Home > Ethnic Armed Groups, Interview, KIO (KIA) > အာမခံချက် ရေရှည်ဖြစ်နိုင်တဲ့ ငြိမ်းချမ်းရေးပဲ လိုချင်တယ် (ကေအိုင်အေနှင့် မေးမြန်းချက်)

အာမခံချက် ရေရှည်ဖြစ်နိုင်တဲ့ ငြိမ်းချမ်းရေးပဲ လိုချင်တယ် (ကေအိုင်အေနှင့် မေးမြန်းချက်)

Published on November 11, 2011 by နော်နိုရင်း  ·(DVB)

ကချင်ပြည်နယ်ထဲမှာ ခုရက်ပိုင်းတွေအတွင်းတိုက်ပွဲတွေ ပိုမိုဖြစ်ပွားနေပါတယ်။ ဒါကြောင့် ကချင်ပြည်နယ်ထဲက စစ်ရေးနဲ့ငြိမ်းချမ်းရေး ဆွေးနွေးပွဲ အခြေအနေတွေကို​ ​ကေအိုင်အိုအဖွဲ့  ပြောရေးဆိုခွင့်ရှိသူ ဦးလနန်းကို ဆက်သွယ်​ ​မေးမြန်းထားပါတယ်။

လက်ရှိ တိုက်ပွဲတွေ အခြေအနေကို ပြောပြပါဦး။ ဘယ်လို ရှိသလဲဆိုတာ။

“အဲဒီကိစ္စပြောရင် တော်တော်လေးကို ကျယ်ကျယ်ပြန့်ပြန့်​ ​ပြောရမှာ။ ​နေရာတကာပါပဲခင်ဗျ။ ဝိုင်းမော်ရဲ့ အထက်ဘက်မှာလည်း တိုက်ပွဲဖြစ်တယ် ကန်ပိုက်တီလမ်း​ပေါ့နော်။ ​နောက်ပြီးတော့ တပ်ရင်း ၃ ခွင်ထဲမှာလည်း တိုက်ပွဲ ပြင်းပြင်းထန်ထန် ဖြစ်တယ်။ မနေ့က အောင်ဂျာကျေးရွာကို သူတို့ မီးရှို့လိုက်တာမျိုး။ အိမ်ခြေက သုံး၊ လေးဆယ်လောက်​ ရှိတယ်။ မနေ့က သူတို့ ခလရ ၂၆၀ ရယ်၊ ခမရ ၃၈၉ ရယ်၊ ၃၉၀ ရယ် ပူးပေါင်းတပ်ဖွဲ့တွေ ဝင်ပြီးတော့ အဲဒီရွာတွေကို မီးရှို့လိုက်တယ်။ နောက်ပြီးတော့ ဒီ စိန်လုံဘက်ကိုသွားတဲ့ လွယ်ဂျာ အောက်မှာလည်း မနေ့ကတော့ တိုက်ပွဲတွေ ဖြစ်တယ်ခင်ဗျ။”

အခု အဲဒီမှာ မီးရှို့ခံရတဲ့ ရွာက ဘယ်မြို့နယ်ထဲမှာလဲ။

“ဝိုင်းမော်မြို့နယ်ပါ။”

အဲဒီမှာ ကေအိုင်အေစစ်တပ်တွေ ရှိနေလို့လား။

“ရွာထဲမှာ မရှိပါဘူး။”

ကေအိုင်အေစစ်တပ်တွေ အဲဒီရွာထဲမှာတော့ မရှိဘူး။ ဒါပေမယ့် ဘာကြောင့် သူတို့က ရွာထဲကို ဝင်ရှို့တာလဲ။

“ဒါကတော့ ဘာကြောင့်ဆိုတာ ပြောရတာ ခက်တယ်ခင်ဗျ။ သူတို့ကတော့ တွေ့သမျှရွာကို မီးရှို့မယ်၊ ပစ္စည်းတွေ အားလုံးယူမယ်၊ တွေ့သမျှလူကို ပစ်မယ် ခတ်မယ် ဒါက သူတို့ရဲ့ လုပ်ရိုးလုပ်စဉ် လုပ်ငန်း။ ဘာကြောင့် ဘာရည်ရွယ်ချက်နဲ့ လုပ်တယ်ဆိုတာကတော့ ဒါ သူတို့ရဲ့ စစ်ဆင်ရေးရည်မှန်းချက်ပဲ ဖြစ်ပါလိမ့်မယ်။”

အဲဒီရွာက မီးရှို့ခံရတော့ ရွာသားတွေက ဘယ်မှာသွားနေကြလဲ။

“ရွာသားတွေက တချို့ကတော့ အစောကတည်းက ထွက်ပြေးကုန်ပြီ၊ ရှောင်တိမ်းကုန်ပြီ။”

ကေအိုင်အိုကို တဖက်ကနေ ငြိမ်းချမ်းရေး ဆွေးနွေးဖို့ ကမ်းလှမ်းလာသလို ဒီလိုမျိုး ထိုးစစ်ဆင်တာတွေလည်း ရှိတဲ့အခါကျတော့ ရွာသားတွေလည်း ပြီးခဲ့တဲ့ ရက်ပိုင်းက တရုတ်ပြည်ဘက်ကို ထွက်ပြေးကြတယ်လို့ ကြားရပါတယ်။ အဲဒီအခြေအနေကရော ဘယ်လို ရှိပါသလဲ။

“မိုင်စီမြို့နယ်ဘက်မှာတော့ တရုတ်ပြည်ဘက်ခြမ်းမှာရှိတဲ့ နောင်ကောင်းဆိုတဲ့ ရွာဘက်မှာ တော်တော်လေး ဝင်သွားတယ်လို့ ကြားတယ်။မိုင်ဝိန်း ကျေးရွာဘက်ကပေါ့နော်။ အဲဒီဘက်မှာ ရွာတွေက တော်တော်လေး ဆက်ပြီးတော့ရှိတယ်။ အဲဒီက ရွာသားတွေကတော့ တရုတ်ပြည်ဘက်ကို တော်တော်များများ ရှောင်တိမ်း သွားတယ်လို့ သိရတယ်။”

အရင်တုန်းကလည်း ဒုက္ခသည်တွေ ထွက်ပြေးတော့ တရုတ်က လက်မခံဘဲနဲ့​ ​ပြန်မောင်းထုတ်တာတွေ ရှိတယ်လို့ ကြားရတယ်။ အခု ဒီတခေါက် ထွက်ပြေးကြတော့ တရုတ်ပြည်က လက်ခံတာမျိုးတွေ အခြေအနေ ဘယ်လိုရှိလဲ။

“သူတို့ကတော့ တရားဝင် လက်ခံတာ မဟုတ်ပါဘူး။ အခုက ရှောင်တိမ်းတယ် ဆိုတဲ့ နေရာမှာလည်း ဒီဘက်က နယ်စပ်တော်တော်ကို ရှည်လျားတော့ နယ်စပ်ဆိုတဲ့ နေရာမှာ သိပ်ပြီးတော့ ထင်ထင်ရှားရှားလည်း ကာထားတာတွေ မရှိဘူးလေ။ လယ်ကွင်းတွေ ခြားတာမျိုး၊ ချောင်းငယ်တခု ခြားတာမျိုးပဲ ရှိတော့ သူတို့က တရုတ်ဘက် ဝင်သွားမယ်ဆိုရင် နေရာတကာကနေပြီး ဖြတ်ပြီးတော့ ဝင်သွားလို့ ရပါတယ်။ ဝင်သွားတဲ့အခါမှာလည်း ဟိုရောက်တဲ့အခါ ဒုက္ခသည် စခန်းမှာ သွားပြီးတော့ ခိုလှုံတာမဟုတ်ဘဲ သက်ဆိုင်ရာ ကိုယ့်ရဲ့ ဆွေမျိုးသားချင်းတွေ ရှိကြာတာပဲ အဓိက ကတော့။ ဟိုဘက်ကမ်း ဒီဘက်ကမ်း အားလုံးက ဆွေမျိုးသားချင်းတွေ ရှိတော့ အဲဒီမှာ ဝင်ရောက်ခိုလှုံတဲ့အဆင့်ပဲ ဖြစ်ပါလိမ့်မယ်။ တရားဝင် တရုတ်အစိုးရကနေ လက်ခံတာမျိုးတော့ ရှိမယ် မထင်သေးဘူးခင်ဗျ။ ကြားလည်း မကြားမိသေးဘူးခင်ဗျ။”

တိုက်ပွဲက ဘယ်နှရက်လောက် ရှိပြီလဲ ပြင်းထန်နေတာ။

“ဖြစ်တာကတော့ ဆက်တိုက်လိုပါပဲ။ ဒါပေမယ့် နိုဝင်ဘာလ ၆ ရက် နောက်ပိုင်းမှာ ကျယ်ကျယ်ပြန့်ပြန့်လည်း ဖြစ်လာတယ်။ သူတို့ကလည်း​ ​နောက်​ ​မြန်မာပြည်အောက်ပိုင်း​ ကနေ တပ်ကူတွေ ရောက်လာတဲ့အခါမှာ ထိုးစစ်က တော်တော်လေး ကျယ်ကျယ်ပြန့်ပြန့် ဆင်နွှဲလာတာမျိုး တွေ့ရတယ်။ စစ်ကြောင်းမှာလည်း တပ်အင်အား ရာဂဏန်းအထိ ပါလာတာ တွေ့တယ်။ အရင်တုန်းကတော့ အယောက် ၄၀၊ ၅၀ လောက်ပေါ့နော်။ အခုကတော့ ရာနဲ့ချီပြီးတော့ အများဆုံး ၂၀၀ ပေါ့ အနည်းဆုံး ၁၀၀။ ၁၀၀ နဲ့ ၂၀၀ ကြား သူတို့ စစ်ကြောင်း အမြဲတမ်း ပါတယ်ခင်ဗျ။ အဲဒီကျတော့ စစ်ပွဲတွေက ပိုပြီးတော့ ပြင်းပြင်းထန်ထန် ကျယ်ကျယ်ပြန့်ပြန့် ဖြစ်သွားတယ်လို့ ပြောလို့ ရတယ်။”

ဘယ်လိုကြောင့် ဒီ စစ်တပ်အင်အားတွေတိုးချဲ့ လာတယ်လို့ ထင်လဲ။

“ဒါကတော့ ကျနော်တို့ ကေအိုင်အိုအဖွဲ့ကို စစ်ရေးနဲ့ ဖိပြီးတော့ လုပ်တဲ့ ကိစ္စပေါ့နော်။ ကေအိုင်အိုကို ဖိတိုက်တဲ့ ပုံစံပဲ။ ကျန်တဲ့ဒေသတွေမှာတော့ တိုက်ပွဲတွေက အပစ်ခက်ရပ်စဲရေး လုပ်ထားတော့ သူတို့ ထိုးစစ်ကို ရပ်ထားလိုက်တယ်၊  အရှိန်လျှော့ထားလိုက်တယ်။ ကေအိုင်အို အဖွဲ့အစည်း တခုပဲ ကျန်တယ်ဆိုတော့ သူတို့ ရှိသမျှအင်အားကို ဒီဘက်ဖိပြီးတော့ ထိုးစစ်လုပ်တဲ့ ပုံစံလို့ ပြောလို့ ရတယ်။”

ကချင်ပြည်နယ်ဘက်မှာ ဒီလိုမျိုး​ ​တိုက်ပွဲတွေ​ ​ပြင်းပြင်းထန်ထန်​ ​ဖြစ်နေတဲ့​ အချိန်မှာ ကေအိုင်အိုကလည်း ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (ယူအန်အက်ဖ်စီ) အဖွဲ့ဝင် ဖြစ်တဲ့အတွက်ကြောင့် ယူအန်အက်ဖ်စီရဲ့ သဘောတူညီချက်ထဲမှာ တိုက်ပွဲဖြစ်ရင် တဦးနဲ့ တဦး ကူညီကြဖို့ သဘောတူထားတာမျိုးရှိတော့ တခြားတိုင်းရင်းသားအဖွဲ့တွေရော ကေအိုင်အိုကို လာပြီးတော့ ကူညီတာမျိုးတွေ ရှိပါသလား။

“အဲဒီလို သဘောထားကို ယူအန်အက်ဖ်စီမှာ အတိအကျ ရေးထားတာ ချမှတ်ထားတာမျိုးတော့ မရှိပါဘူး။ ယူအန်အက်ဖ်စီကတော့ နိုင်ငံရေးအရ ပူးပေါင်းဆောင်ရွက်ဖို့ ဆိုတဲ့ဟာကို အဓိက ရည်ရွယ်ထားတာပါ။ ဒါကြောင့်မို့ ဒေသတခုမှာ တိုက်ပွဲဖြစ်တဲ့အခါမှာ ကျန်တဲ့ဒေသက တိုင်းရင်းသားအဖွဲ့တွေ လာကူမယ်ဆိုတဲ့ဟာမျိုး ဒါကတော့ ဒီအတိုင်း ပြောဆိုမှု အပိုင်း ဖြစ်ပါလိမ့်မယ်။ တရားဝင်ချမှတ်ထားတဲ့ မူတွေ အဲဒီလို မရှိပါဘူး။  ဒါက ခန့်မှန်းပြီးတော့ ပြောဆိုတာ ဖြစ်ပါလိမ့်မယ်။ အဓိက ကတော့ ယူအန်အက်ဖ်စီကတော့ နိုင်ငံရေး လမ်းကြောင်းပေါ်မှာ သူတို့ တိုင်းရင်းသားအင်အားစုတွေ အားလုံးက ပြောဆိုသံတခုတည်း ပြောဆိုကြမယ် ဆုံးဖြတ်ချက် တခုတည်း ချကြမယ်ဆိုတဲ့ သဘောတူညီချက်မျိုးပဲ။”

နိုဝင်ဘာလ ၆ရက်နေ့က စပြီးတော့ တိုးတက်သောဗုဒ္ဓဘာသာ ကရင်အမျိုးသားတပ်မတော် (ဒီကေဘီအေ) ကို အပစ်ခတ်ရပ်စဲပြီပေါ့နော်။ ဒါပေမယ့် အန်ကယ်လ်တို့ဘက်ကို စစ်အင်အားတွေ တိုးလာတဲ့အပေါ်မှာ အန်ကယ်ဘယ်လို ပြောချင်လဲ။

“ဒါက ထွေထွေထူးထူး ပြောစရာတော့ မရှိဘူးခင်ဗျ။ အဓိကကတော့ အစိုးရတရပ်အနေနဲ့ အခု ကချင်ဒေသမှာ တိုက်ပွဲဖြစ်နေတဲ့ အခါမှာ သူတို့ ဘက်မှာ အများကြီး ဆုံးရှုံးမှုတွေ ရှိတယ်ခင်ဗျ။ အဓိကကတော့ တရုတ်နဲ့ ဆက်ဆံတဲ့အခါမှာ ကုန်သွယ်မှုလုပ်ငန်း ထိခိုက်နစ်နာမှု ရှိတယ်။ တရုတ်နဲ့ တွေဆုံတဲ့အခါမှာလည်း မျက်နာငယ်ရတဲ့ ပုံစံပေါ့နော်။ ဘာကြောင့်လဲဆိုတော့ နယ်စပ်ကုန်သွယ်ရေး လုပ်ငန်းတွေအားလုံးက တိုက်ပွဲဖြစ်တဲ့ နောက်ပိုင်းမှာ လုံးဝ ရပ်တန့်သွားတာမျိုး ရှိတယ်။ အဲဒီကျတော့ ဒီကိစ္စကို ပြန်ပြီးတော့ အဖက်ဆယ်လို့ ရအောင်ဆိုတဲ့ သဘောလည်း​ ​ဖြစ်ပါလိမ့်မယ်။ နောက်ပြီးတော့ နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်းတွေ ပြန်ပွင့်အောင် ဆိုတဲ့ သဘောလည်း ဖြစ်ပါလိမ့်မယ်။ အဓိက လိုချင်တာက အဲဒါပဲ ဖြစ်မယ်။ ဒါပေမယ့် အဲဒီမှာ လုပ်ရင်းလုပ်ရင်းနဲ့ ကေအိုင်အိုရဲ့ နိုင်ငံရေးပြောဆိုမှုကို အားလုံး ဦးကျိုးသွားအောင်ပေါ့နော်။ အဲဒီရည်ရွယ်ချက်လည်း ပါရင် ပါပါလိမ့်မယ်။”

တလောက ငြိမ်းချမ်းနဲ့​ ပတ်သက်ပြီးတော့ ပေးပို့တဲ့ စာရဲ့ နောက်ဆက်တွဲကရော အခု လက်ရှိ စစ်ရေးနဲ့ ဘယ်လိုမျိုး ပတ်သက်လဲ။

“ဦးသိန်းဇော်ပေးပို့ထားတဲ့  အောက်တိုဘာ ၂၉ မှာ ပေးတဲ့စာထဲမှာ ဘာလဲဆိုတော့ ခြိမ်းခြောက်တဲ့ စာပါခင်ဗျ။ အခုကတော့ စစ်ဆင်ရေး အရှိန်အဟုန်မြှင့်လာနိုင်တယ်ဆိုတဲ့ ဟာမျိုးပေါ့နော်။ ဒါကြောင့်မို့ ခင်ဗျားတို့ အပစ်ခတ်ရပ်စဲရေး လုပ်ကြပါဆိုတဲ့ သဘောပဲ။ အမှန်တကယ်တော့ အခုပြောဆိုနေတဲ့ အပြစ်တင်တာတွေ အားလုံးက ကေအိုင်အိုကနေပြီးတာ့ အပစ်ခတ်ရပ်စဲရေး မလုပ်ချင်ဘူး။ ငြိမ်းချမ်းရေးအလုပ်ချင်ဘူး မပြောချင်ဘူး ဆိုတာမျိုး အားလုံးက အတွင်းမှာ ရှိတဲ့အစိုးရဘက်တွေသားတွေက အဲဒီလို ပြောဆိုနေကြတယ်။

“အမှန်တကယ်တော့ ငြိမ်းချမ်းရေးဆိုတာ တိုင်းရင်းသား လက်နက်ကိုင်အင်အားစုက အမြဲတမ်းပြောဆို တောင့်တနေတဲ့ကိစ္စတခုပါ။ ဒါပေမယ့် ငြိမ်းချမ်းရေးဆိုတာ ယာယီငြိမ်းရေးဆိုတာထက် ထာဝရငြိမ်းချမ်းရေး သူတို့ပြောတဲ့ ထာဝရငြိမ်းချမ်းရေးပေါ့နော်။ ကျနော်တို့ကတော့ ငြိမ်းချမ်းရေးဆိုတဲ့နေရာမှာ အာမခံချက် ရေရှည်ဖြစ်နိုင်တဲ့ ငြိမ်းချမ်းရေးပဲ လိုချင်တယ်။ အဲဒီ အာမခံချက်ရှိတဲ့ ငြိမ်းချမ်းရေးကတော့ နိုင်ငံရေးတွေ့ဆုံဆွေးနွေးရေးက အစလုပ်ရမယ်။ နိုင်ငံရေးတွေ့ဆုံဆွေးနွေးမှု စလုပ်တာနဲ့ တိုက်ပွဲတွေက သူ့ဟာသူ အရှိန်လျှော့သွားမှာပါ။ အခုက သူတို့က အပစ်ခတ်ရပ်စဲရေးကိစ္စပြောဆိုတယ်။ အပစ်ခတ်ရပ်စဲရေးဆိုတာကတော့ ယာယီအပစ်ခတ်ရပ်စဲရေးပါပဲ။ စစ်မြေပြင်တခုမှာ ခေတ္တ ခဏရပ်ဆိုင်းတဲ့ဟာကိုပဲ ယာယီရပ်စဲရေးလို့ သတ်မှတ်လို့ ရတာ။ ဒါကြောင့် ယာယီရပ်စဲတာဆိုတော့ တချိန်ချိန်မှာ ပြန်ပြီးတော့ ပြဿနာပေါ်လာနိုင်တဲ့ ကိစ္စပါ။ ဒီကိစ္စ ကျနော်တို့ကာလပတ်လုံး နဝတအစိုးရ၊ စစ်အစိုးရနဲ့ အများကြီး အချိန်ယူပြီးတော့ လုပ်ခဲ့ကြတာ။ တိုင်းရင်းသားနဲ့ ပတ်သက်ပြီးတော့ ဘာမှ ပြောဆိုဆွေးနွေးနိုင်ခွင့် မရှိခဲ့ဘူး။ နိုင်ငံရေးအရ ဆွေးနွေးတာမျိုး ဖြစ်ပေါ်မလာဘူး။ အခုလည်း အဲဒီလိုပါပဲ။”

ဟုတ်ကဲ့ အခု ၂၀၁၀ ရွေးကောက်ပွဲပြီးလို့ တနှစ်လည်းပြည့်ပြီးသွားတော့ ကချင်ပြည်နယ်မှာ တိုက်ပွဲတွေကလည်း ပိုများလာတယ်ပေါ့။ တက်လာတဲ့ အစိုးရအပေါ်မှာ ကေအိုင်အိုအနေနဲ့ ဘယ်လို သဘောထား ရှိပါသလဲ။

“ရွေးကောက်ပွဲ တနှစ်သာ​ ​ပြီးသွားပါတယ် အခုအစိုးရသစ်ကလည်း သူတို့က အရပ်သားတွေ ရွေးချယ်တင်မြှောက်ထားတဲ့ အစိုးရဖြစ်တယ်လို့ ပြောဆိုနေကြပေမယ့် နယ်စပ်ဒေသမှာတော့ ဒီအစိုးရသစ် ရောက်လာတာနဲ့ တိုက်ပွဲတွေက​ ​ပြန်ဖြစ်လာတဲ့အခါမှာ ဒေသခံလူထုတွေကတော့ ဒီအစိုးရသစ် ရှိမှန်း ဘယ်သူမှ သတိထားမိတဲ့ လူလည်း မရှိပါဘူး။ အားလုံးက ကျီးလန့်စာစားနဲ့ပဲ တိမ်းရှောင်နေရတဲ့ ကိစ္စဖြစ်နေတယ်။ ဒါကြောင့် အစိုးရသစ်ပေါ်လာတာကလည်း ကျနော်တို့ ကချင်ဒေသမှာ ဘာမှ ထူးခြားတဲ့ ဖြစ်စဉ် အကောင်းဘက်ကို ဦးတည်သွားတာမျိုး မရှိဘူးလို့ ပြောရမယ်ခင်ဗျ။”

Advertisements
  1. No comments yet.
  1. No trackbacks yet.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

– လှုပ်ခတ်နေသောမှတ်စုများ (DVB) –

Categories

free counters