ကြူကုတ်(ပန်ဆိုင်း)နှင့်နမ့်ခမ်း မြို့များတွင် ဗုံးကွဲ ၊ ရဲအရာရှိ တစ်ဦးသေဆုံး
Friday, 11 November 2011 15:55 သျှမ်းသံတော်ဆင့်
သျှမ်းပြည် (မြောက်ပိုင်း) မူစယ်ခရိုင်အတွင်းရှိ ကြူကုတ်(ပန်ဆိုင်း)နှင့် နမ့်ခမ်းမြို့များတွင် ယမန်နေ့ညပိုင်းက ဗုံးများပေါက် ကွဲမှုကြောင့် ရဲအရာရှိတစ်ဦး သေဆုံးပြီး တခြားလူ ၆ ဦးခန့် ဒဏ်ရာရရှိကြောင်း သိရသည်။
ည ၈ နာရီခန့် ကြူကုတ်မြို့ မန့်မိုင်ရပ်ကွက်၌ ဖွင့်ထားသော ကားဝပ်ရှော့ခ်ရုံတစ်ခုအတွင်းဗုံးတစ်လုံးပေါက် ကွဲခဲ့ရာဝပ်ရှော့ခ်ပိုင်ရှင် အမျိုးသမီးနှင့် ကလေးတစ်ဦး ဒဏ်ရာရရှိကြောင်း မြို့ခံတစ်ဦးက ပြောသည်။
“၀ပ်ရှော့ခ်ရုံမှာကွဲတာ။ ပိုင်ရှင်အမျိုးသမီးနဲ့ သူ့ရဲ့သား ဒဏ်ရာရတယ်။ သေတာတော့ မရှိဘူး။ အဲဒီကား ဝပ်ရှော့ခ်မှာ ထောက်လှမ်းရေးတွေနေတယ်ဆိုပြီး လုပ်တဲ့သဘောရှိတယ်” ဟု သူကဆိုသည်။
၎င်းနောက် ည ၉ နာရီခန့်တွင် နမ့်ခမ်းမြို့ ရဲစခန်းရှေ့၌ နောက်ထပ် ဗုံးတစ်လုံး ထပ်မံပေါက်ကွဲခဲ့ရာ ဒုရဲအုပ် ဇော်ထူးအောင် သေဆုံးသွားပြီး ရဲသား ၄ ဦး ဒဏ်ရာရရှိကြောင်း နမ့်ခမ်းမြို့ခံတစ်ဦးကပြောသည်။
“လူနှစ်ယောက်ဆိုင်ကယ်စီးပြီး အထုပ်တစ်ထုပ်ကို ဈေးရောင်းတဲ့ခုံအောက်မှာ လာထားသွားတာကို ရဲတွေက တွေ့တယ်။ အဲဒီမှာ ဈေးနေ့ဆိုရင် ဒေသခံတွေ ဈေးလာရောင်းတဲ့နေရာလေ။ အထုပ်သွားဖြေကြည့်တာနဲ့ ပေါက်တာဘဲ။ ဒုရဲအုပ် ဇော်ထူးအောင် က နမ့်ခမ်းဆေးရုံမှာ ဆုံးသွားတယ်။ ရဲ ၄ ယောက်လည်း ဒဏ်ရာရလို့ အခုနမ့်ခမ်းဆေးရုံမှာ” ဟုသူက ဆိုသည်။
နမ့်ခမ်းမြို့အုပ်ချုပ်ရေး အာဏာပိုင်တစ်ဦးက ဗုံးပေါက်ကွဲမှုဖြစ်စဉ် မှန်ကန်ကြောင်း သျှမ်းသံတော်ဆင့်သို့ အတည်ပြုပြောသော် လည်း အသေးစိတ်အချက်အလက်နှင့် မည်သည့်အဖွဲ့လက်ချက်ဖြစ်သည်ကိုပြောဆိုခြင်း မရှိပါ။
အဆိုပါ နမ့်ခမ်းမြို့ ဗုံးပေါက်ကွဲမှုတွင် ယနေ့နံနက်ပိုင်း ဖုန်းကင်မရာဖြင့် ဓါတ်ပုံရိုက်ယူသူအမျိုးသမီးငယ်တစ်ဦး အား ရဲများက ဖမ်းဆီးခေါ်ဆောင်သွားပြီး နေ့ခင်းပိုင်း၌ အာမခံဖြင့် ပြန်လွှတ်ပေးခဲ့ကြောင်း သိရသည်။
ဗုံးပေါက်ကွဲပြီးနောက် နမ့်ခမ်းမြို့ အနောက်ဘက် မန့်ဝိန်းကြီးသွားလမ်း ဟင်လုံရွာဘက်(နမ့်ခမ်းမြို့နှင့် ၇မိုင် ခန့်အကွာ)၌ သေနတ်သံများ ကြားရကြောင်း ဒေသခံများ ပြောကြားချက်အရ သိရှိရပါသည်။
နမ့်ခမ်းမြို့နယ် အပါအဝင်ဖြစ်သည့် မူစယ်ခရိုင်တွင် ကချင်လွတ်မြောက်ရေးတပ်မတော်နှင့် ဗမာ့တပ်မတော်တို့ ဆက်လက် တိုက်ပွဲဖြစ်ပွားနေပါသည်။
ယခုလ ၈ ရက်နေ့ ညပိုင်း၌လည်း နမ့်ခမ်းမြို့နယ် ကွန်လုံကျေးရွာအနီးရှိနမ့်မချောင်းကူးတံတား၌ ဗုံးနှစ်လုံး ဆက် တိုက် ပေါက်ကွဲခဲ့သေးသည်။
—————————————————
နမ့်ခမ်းမြို့ ပေါက်ကွဲမှု ရဲအရာရှိ တဦးသေ အမျိုးသမီးတဦး ဒဏ်ရာရ
Written by သတင်းနှင့်မီဒီယာ ကွန်ယက်။ ဇော်ကြီး။ နိုဝင်ဘာလ ၁၁ ရက်၊ ၂၀၁၁ ခုနှစ်။ Saturday, 12 November 2011 20:35
ရှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့နယ်ရဲစခန်း အရှေ့တွင် ယမန်နေ့ညက ဗုံးတလုံးပေါက်ကွဲခဲ့ရာ ဒုရဲအုပ်တဦး သေဆုံးပြီး အမျိုးသမီး တဦး ထိခိုက်ဒဏ်ရာရရှိသည်ဟု မြို့ခံများက ပြောသည်။
ယမန်နေ့ည (၈) နာရီခွဲ အချိန်ခန့်က ဆိုင်ကယ်မောင်းလာသည့် လူတဦးမှ ရဲစခန်းရှေ့တွင် အထုပ် တခု ပစ်ချသွားသည်ကို မသင်္ကာသည့်အတွက် မုန့်ဟင်းခါးဆိုင်မှ အမျိုးသမီးက ရဲစခန်းသို့ သွားရောက် အကြောင်းကြားခဲ့ရာ တာဝန်ကျ ဒု-ရဲအုပ်မှ စစ်ဆေးရန် လာရောက်စဉ် ပေါက်ကွဲခဲ့ ခြင်း ဖြစ်သည်ဟု နမ့်ခမ်း မြို့ခံတဦးက အခုလိုပြောသည်။
“အဲဒီရဲစခန်းရှေ့နားမှာတော့ မုန့်ဟင်းခါးဆိုင် တဆိုင်ရှိတယ်။ သူတို့ဆိုင်လည်း မသိမ်းသေး ဘူးလေ။ အဲဒီအချိန်မှာ ဆိုင်ကယ်တစီးနဲ့ ဗုံးလာပစ်ထားလိုက်တာပေါ့။ အဲဒီဆိုင်က ကောင်မလေး တယောက်ကမြင်တော့ ဒီမှာ ဘာအထုပ်လဲ မသိဘူး ဆိုပြီး ရဲစခန်းထဲကို သွားပြောတာ။ ဒုရဲအုပ်က လိုက်ကြည့်တော့ အဲဒီအထုတ်နားမှာ ရောက်တော့ ဗုံးက ကွဲသွားတယ်။”
ပေါက်ကွဲမှုကြောင့် ဒဏ်ရာရရှိသည့် ဒုရဲအုပ်နှင့် အဆိုပါအမျိုးသမီးတို့အား ဆေးရုံသို့ ခေါ်ဆောင် သွားရာ ဒုရဲအုပ်မှာ ဆေးရုံအရောက်တွင် သေဆုံးခဲ့ပြီး အမျိုးသမီးအား လားရှိုးဆေးရုံသို့ ပို့ဆောင် ထားသည်ဟု သိရကြောင်း ဆက်ပြောသည်။
ယင်းကိစ္စနှင့် ပတ်သက်၍ နမ့်ခမ်းဆေးရုံမှ အမည်မဖော်လိုသည့် ဆရာဝန် တဦးက “၈ နာရီ ခွဲလောက်မှာ ဒိန်းဆိုပြီး အသံကြားရတယ်။ ၉ နာရီ မတ်တင်းမှာ ဆေးရုံရောက်လာတယ်။ ဒုရဲအုပ်က ဘယ်ဘက် ရင်အုံကနေ နံရိုးကို ဖြတ်ပြီး နှလုံးကို ထိသွားပုံရတယ်။ ရောက်ပြီးတော့ တန်းဆုံးသွားတယ်။” ဟု အတည်ပြု ပြောဆိုသည်။
အခင်းဖြစ်ပွားရာ နေရာသို့ သွားရောက်ကြည့်ရှုပြီး ဓါတ်ပုံရိုက်ယူသည့် မိန်းခလေးတချို့အား နမ့်ခမ်းရဲစခန်းမှ ခေါ်ယူစစ်ဆေး ခဲ့သည်ဟု ကြားသိရကြောင်း မြို့ခံက ပြောသည်။
“ခုနကပဲ အဲဒီဗုံးကွဲတဲ့နေရာကို သွားကြည့်တဲ့ ခလေးမလေးတွေက သူတို့ ဖုန်းလေးတွေနဲ့ ဓါတ်ပုံသွားရိုက်တာ။ အဲဒါ ရဲကတွေ့ပြီးတော့ ရဲစခန်းထဲမှာ ခေါ်ထားတယ်လို့ ပြောတယ်။ နှစ်ယောက် သုံးယောက်လောက် ရှိတယ်တဲ့။”
ယင်းကိစ္စနှင့် ပတ်သက်၍ နမ့်ခမ်းမြို့ ရဲစခန်းသို့ ဆက်သွယ်ခဲ့ရာ တာဝန်ရှိသူ တဦးက ဗုံးပေါက်ကွဲမှု မှန်ကန်ကြောင်း အတည်ပြုပြောဆိုခဲ့ပြီး အသေးစိတ် အချက်အလက်များနှင့် ပတ်သက်၍ ပြန်လည် ဖြေကြားခြင်း မရှိပါ။
လွန်ခဲ့သည့် သုံးရက်ကလည်း နမ့်ခမ်းမြို့နယ် ကွန်လုံကျေးရွာအနီးရှိ နမ့်မ တံတားတွင် ပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီး မူဆယ်နှင့် နမ့်ခမ်း မြို့ပေါ်တွင် ခေတ္တ မီးပြတ်သွားခဲ့သည်ဟု သိရသည်။
နမ့်ခမ်းမြို့နယ်အတွင်း ယခုရက်ပိုင်းက ဖြစ်ပွားခဲ့သည့် ပေါက်ကွဲမှုများသည် မည်သူမည်ဝါ၏ လက်ချက်ဖြစ်သည်ကို မသိရသေးသော်လည်း တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့များ၏ လက်ချက် ဖြစ်နိုင်သလို အစိုးရအာဏာပိုင် များက ပြုလုပ်ခြင်းလည်း ဖြစ်နိုင်သည်ဟု ဒေသခံများ အကြား ပြောဆိုနေကြသည်။