Home > Legislature, lower House > ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခွင့် ဥပဒေကြမ်းအပေါ် သဘော ကွဲလွဲမှုအနည်းဆုံးဖြင့် ပြည်သူ့လွှတ်တော်က အတည်ပြု

ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခွင့် ဥပဒေကြမ်းအပေါ် သဘော ကွဲလွဲမှုအနည်းဆုံးဖြင့် ပြည်သူ့လွှတ်တော်က အတည်ပြု

စိုးသန်းလင်း (MT) အတွဲ ၂၈ ၊ အမှတ် ၅၄၃ ( ၁၁ – ၁၇ ၊ ၁၁ ၊ ၂၀၁၁)

အမျိုးသားလွှတ်တော်က ပြင်ဆင် အတည်ပြုချက် ၁၇ ချက်ဖြင့် ပြန်လည် ပေးပို့လာသော ငြိမ်းချမ်းစွာ စုဝေးခွင့် နှင့် ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခွင့် ဆိုင်ရာ ဥပဒေကြမ်းနှင့် စပ်လျဉ်းပြီး အခန်း (၁)၊ ပုဒ်မ(၂)၊ ခွဲ(ဇ)နှင့် အခန်း (၈)၊ ပုဒ်မ (၂၀)တို့တွင် လွှတ်တော်နှစ်ရပ် သဘောကွဲလွဲကာ ပြည်သူ့လွှတ်တော်က မူလအတည်ပြုခဲ့သည့်အတိုင်း ထားရှိရန် ပထမအကြိမ် ပြည်သူ့ လွှတ်တော် ဒုတိယ ပုံမှန်အစည်းအဝေး ၄၆ ရက် မြောက်နေ့ (၄-၁၁-၁၁) အစီအစဉ်တွင် ဆွေးနွေးဆုံးဖြတ်အတည်ပြုခဲ့သည်။

“ပြည်သူ့လွှတ်တော်မှာ စတင်ဆွေးနွေးပြီး ၃-၁၀-၁၁ နေ့က အတည် ပြုခဲ့တဲ့ ငြိမ်းချမ်းစွာ စုဝေးခွင့်နှင့် ငြိမ်းချမ်းစွာ စီတန်းလှည့်လည် ခွင့်ဆိုင်ရာ ဥပဒေ ကြမ်းကို အမျိုးသားလွှတ်တော်သို့ ၄-၁၀-၁၁ နေ့တွင် ပေးပို့ခဲ့ပါတယ်။ ဒီ ဥပဒေကြမ်းကို ၂၈-၁၀-၁၁ နေ့မှာ အမျိုး သားလွှတ်တော်က ပြင်ဆင်ချက်များဖြင့် ပြန်လည်ပေးပို့လာတဲ့အတွက် ပြည်သူ့ လွှတ်တော်ဆိုင်ရာ နည်းဥပဒေ ၁၆၂၊ နည်းဥပဒေခွဲ (က)အရ ပြင်ဆင်ချက် မိတ္တူများကို ကိုယ်စားလှယ်များထံ ၃၀-၁၁-၁၁ နေ့တွင် ဖြန့်ဝေခဲ့ပါတယ်” ဟူ၍ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက လွှတ်တော်သို့ ပြောကြားအပြီး အမျိုးသား လွှတ်တော်၏ ပြင်ဆင်အတည်ပြုချက်များကို အခန်းအလိုက်၊ အပိုဒ်အလိုက် တစ်ခုချင်း ဆွေးနွေးခဲ့ကြခြင်း ဖြစ်သည်။

ထိုသို့ ဆွေးနွေးရာတွင် လွှတ်တော် နှစ်ရပ် သဘောကွဲလွဲကြသည့် ပြင်ဆင် ချက်နှစ်ချက်အနက် ပထမအချက်မှာ နိုင်ငံတော်အလံကို စီတန်းလှည့်လည်ရာ တွင် အသုံးပြုခွင့်ရရှိရေးကိစ္စဖြစ်သည်။ သက်ဆိုင်ရာ ပြည်ထောင်စုဝန်ကြီး ဌာနက ပြဋ္ဌာန်းသည့် မူလပြဋ္ဌာန်း ချက် အရ ၎င်းဥပဒေကြမ်း အခန်း (၁)၊ ပုဒ်မ (၂)၊ ခွဲ(ဇ)တွင် “အလံဆိုရာတွင် နိုင်ငံ တော်အလံ၊ တရားဝင်ပါတီနှင့် တရား ၀င် အသင်းအဖွဲ့အလံတို့ ပါဝင်သည်” ဟူသော စာသားကို ပြည်သူ့လွှတ်တော် က အတည်ပြုခဲ့ကြပြီး ဖြစ်သည်။

အဆိုပါစာသားကို အမျိုးသားလွှတ်တော်က “အလံဆိုရာတွင် တရားဝင် ပါတီနှင့် တရားဝင် အသင်းအဖွဲ့အလံ တို့ကို ဆိုသည်”ဟု ပြင်ဆင်အတည်ပြုခဲ့ခြင်းအပေါ် သင်္ဃန်းကျွန်းမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းညွန့်က ၎င်းပြင်ဆင်ချက်ကို ကန့်ကွက်ခဲ့ခြင်းဖြစ်သည်။

“မူလပြဋ္ဌာန်းချက်ပါ နိုင်ငံတော်အလံကို ဖြုတ်ပစ်လိုက်ခြင်းဟာ ကျွန်တော်တို့ အချုပ်အခြာအာဏာကို ထိပါးလာတဲ့ ကိစ္စမျိုးဆို နိုင်ငံတော်အလံ ကိုင်ဆောင်ပြီးတော့ ပြည်သူလူထုရဲ့ဆန္ဒကို ဖော်ပြရမယ့် အခြေအနေမျိုးကျရင် အခုလို အမျိုးသားလွှတ်တော်က ပယ်ဖျက်လိုက်တဲ့အတွက် နိုင်ငံတော်အလံကို ကိုင်ဆောင်ခွင့်မရဘဲ ဖြစ်သွားပါလိမ့်မယ်။ “…အဲဒါကြောင့် နိုင်ငံတော်အလံ နဲ့ ပတ် သက်ပြီး အမျိုးသားလွှတ်တော်က ပယ်ဖျက်ခြင်းကို လက်မခံသင့်ပါဘူး။ မူလ ၀န်ကြီးဌာနက ပြဋ္ဌာန်းချက်အတိုင်း ကျွန်တော်တို့ အတည်ပြုထားခြင်းက အားလုံးကို ခြုံငုံမိပြီး လက်တွေ့ကျကျ ဆောင်ရွက်နိုင်တဲ့အတွက် မူလအတိုင်း ထားရှိဖို့ ရှင်းလင်းတင်ပြ အပ်ပါတယ် ဥက္ကဋ္ဌကြီးခင်ဗျာ။ အဲဒါကြောင့် အမျိုးသားလွှတ်တော်ရဲ့ ပြင်ဆင်ချက်ကို ကန့်ကွက်ရခြင်း ဖြစ်ပါတယ်”ဟု ၎င်းက ပြည်သူ့ လွှတ်တော်သို့ ပြောကြားသည်။

အလားတူပင် ကွန်ဟိန်း မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်နန်းဝါနုကလည်း “အလံဆိုရာမှာ ကျွန်မတို့နိုင်ငံအတွက် အရေးအကြီးဆုံး အလံက နိုင်ငံတော်အလံ ဖြစ်ပါတယ်။ ဒါကို အခုလို ဖြုတ်ပယ်လိုက်ရင် ဘယ်လိုမှ အဓိပ္ပာယ်မရှိတော့ပါဘူးရှင်”ဟု ဦးသိန်းညွန့်၏ တင်ပြချက်ကို ထောက်ခံ ဆွေးနွေးခဲ့သည်။

အဆိုပါ ဆွေးနွေးချက်ကို အခြေခံပြီး ပြည်သူ့လွှတ်တော်တစ်ရပ်လုံးက အမျိုးသားလွှတ်တော်၏ ပြင်ဆင်အတည်ပြုချက်ကို ထောက်ခံသူ၊ ကြားနေသူတစ်ဦး တစ်ယောက်မျှ မရှိ၊ တညီတညွတ်တည်း ကန့်ကွက်ခဲ့ကြသဖြင့် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌက မူလပြဋ္ဌာန်းချက်အတိုင်း အတည်ပြုကြောင်း ကြေညာခဲ့သည်။

လွှတ်တော်နှစ်ရပ်အကြား ဒုတိယ သဘောကွဲလွဲချက်မှာ အခန်း(၈)၊ ပုဒ်မ (၂၀)ပါ အမျိုးသားလွှတ်တော်၏ ပြင်ဆင်ချက်ဖြစ်သည်။ ၎င်းပုဒ်မ(၂၀)၌ မူလပြဋ္ဌာန်းချက်ကို ပြည်သူ့လွှတ်တော်က အတည်ပြုခဲ့သော စာသားမှာ “ဤဥပဒေအရ အရေးယူသော ပြစ်မှုကို ရဲအရေးယူပိုင်ခွင့်ရှိသော ပြစ်မှုအဖြစ် သတ်မှတ်သည်”ဟု ဖြစ်ပြီး အမျိုးသားလွှတ်တော်က ပြင်ဆင်အတည်ပြုချက်မှာ “အခန်း (၇)ပါ ပြစ်မှုများကို ရဲအရေးယူပိုင်ခွင့်ရှိသော ပြစ်မှုများအဖြစ် သတ်မှတ်သည်”ဟု ဖြစ်သည်။

ဥပဒေကြမ်း၏ အခန်း(၇)တွင် ပုဒ်မ ၁၇၊ ၁၈ နှင့် ၁၉ တို့ ပါဝင်ပြီး “မည်သူမဆို ခွင့်ပြုမိန့်နှင့်အညီ ငြိမ်းချမ်းစွာ စုဝေးခြင်း၊ သို့မဟုတ် ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခြင်း ပြုသူများအား စိတ်ငြိုငြင်စေခြင်း၊ လက်ရောက်မှု ကျူးလွန်ခြင်း၊ အနိုင်အထက်ပြုခြင်း၊ သို့မဟုတ် ဘေးအန္တရာယ်ဖြစ်စေခြင်း၊ …၊ …၊ …” စသည့် ပြစ်မှုများအတွက် အခန်း(၈)၊ ပုဒ်မ (၂၀)က ခြုံငုံ၍ အရေးယူနိုင်စေရန် ပြဋ္ဌာန်း ထားပြီးဖြစ်သည်။

ထိုအချက်နှင့် စပ်လျဉ်းပြီး ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တစ်ဦးက – “ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီးခင်ဗျာ၊ ဒီအရေးအသားဟာ ဥပဒေ အရေးအသားဖြစ်ပါတယ်။ ပြဋ္ဌာန်းပြီးသော ဥပဒေများအရ ပြန်ပြီး လေ့လာစိစစ် ကြည့်မယ်ဆိုရင် မူလပြဋ္ဌာန်းချက် စကား ရပ်ဟာ ဥပဒေနဲ့ လျော်ကန်တဲ့ စကားရပ်ဖြစ်ပါတယ်။ ‘အခုလို အမျိုးသားလွှတ်တော်က အခန်း(၇)ပါ ပြစ်မှုများကို …..’လို့ ပြင်ဆင်အတည်ပြု ခြင်းဟာ ဥပဒေစကားရပ်တွေနဲ့ မလျော်ညီပါဘူး။ ဒါကြောင့် မူလပြဋ္ဌာန်းချက်အတိုင်းပဲ အတည်ဖြစ်စေချင် ပါတယ်” ဟု ကျိုးကြောင်းရှင်းလင်း၍ ဆွေးနွေးခဲ့ ကာ အမျိုးသားလွှတ်တော်၏ ပြင်ဆင်ချက်ကို ကန့်ကွက်ခဲ့သည်။

ထိုသို့ ပုဒ်မ (၂၀)အား မူလပြဋ္ဌာန်းချက်အတိုင်း အတည်ပြုလိုကြောင်း အဆိုကို ပြည်သူ့လွှတ်တော်က ကန့်ကွက်သူ မရှိ၊ ကြားနေသူ မရှိသဖြင့် ပြည်သူ့ လွှတ်တော်ဥက္ကဋ္ဌက ၎င်းအဆို အတည် ဖြစ်ကြောင်း ကြေညာခဲ့သည်။

ထို့နောက် သူရဦးရွှေမန်းက လွှတ်တော်နှစ်ရပ် အတွင်း သဘောထားကွဲလွဲသော ပြင်ဆင်ချက်နှစ်ချက်နှင့် ပတ်သက်ပြီး- “လွှတ်တော် ကိုယ်စားလှယ်များခင်ဗျာ၊ ဤဥပဒေကြမ်းပါ ပုဒ်မ (၂)၊ ခွဲ(ဇ)နဲ့ ပုဒ်မ (၂၀)တို့ကို ပြည်သူ့လွှတ်တော်က သဘောမတူကြောင်း ဆုံးဖြတ် အတည်ပြုခဲ့ပါတယ်။ ဒါကြောင့် ပြည်သူ့ လွှတ်တော်ဆိုင်ရာ နည်းဥပဒေ ၁၆၄၊ နည်းဥပဒေ ခွဲ(က)အရ ထိုသို့ သဘော ကွဲလွဲခြင်းကို ပြည်ထောင်စုလွှတ်တော် တွင် ဆွေးနွေးဆုံးဖြတ်ရန် တင်ပြသင့် ကြောင်း အဆိုတင်သွင်းရန် လွှတ်တော် ကိုယ်စားလှယ်တစ်ဦးအား ဖိတ်ခေါ်ပါတယ်”ဟု လွှတ်တော်သို့ ပြောသည်။

စစ်ကိုင်းတိုင်းဒေသကြီး၊ ချောင်းဦးမြို့ မဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စား လှယ် ဦးစောလှထွန်းက အဆိုပါဥပဒေ ကြမ်းနှင့် စပ်လျဉ်း၍ အမျိုးသားလွှတ်တော်၏ ပြင်ဆင်ချက် ၁၇ ချက်အနက် ၁၅ ချက်ကို သဘောတူညီခဲ့ပြီး ပြည်သူ့ လွှတ်တော်က သဘော တူညီမှု မရှိသည့် ပုဒ်မ (၂) (ဇ)နှင့် ပုဒ်မ (၂၀)တို့အား ပြည်ထောင်စုလွှတ်တော်တွင် ဆွေးနွေး ဆုံးဖြတ်ရန် တင်ပြသင့်ကြောင်း အဆိုကို တင်သွင်းခဲ့ရာ ရှမ်းပြည်နယ်၊ ကျိုင်းတုံ မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးစတီဗင်က ထောက်ခံ ခဲ့သောကြောင့် ၎င်းအဆိုအပေါ် ပြည်သူ့ လွှတ်တော်က ကန့်ကွက်သူမရှိ အတည် ပြုခဲ့ကာ ၎င်းသဘောထားကွဲလွဲမှုအား ပြည်ထောင်စုလွှတ်တော်သို့ တင်ပြရန် အဆိုမှာ အတည်ဖြစ်ကြောင်း သူရ ဦးရွှေမန်းက ကြေညာခဲ့သည်။

Categories: Legislature, lower House
  1. No comments yet.
  1. No trackbacks yet.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

– လှုပ်ခတ်နေသောမှတ်စုများ (DVB) –

Categories

free counters