Home > Bank, Economic > ဘဏ်များအတွက် ပြင်ဆင်ရန်လိုအပ်သော ဥပဒေပုဒ်မ

ဘဏ်များအတွက် ပြင်ဆင်ရန်လိုအပ်သော ဥပဒေပုဒ်မ

ဦးညီညီ (ညွှန်ကြားရေးမှူး(ငြိမ်း)၊ ရှေ့နေချုပ်ရုံး) (MT)အတွဲ ၂၈ ၊ အမှတ် ၅၄၃ ( ၁၁ – ၁၇ ၊ ၁၁ ၊ ၂၀၁၁)

ပြည်ထောင်စုမြန်မာနိုင်ငံတော်တွင် ဘက်စုံစီးပွားရေးလုပ်ငန်းများ ပိုမိုတိုးတက် ထွန်းကားလာစေရန် ရည်ရွယ်ချက်ဖြင့် နိုင်ငံတော် အကြီးအကဲများက ပုဂ္ဂလိကဘဏ် လေးခုကို တိုးချဲ့တည်ထောင် ဖွင့်ခွင့်ပြုခဲ့သည့်အတွက် ယခု အခါ ပုဂ္ဂလိကဘဏ်ပေါင်း ၂၀ ရှိခဲ့ပြီဖြစ် ပါသည်။

ထိုအထဲတွင် ဘဏ်ခွဲများ မပါသေးပါ။

ဘဏ်များ၏ အဓိကလုပ်ငန်း မှာ အများပြည်သူတို့ ဘက်စုံစီးပွားရေး လုပ်ငန်းများ လုပ်ကိုင်လျက်ရှိကြရာတွင် ပိုမိုတွင်ကျယ်စွာ လုပ်ငန်းတိုးချဲ့ဆောင် ရွက်နိုင်ရန်အတွက် ဘဏ်များ၌ မရွှေ့ ပြောင်းနိုင်သောပစ္စည်းများကို အာမခံ အဖြစ် ထားရှိပြီး ဘဏ်ချေး ငွေများကို လျှောက်ထားချေးယူ၍ လုပ်ငန်းတိုးချဲ့ လုပ်ကိုင်ကြရန် ဖြစ်ပါသည်။

သို့ရာတွင် အများပြည်သူတို့က ဘဏ်များမှ ချေးငွေများ ချေးယူရာ၌ အဓိက အဟန့်အတားဖြစ်စေသည့် ဥပဒေ ပြဋ္ဌာန်းချက်တစ်ခု ရှိနေပါသည်။

ယင်း ဥပဒေမှာ မြန်မာနိုင်ငံကို အင်္ဂလိပ်အစိုးရ က မြန်မာဘုရင် သီပေါမင်းအား မြန်မာ နိုင်ငံမှ ဖမ်းဆီးခေါ်ဆောင်သွားသည့် ၁၈၈၅ ခုနှစ်မတိုင်မီ အိန္ဒိယနိုင်ငံတွင် ၁၈၈၂ ခုနှစ်၊ ဇူလိုင်လ ၁ ရက်နေ့က အိန္ဒိယနိုင်ငံ ဥပဒေအမှတ်(၄)အဖြစ် ပြဋ္ဌာန်းခဲ့သည့် The Transfer of Property Act ပစ္စည်းလွှဲပြောင်းခြင်း အက်ဥပဒေပုဒ်မ(၅၈) ပုဒ်မခွဲ(စ)၏ ပြဋ္ဌာန်းချက်ဖြစ်ပါသည်။

ယင်းဥပဒေ ပုဒ်မ(၅၈) ပုဒ်မခွဲ(စ)ကို အောက်ပါအတိုင်း ပြဋ္ဌာန်းထားပါသည်။

Sec.58(f) Where a person in any of the following town, namely, the towns of Rangoon, Moulmein, Bassein and Akyab, and in any other town which the President of the Union may, by notification in the Gazette, specify in this behalf delivers to a creditor or his agent document of title to immoveable property, with intend to create a security thereon, the transaction is called a mortgage by deposit of title-deeds.

ပုဒ်မ ၅၈ ပုဒ်မခွဲ(စ)၏ အဓိပ္ပာယ်မှာ ပိုင်ဆိုင်မှု စာချုပ်စာတမ်းများကိုအပ်၍ ပေါင်နှံခြင်း Mortgage by Deposit of Title Deeds ဖြစ်ပါသည်။

ယင်းပြဋ္ဌာန်းချက်၏ သဘောမှာ ရန်ကုန်၊ မော်လမြိုင်၊ ပုသိမ်၊ စစ်တွေမြို့နှင့် နိုင်ငံတော်သမ္မတက မြန်မာနိုင်ငံပြန်တမ်းတွင် ထုတ်ပြန် သည့် မြို့တစ်မြို့မြို့၌ မရွှေ့ပြောင်းနိုင်သည့် ပစ္စည်းများကို ဘဏ်၌အပ်နှံ၍ ချေးငွေလျှောက်ထားခြင်းပြုပါက ယင်း မြို့ကြီး လေးမြို့၌သာ ပိုင်ဆိုင်ခွင့်စာချုပ် အပ်နှံ၍ ပေါင်နှံခွင့်ရှိကြောင်း ပြဋ္ဌာန်း ထားပါသည်။

ထိုဥပဒေပြဋ္ဌာန်းစဉ်က မန္တလေးမြို့ မပါသေးပါ။

သို့ရာတွင် ၁၉၁၅ ခုနှစ်၌ အိန္ဒိယနိုင်ငံ၏ ပြန်တမ်း အပိုင်း(၁) စာမျက်နှာ ၁၉၀၆ တွင် မန္တလေးမြို့ကို ယင်းဥပဒေပုဒ်မ (၅၈) ပုဒ်မခွဲ (စ)၌ ဖြည့်စွက်ပြဋ္ဌာန်းခဲ့သဖြင့် ယခုအခါ ရန်ကုန်၊ မော်လမြိုင်၊ ပုသိမ်၊ စစ်တွေနှင့် မန္တလေးမြို့ငါးမြို့၌ ချေးငွေ လျှောက်ထားလာလျှင် ပိုင်ဆိုင်ခွင့် စာချုပ်အပ်နှံ၍ ပေါင်နှံခြင်းအတွက် နှစ်ရာခိုင်နှုန်းတံဆိပ်ခေါင်းကပ်၍ မှတ်ပုံတင် (Registration) ပြုလုပ်ရန် မလိုအပ် တော့ပါ။

သို့ရာတွင် လေးလေးနက်နက် စဉ်းစား ရန် အကြောင်းတစ်ရပ်ပေါ်ပေါက်လာပြီ ဖြစ်ပါသည်။

ဤဥပဒေကို ပြဋ္ဌာန်းသည့် ခုနှစ်သည် ၁၈၈၂ ခုနှစ်၊ ဇူလိုင်လ ၁ ရက် နေ့ဖြစ်ရာ သီပေါမင်းပါတော်မူသည့် ၁၈၈၅ ခုနှစ်မတိုင်မီကဖြစ်၍ ယခုအခါ နေပြည်တော်ဟူသည့် မြို့တော်သည် အိပ်မက်ပင်မမက်သေးသည့်အချိန်ပင် ဖြစ်ပါသည်။

မြန်မာဘုရင်များ နန်းစိုက်ခဲ့သည့် မန္တလေးကဲ့သို့ မြို့ကြီးတစ်မြို့ပင်လျှင် ဖော်ပြပါဥပဒေပြဋ္ဌာန်းစဉ်က ပုဒ်မ ၅၈ ပုဒ်မခွဲ(စ)တွင် မန္တလေးမြို့မပါရှိခဲ့သဖြင့် အထက်ပါအတိုင်း အမိန့်ကြော်ငြာစာ ထပ်မံဖြည့်စွက်၍ မန္တလေးမြို့ကို ထည့် သွင်းခဲ့ခြင်း ဖြစ်ပါသည်။

ယခုအခါ နေပြည်တော်သည် ပြည်ထောင်စုမြန်မာနိုင်ငံတော်၏ မြို့တော် (Capital) ဖြစ်ရာ နိုင်ငံတော်အကြီးအကဲ တို့၏ ရုံးစိုက်ရာမြို့တော်လည်းဖြစ်သည့် အပြင် မြန်မာနိုင်ငံ၏ ဥပဒေပြုရေး၊ တရားစီရင်ရေး၊ အုပ်ချုပ်ရေး စသည့် အာဏာကြီးသုံးရပ်ကို ထုတ်ဖော် ဆောင် ရွက်ပေးသည့် နိုင်ငံတော်သမ္မတရုံးနှင့် ပြည်ထောင်စုဝန်ကြီးဌာနအသီးသီး၏ ရုံးစိုက်ရာ တိုင်းဒေသကြီးတစ်ခု ဖြစ်လာ ခဲ့ပြီ ဖြစ်ပါသည်။

ပြည်ထောင်စုမြန်မာ နိုင်ငံတော်၏ မြို့တော် နေပြည်တော်သည် ဖော်ပြပါဥပဒေပုဒ်မ ၅၈ ပုဒ်မခွဲ (စ) တွင် ပါဝင်ခြင်းမရှိဘဲ ဖြစ်နေသည့် အချက် ဖြစ်ပါသည်။

နေပြည်တော်တွင် ဘဏ်ခွဲများစွာ ဖွင့် လှစ်ပြီးဖြစ်၍ နေပြည်တော်ရှိ ဘဏ် အသီးသီး၌ ချေးငွေများလာရောက် လျှောက်ထားလျှင် ပုဒ်မ ၅၈ ပုဒ်မခွဲ(စ)တွင် နေပြည်တော်မပါရှိသဖြင့် ဖော်ပြ ထားသည့် မြို့ကြီးငါးမြို့ကဲ့သို့ အခြေ အနေအဆင့်မရှိသည့် နိမ့်ကျသော သဘောဖြင့် ပိုင်ဆိုင်မှုစာချုပ်စာတမ်းများကို နှစ်ရာခိုင်နှုန်းတံဆိပ်ခေါင်းခွန်ကပ်၍ Registration မှတ်ပုံတင်ကာ ချေးငွေလျှောက် ထားသူတို့က လျှောက် ထားရမည်ဖြစ်ပါသည်။

ချေးငွေလျှောက်ထားသူတို့အတွက် လည်း စရိတ်စက ပိုမိုကုန်ကျသည့် သဘောဖြစ်ပါသည်။ အခြားတစ်ဖက် တွင်လည်း ချေးငွေလျှောက်ထားသူတို့ က အခြားမြို့များ၌ အာမခံအဖြစ် ထားရှိ ရမည့် ပစ္စည်းများရှိရာ မြို့များ၌ ဘဏ်ခွဲ များရှိနေလင့်ကစား နှစ်ရာခိုင်နှုန်း တံဆိပ်ခေါင်းခွန် ပေးဆောင်ရန်၊ သို့ မဟုတ် မှတ်ပုံတင်ခြင်းမှ ကင်းလွတ်ခွင့် ရစေရန် ပုဒ်မ ၅၈ ပုဒ်မခွဲ (စ)တွင် ပါရှိ သည့် မြို့ငါးမြို့သို့ သွားရောက်၍ ချေးငွေ လျှောက်ထားခြင်းများ ပြုလုပ်လာကြပါ သည်။

နိုင်ငံတော်သို့ ပေးဆောင်ရန် အခွန်ကို တိမ်းရှောင်နေသည့်သဘော လည်း ဖြစ်ပါသည်။ ဤကဲ့သို့ ပုဒ်မ ၅၈ ပုဒ်မခွဲ (စ)သည် အားနည်းချက်များရှိနေ သည့်အတွက် ဘဏ်များ အလွန်များပြား သည့်အချိန်တွင် ဖော်ပြပါဥပဒေပုဒ်မ ၅၈ ပုဒ်မခွဲ (စ)၌ ပြည်ထောင်စုမြန်မာ နိုင်ငံတော်၏ မြို့တော် နေပြည်တော် နှင့်တကွ သင့်တော်သောမြို့များကိုပါ ဖြည့်စွက်ရန် အလေးအနက် စဉ်းစားသင့် ပါသည်။

နေပြည်တော်နှင့်တကွ တခြားမြို့များ ကိုပါ ပုဒ်မ ၅၈ ပုဒ်မခွဲ (စ)တွင် ထည့်သွင်း ရန်ကိစ္စသည် ပုဒ်မ ၅၈ ပုဒ်မခွဲ(စ)ကို ပြင်ဆင် ပြဋ္ဌာန်းရန်မလိုပါ။

ပုဒ်မ ၅၈ ပုဒ်မ ခွဲ(စ) ပြဋ္ဌာန်းချက်အရပင်လျှင် အစိုးရ က မြန်မာနိုင်ငံပြန်တမ်းတွင် အမိန့် ကြော်ငြာစာထုတ်ပြန်၍ မိမိထပ်မံ ဖြည့်စွက် ထည့်သွင်းလိုသော မြို့ကြီးများကို အမိန့်ကြော်ငြာထဲ၌ ဖော်ပြရုံ ဖြင့်ပင် ဥပဒေအရ ဆောင်ရွက်ပိုင်ခွင့်ရှိ သွားပြီဖြစ်ပါသည်။

နိုင်ငံတော်နှင့် အများပြည်သူအကျိုးအတွက် ဤကိစ္စကို သက်ဆိုင်ရာဝန်ကြီးဌာနနှင့် ရှေ့နေချုပ်ရုံးတို့က အလေးအနက် စဉ်းစားသင့်ပါကြောင်း ရေးသားဖော်ပြအပ်ပါသည်။

Advertisements
Categories: Bank, Economic
  1. No comments yet.
  1. No trackbacks yet.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

– လှုပ်ခတ်နေသောမှတ်စုများ (DVB) –

Categories

free counters