ်လပ်သန့်ရှင်းမှုမရှိဟု သဘောယူဆပါသလား” ဟူသော မေးခွန်းအပေါ် “အဲဒီလိုပဲ ယူဆရမှာပဲ။ ပွင့်ပွင့်လင်းလင်းပြော ရမယ်ဆိုလို့ရှိရင်။ ဘာဖြစ်လို့လဲဆိုaတာ့ ဒါအများသိနေတဲ့ကိစ္စပဲလေ။ ကျွန်မတို့
နိုင်ငံရေးအကျဉ်းသား တော်တော်များများဟာလည်း အကျဉ်းထောင်ထဲ ရောက်သွားတာဟာ လွတ်လပ်ပြီးတော့ တရားမျှတပြီးတော့ သန့်ရှင်းတဲ့တရားရေး မဏ္ဍိုင်မရှိလို့ပါ”ဟု ဒေါ်အောင်ဆန်းစုကြည်က ပြန်လည်ဖြေကြားခဲ့သည်။

“ကျွန်မတို့ အဖွဲ့ချုပ်ရဲ့ စာရင်းမှာတော့ နိုင်ငံရေးအကျဉ်းသား ၅၉၁ ယောက် ဖြစ်ပါတယ်။ အဖွဲ့ချုပ်ရဲ့ စာရင်းက အစိုးရစာရင်းနဲ့ ၂၀၀ လောက်တော့ ကွာမယ်။ ဒါပေမယ့် တချို့စာရင်းတွေမှာ ၂၀၀၀ လောက် ရှိတယ်ဆိုတာ မှန်ပါတယ်။ အပြင်ကရတဲ့စာရင်းတွေ  ကျွန်မတို့ တတ်နိုင်သလောက် လိုက်ပြီး စုံစမ်းပါတယ်။ စုံစမ်းတော့ တချို့စာရင်းတွေထဲမှာပါနေတဲ့ တချို့ အကျဉ်းသားတွေဟာ လွတ်သွားတာ ကြာပြီဆိုတာ ကျွန်မတို့ တွေ့ရပါတယ်။ ဒါပေမယ့် ကျွန်မတို့ အားလုံးကိုတော့ တိတိကျကျ မစုံစမ်းနိုင်သေးပါဘူး။ အခုကျွန်မတို့ ၅၉၁ ယောက်ဆိုပြီး သတ်မှတ်ထားတာ ကျွန်မတို့ သေသေချာချာ အကျဉ်းထောင်တွေထဲမှာ ရှိသေးတယ်ဆိုတာကိုသိတဲ့ နိုင်ငံရေးအကျဉ်းကျများ ဖြစ်ပါတယ်”ဟု နိုင်ငံရေးအကျဉ်းသားများနှင့်ပတ်သက်၍ ဒေါ်အောင်ဆန်းစုကြည်က ဖြေကြားခဲ့သည်။

“သမ္မတကြီး ဦးသိန်းစိန်နဲ့ ပြောရဆိုရတဲ့ကိစ္စတွေမှာတော့ ကျွန်မ အင်မတန်မှ အားတက်ပါတယ်။  သမ္မတကြီးအနေနဲ့ တစ်ကယ်ပဲ ဒီနိုင်ငံမှာ တိုးတက်မှုလိုချင်တယ်လို့ ကျွန်မတစ်ဦးအနေနဲ့ ကျွန်မဒီလိုပဲ ယုံကြည်ပါတယ်”ဟုလည်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့သည်။

ထို့ပြင် “ကျွန်မတို့ကတော့ တိုင်းရင်းသားတွေနဲ့ ငြိမ်းချမ်းဖို့ ဆိုလို့ရှိရင် တန်းတူညီတူရေး ဆိုတာရှိရမယ်။ အပြန်အလှန်လေးစားပြီး အပြန်အလှန် ယုံကြည်ခြင်းဆိုတာ ရှိရမယ်။ ဒါတွေက နေ့ချင်းညချင်း ဖြစ်နိုင်တဲ့ကိစ္စ မဟုတ်ပါဘူး။ ကျွန်မတို့ တိုင်းရင်းသားတွေနဲ့ တိုင်းရင်းသားတွေထဲမှာ ကျွန်မ ဗမာကို ထည့်ထည့်ပြောပါတယ်။ ကျွန်မက တိုင်းရင်းသားတွေကြားမှာ အေးချမ်းမှု ဆိုတာဟာ အားလုံး အေးအေးချမ်းချမ်း နေဖို့ဆိုလို့ရှိရင် ကျွန်မတို့ အင်မတန် ကြိုးစားပြီး လုပ်ရမယ့်ကိစ္စ။  လွယ်လွယ်နဲ့တော့ ဖြစ်မယ့် ကိစ္စ မဟုတ်ပါဘူး။ ဘာဖြစ်လို့လဲ ဆိုတော့ သမိုင်းအစဉ်အလာအရ တစ်ယောက်နဲ့ တစ်ယောက်ကို မယုံကြည်တဲ့စိတ်တွေ၊ တစ်ယောက်နဲ့ တစ်ယောက်ကို သံသယနဲ့မြင်တဲ့ အလေ့အထတွေ ရှိနေတယ် ဆိုတော့ ဒါတွေ ပပျောက်အောင်ဆိုတာ ကျွန်မကတော့ ကျွန်မတို့အဖွဲ့ချုပ်ရဲ့ နိုင်ငံရေးမူအရ ပြောရမယ်ဆိုရင် ပထမဆုံးစလုပ်ရမှာကတော့ တွေ့ဆုံဆွေးနွေးရေးပဲ။  ရိုးရိုးသားသားနဲ့ ပွင့်ပွင့်လင်းလင်း အမြင်ချင်း ဖလှယ်နိုင်တဲ့ တွေ့ဆုံဆွေးနွေးရေးဆိုတာ အရေးကြီးဆုံးဖြစ်ပါတယ်။ အဲဒီတော့ တွေ့ဆုံဆွေးနွေးရေး ဖြစ်ဖို့ဆိုတာ တစ်ယောက်နဲ့တစ်ယောက် ပစ်နေလို့တော့ မဖြစ်ဘူးလေ။ အပစ်အခတ် ရပ်စဲရမှာပေါ့”ဟုလည်း ၎င်းက ပြောကြားခဲ့သည်။

အဆိုပါသတင်းစာရှင်းလင်းပွဲ သို့ ပြည်တွင်းပြည်ပမီဒီယာသမားများ ၁၀၀ကျော်တက်ရောက်ခဲ့ကြပြီး  ဒေါ်အောင်ဆန်းစုကြည်က အဖွင့်အမှာစကားနှင့် တက်ရောက်လာသော ပြည်တွင်းပြည်ပ မီဒီယာသမားများ၏ မေးခွန်းများကို မြန်မာ၊ အင်္ဂလိပ်နှစ်ဘာသာဖြင့် ပြန်လည် ဖြေကြားခဲ့သည်။

 

Categories: DASSK, Inside, NLD, Oppositon
  1. No comments yet.
  1. No trackbacks yet.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

– လှုပ်ခတ်နေသောမှတ်စုများ (DVB) –

Categories

free counters