Home > DKBA, Ethnic Armed Groups, Interview > နအဖ အစိုးရနှင့် တွေ့ ဆုံဆွေးနွေးခဲ့သော ဒီကေဘီအေ ဒုဦးစီးချုပ် ဗိုလ်မှူးကြီး မိုရှေးနှင့် ဆက်သွယ်မေးမြန်းချက်

နအဖ အစိုးရနှင့် တွေ့ ဆုံဆွေးနွေးခဲ့သော ဒီကေဘီအေ ဒုဦးစီးချုပ် ဗိုလ်မှူးကြီး မိုရှေးနှင့် ဆက်သွယ်မေးမြန်းချက်

Sunday, 06 November 2011 16:48 Written by လေးငယ် — ရွှေဟင်္သာ သတင်းဌာန

နအဖ၏ ပြည်ထောင်စု ငြိမ်းချမ်းရေး အဖွဲ့ သည်၊ ဗိုလ်မှူးချုပ် စောလားဖွယ် ဦးဆောင်သည့် ဒီကေဘီအေ(ကလို့ထူးဘော) တပ်ဖွဲ့ကို အပစ်အခတ် ရပ်စဲရေးအတွက် စတင် ကမ်းလှမ်း လာသဖြင့် အောက်တိုဘာ (၂၆) ရက်နေ့တွင် မွန်ပြည်နယ်၊ မော်လမြိုင်မြို့ရှိ ပြည်နယ် ဧည့်ခန်းမဆောင်၌ တွေ့ဆုံဆွေးနွေးခဲ့ပါသည်။ ယင်းတွေ့ ဆုံပွဲတွင် ဒီကေဘီအေ ဖက်မှ ဒုဦးစီးချုပ် ဗိုလ်မှူးကြီး၊ မိုရှေး၊ ဗိုလ်မှူး စိန်ဝင်းနှင့် ဗိုလ်မှူး ပိဒါးတို့  တက်ရောက်ခဲ့ပြီး နအဖ၏ ပြည်ထောင်စု ငြိမ်းချမ်းရေး အဖွဲ့ ဖက်မှ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ ဖြိုးရေး ပါတီ အတွင်းရေးမှူး အဖွဲ့ ဝင်များဖြစ်သော ဦးအောင်သောင်း ၊ ဦးသိန်းဇော် နှင့် ဗဟိုကော်မီတီဝင် ဦးမောင်မောင်သိန်း၊ မွန်ပြည်နယ် ၀န်ကြီးချုပ် ဦးအုန်းမြင့် တို့က မနက်(၁၀) နာရီတွင် ဆွေးနွေး ခဲ့ကြပါသည်။

အောက်တိုဘာ (၂၆) ရက်နေ့ မွန်းလွှဲ တနာရီမှာပင်၊ အရှေ့ တောင်တိုင်း တိုင်းမှူး ဗိုလ်မှူးချုပ် ၀င်းအောင်လှိုင်၊ ကရင် ပြည်နယ် ၀န်ကြီးချုပ် ဦးဇော်မင်းနှင့် လုံခြုံရေးနှင့် နယ်စပ်ရေးရာ ၀န်ကြီး၊ ဗိုလ်မှူးကြီးအောင်လွင်တို့ နှင့်လည်း ဒုတိယ အကြိမ် ထပ်မံ တွေ့ ဆုံ ဆွေးနွေးခဲ့ပါသည်။ ဤတွေ့ ဆုံပွဲနှင့်ပြီး၊ ဆွေးနွေးခဲ့သည့် အချက်များကို ဒီကေဘီအေ ဒုဦးစီးချုပ် ဗိုလ်မှူးကြီး မိုရှေးနှင့် တွေ့ ဆုံမေးမြန်းခြင်းဖြစ်ပါသည်။ သူပြောတာက –

ကျနော်တို့ကတော့ နိုင်ငံရေးအရ ဆွေးနွေးချင်တဲ့ ဆန္ဒရှိပါတယ်။ ပြီးတော့ အစိုးရသစ်လည်း တက်လာနေပြီးဆိုတော့ အစိုးရဟောင်းနဲ့ ပေါ်လစီအရ နဲနဲတော့ ကွာခြားမှာပေါ့လေ။ ဒါကြောင့် ဘာတွေ ကွာခြားမလဲ သိရအောင် သူတို့ကမ်းလှမ်းချက်ကို အစမ်းသဘောနဲ့ ကျနော်တို့ လက်ခံပြီး ဆွေးနွေးလိုက်တာပါ။ ဒီပထမ အခေါက်မှာကတော့ မော်လမြိုင် ကမွန်ပြည်နယ် ၀န်ကြီးချုပ်ရုံးရဲ့ ဧည့်ရိပ်သာခန်းမမှာ ပထမအကြိမ် ဆွေးနွေးတယ်၊ ပြည်ထောင်စု ငြိမ်းချမ်းရေးအဖွဲ့ပေါ့။

အဲဒီပွဲမှာ ၀န်ကြီးဦးအောင်သောင်းရယ် ၀န်ကြီးဦးသိန်းဇော်ရယ် ၀န်ကြီး ဦးမောင်မောင်သိန်းပါတယ်၊ ပြီးတော့ မွန်ပြည်နယ် ၀န်ကြီးချုပ်ပေါ့။ အဲဒီမှာ ဆွေးနွေးတာက အဓိကကတော့ မူအရ အပစ်အခတ် ရပ်စဲရေးပါဘဲ။ အလွတ်သဘောပါဘဲ ကျနော်တို့ကလည်း အဲဒါကို သဘောတူပါတယ်၊၊ အဲဒါနဲ့ နေ့လည်စာပြီးတော့ အရှေ့ တောင်တိုင်းမှာ နောက်တခါ ထပ်ဆွေးနွေးဖို့ လာခေါ်ပါတယ်။

အရှေ့ တောင်တိုင်းမှာကျတော့ တိုင်းမှူး ဗိုလ်မှူးချုပ် ၀င်းအောင်လှိုင်ရယ်၊ ကရင် ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မင်းနှင့် လုံခြုံရေးနှင့် နယ်စပ်ရေးရာ ၀န်ကြီး၊ ဗိုလ်မှူးကြီးအောင်လွင်တို့နဲ့ ဖြစ်ပါတယ်။ အဲဒီတုန်းက ကျနော်တို့ သဘောတူညီ တာတွေက သိပ်မရှိဘူးလေ ဟိုပဏာမတို့ ဆွေးနွေးပွဲမှာ သဘောထားချတဲ့ အဆင့်ဘဲရှိတော့ နံပါတ်

(၁) အပစ်ရပ်ရေး ၊
(၂) ဆက်ဆံရေး စခန်းထားရှိရေး၊
(၃) နယ်မြေကျော်လွန်ပြီး လက်နက်ကိုင်ဆောင်မှုနဲ့ ပတ်သက်လို့ အဲဒါ အသိပေးအကြောင်းကြားရေးပေါ့နော် အဲဒီ (၃) ချက်ပါဘဲ။ ပဏာမဆွေးနွေးခဲ့တာပေါ့။ ပြီးတော့ နောက်တကြိမ် ဆွေးနွေးအတွက်ဆိုပြီး ဖါးအံမြို့ ကို ထပ်ချိန်းလိုက် ပါတယ်။ အဲဒီပဏာမဆွေးနွေးပွဲအပြီးမှတော့ အရှေ့တောင်တိုင်းတိုင်းမှူးက နောက်တကြိမ်ဆွေးနွေးပွဲအတွက် သဘောတူရမဲ့ အချက်တွေကို စာရေးပါးလိုက်ပါတယ်။ အဲဒီစာကတော့

၁-  နှစ်ဦးနှစ်ဖက် တပ်များသည် (၆) ရက်မှစ၍ အပြန်အလှန် ပစ်ခတ် တိုက်ခိုက်မှုများကို ရပ်ဆိုင်းထားရန် သဘောတူသည်။

၂-  ကလိုထူးဘော တပ်ဖွဲ့ဝင်များကို (ဆုံဆည်းမြိုင်) နေရာဝန်းကျင်တွင် ယာယီအခြေပြုနေထိုင်ရန် သဘောတူသည်။

၃-  နှစ်ဦး နှစ်ဖက် အပြန်အလှန် ဆက်ဆံဆွေးနွေးမှုများ ပြုလုပ်နိုင်ရန် အတွက်နှင့် သဘောတူညီသော နေရာများတွင် နှစ်ဖက်သဘော တူညီကြသော ပုဂ္ဂိုလ်များဖြင့် ဆက်ဆံရေး၊ ဌာန၊ စခန်းများ ထူထောင်မည်။

၎-  နှစ်ဦး နှစ်ဖက်သဘောတူညီထားသော နယ်မြေများမှသာ နယ်မြေကျော်လွန် လက်နက်ကိုင်ဆောင်ခွင့် များကို နှစ်ဦး နှစ်ဖက် ကြိုတင် ညှိနှိုင်းစေပြီးဆောင်ရွက်မည်။

၅-  ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမည့် အဖွဲ့နှင့် (ဦးစောလားဖွယ်) ခေါင်းဆောင်သော ကလို့ထူးဘော တပ်ဖွဲ့မှ အဆင့်မြင့် ငြိမ်းချမ်းရေးဆွေးနွေးမည့် ပုဂ္ဂိုလ်များသည် နှစ်ဦး နှစ်ဖက် တူညီသောနေရာ အချိန် ကာလတွင် တွေ့ဆုံ၍ နယ်မြေ တည်ငြိမ်းအေးချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေး တပ်ဖွဲ့ဝင်များ၏ စားဝတ်နေရေး ကိစ္စများနှင့် ထာဝရငြိမ်းချမ်းရေး ရသည့်အထိ ဆက်လက်ဆွေးနွေးသွားရန် သဘောတူသည်။ ဟူ၍ဖြစ်ပါသည်။

နောက်တကြိမ်ဆွေးနွေးပွဲကိုတော့ နိုဝင်ဘာ (၃)ရက်နေ့မှာ ဖါအံမြို့ မှာတွေ့ ဆုံဖို့ ဖြစ်ပါတယ်။ အဲတာနဲ့ ဆွေးနွေးပြီးတော့ အောက်တိုဘာ (၂၈) ရက်နေ့မှာ ကျနော်တို့ ဌာနချုပ် စခန်းကို ပြန်ရောက်လာပါတယ်။ အောက်တိုဘာ(၃၁) ရက် နေ့ကျတော့ ကျနော်တို့ နောက်တကြိမ်ဆွေးနွေးဖို့  စခန်းကနေ ဖါးအံမြို့ ကို ထွက်ခွာသွားပါတယ်။ ဒုတိယ အခေါက်အတွက်ပေါ့။

ဒုတိယ အခေါက်မှာတော့ ဘားအံမြို့  ပြည်နယ်ရဲရုံးမှာပါ အဲဒီပွဲမှာလည်း ဒါကခုနက ကျနော်ပြောခဲ့တဲ့ပြည်ထောင်စု ငြိမ်းချမ်းရေး အဖွဲ့ တွေ အားလုံးပါတယ် ပြီးတော့ ပြည်နယ်မှာက ကရင် ပြည်နယ် ၀န်ကြီးချုပ် ဦးဇော်မင်းနှင့် လုံခြုံရေး နှင့် နယ်စပ်ရေးရာ ၀န်ကြီး၊ ဗိုလ်မှူးကြီးအောင်လွင်တို့ပါပါတယ်။ ပြီးတော့ နယ်ခြားစောင့်တပ်နဲ့ ပြည်သူ့စစ် စစ်ဦးစီး ပထမတန်း ဒုတိယဗိုလ်မှူးကြီး ကျော်မြင့်လည်း ပါတယ်ဗျ။ တခါပြည်နယ် ဥပဒေချုပ်၊ ပြည်နယ်ရဲ့ အတွင်းရေးမှူးလည်း တက်ရောက်ပါတယ်။

ကျနော်တို့ ဖက်ကတော့ ပထမ အခေါက်တုန်းက (၃)ဦးဘဲ သွားတယ်လေ၊ ဒုတိယ အခေါက်ကျတော့ တိုင်းမှူးက မှာလိုက်တယ်၊ ပွဲက ပိုလှအောင်ပေါ့ (၅)ယောက်ကနေ (၇)ယောက်ဖြစ်ရင် ကောင်းမယ်ဆိုလို့ ကျနော်တို့က (၇)ယောက် သွားပါတယ်။ အဖွဲ့ ထဲမှာ ကျနော်ရယ်၊ ဗိုလ်မှူးစိန်ဝင်း၊ ဗိုလ်မှူးစောဟိဒို၊ ဗိုလ်မှူးမောင်လေး၊ ဗိုလ်မှူး ပိဒါး၊ ဗိုလ်လုပ် လုံအပါဝင် (၁၁)ဦး သွားပါတယ်။

လက်မှတ်ထိုးတော့အောက်က စာချုပ်အတိုင်းပါဘဲ။ ကျနော်တို့ဖက်က (၄)ယောက်ပါတယ်။ သူတို့ဖက်ကလည်း (၄) ယောက်ဘဲ လက်မှတ်ထိုးကြပါတယ်။

DKBA_cease_fire1

ဒီကေဘီအေနှင့် စစ်အစိုးတို့၏ အပစ်အခတ်ရပ်စဲရေး တရားဝင် သဘောတူညီချက် စာချုပ်ပုံ (ဓါတ်ပုံ – ရွှေဟင်္သာ သတင်းဌာန)

DKBA_cease_fire2

ဒီကေဘီအေနှင့် စစ်အစိုးတို့၏ အပစ်အခတ်ရပ်စဲရေး တရားဝင် သဘောတူညီချက် စာချုပ်ပုံ (ဓါတ်ပုံ – ရွှေဟင်္သာ သတင်းဌာန)

မေးခွန်း၊ ဆရာရေ အရင် BGF မပြောင်းခင်က ရှိခဲ့တဲ့ DKBA ရဲ့ အခြေအနေနဲ့ အခုရလိုက်တဲ့ သဘော တူညီချက်က ဘာများကွာခြားချက်တွေများ ပါရှိလဲ။ သဘောကတော့ အခုသဘောတူညီချက်ဟာ အခွင့်အရေး အရပြောရင် အရင်ရခဲ့တဲ့ အဆင့်လောက်တောင် မရှိပါဘူး ဘယ်လိုမြင်ပါလဲ။

ဟုတ်ကဲ့ အရင်ကရပ်တည်ခဲ့တဲ့ DKBA အခြေအနေမှာ ကျနော်တို့ လွတ်လပ်မှုကိုကြည့်ပါတယ်။  နယက ဆရာတော် အနေနဲ့ ထားရှိခဲ့တာပေါ့နော် နောက် BGF ကျတော့ တခါတည်းနယ်ခြား စောင့်တပ်ပြည်သူ့ အသွင်ပြောင်းလိုက်တော့ ကျနော်တို့ရဲ့ ဒီကေဘီအေအခန်းကဏ္ဍက ပျောက်သွားတယ်လေ။   အဲဒါကိုကျတော့ ကျနော်တို့ လက်မခံနိုင်ဘူးလေ။
ဒါကြောင့်ပြန်တိုက်တာဖြစ်တယ်။ အခုတော့ ဒီကေဘီအေ အနေနဲ့ ရပ်တည်နေတယ်လေ၊ ကွာတာပေါ့။ BGF ကမလွတ် လပ်ဘူးလေ။

ပြီးတော့ အခုချိန်မှာ နိုင်ငံတော် အစိုးရလည်း အသစ်တက်လာတယ် သူတို့ကလည်း နိုင်ငံတော်အေးချမ်းသာယာရေးနဲ့ ဖွံ့ဖြိုးရေးတွေကို ဦးတည်ပြီးလုပ်မယ်ဆိုတော့ အဲမှာ ကမ်းလှမ်းလာခဲ့တယ်။ ဒါကြောင့် ကျနော်တို့က သွားတွေ့တယ်  တွေ့ပြီးတော့ ပမာဏ အဆင့်(၁) ပဏာမဆွေးနွေးပွဲ အနေနဲ့ နှစ်ဦးနှစ်ဖက်သဘောတူ လက်မှတ်ထိုးလိုက်ပါတယ်။  အဲဒါကွာခြားလာတာက DKBA က ကိုယ့်ပြည်နယ်ထဲမှာ ကိုယ့်လက်နက်ကို ကိုယ်ဆွဲကိုင်ပြီးတော့ ရပ်တည်လို့ ရတဲ့ အနေထားဖြစ်ပါတယ်။ ဒီ BGF အသွင်နဲ့တော့ မတူဘူးပေါ့။

မေး၊ လောလောဆယ် အပစ်ခတ်ရပ်ဆဲရေးကို သဘောတူလိုက်ပြီးဆိုတော့ တခြားမဟာမိတ်တွေအပေါ်မှာ ဆက်ဆံ ရေးတွေ မထိခိုက်နိုင်ဘူးလား။

မထိခိုက်နိုင်ပါဘူး အခုလည်းကျနော်တို့သိရသလောက်က မိခင် KNU ကလည်း  သူလည်း ဒီလမ်းကြောင်းပေါ်တက် သွားနေတယ်  ဘာကြောင့်လဲဆိုတော့ အခုကနိုင်ငံရေး အသွင်နဲ့ စကားပြောမဲ့ အနေအထားရှိသလို စစ်ရေးအသွင်နဲ့လည်း ချဉ်းကပ်ရမဲ့ အနေအထားလည်းရှိတာပေါ့ အခုလက်ရှိက နိုင်ငံရေး လမ်းကြောင်းပေါ် တက်ရတော့မယ်လေ။ ရှိခဲ့မယ်ဆိုရင်လည်း ဆက်ဆံရေးပျက်လောက်မဲ့ အနေအထား မျိုးတော့ မဖြစ်နိုင်ဘူးပေါ့လေ။ အခုကကျနော်တို့ စုပေါင်းပြီး အလုပ်လုပ်ရမဲ့ခေတ်ရောက်နေပြီး ။

မေး။ လက်ရှိအစိုးရဟာ အပေါ်ယံကြောလောက်ဘဲ ပြောင်းလဲမှုတွေ လုပ်နေတယ်လို့ လူတွေက သုံးသပ်နေတာရှိပါတယ်။ ဒီတော့ အဲဒီလိုဖြစ်ရိုးမှန်ရင် တချိန်တချိန်မှာ အပစ်ခတ်ရပ်စဲရေးဟာ မပျက်နိုင်ဘူးလား။ အဲဒီအပေါ်မှာ ဆရာတို့ ဘာတွေပြောချင်လဲ

– တကယ်လို့သာ အပေါ်ယံကြောလောက်ဘဲ ပြောင်းလဲတယ် အနှစ်သာရမပြည့်တဲ့  ငြိမ်းချမ်းရေးဖြစ်ခဲ့ရင် အပစ်ခတ်ရပ် စဲရေးကတော့ ပျက်မှာဘဲ။ တကယ်လို့အနှစ်သာရ ပြည့်တဲ့ငြိမ်းချမ်းရေး ဖြစ်ခဲ့ရင်တော့ ထာဝရငြိမ်းချမ်းရေးကိုတော့ တနိုင်ငံလုံးအတိုင်းအတာအထိ ရသွားမှာပေါ့နော်။

မေး။  နံပါတ်(၅)ရဲ့ သဘောတူညီချက်မှာ နောက်တဆင့်ဆွေးနွေးဖို့ အတွက်ဆိုတာက ဘယ်တော့မှ စမှာလဲ

– အဲဒီဟာတော့ ကျနော်တို့ အချိန်အတိအကျ မပြောနိုင်သေးဘူး။ ကျနော်တို့ဘက်က အဆင်သင့်ဖြစ်တဲ့အနေအထား ကျရင် ခေါင်းစဉ်တချက်ချင်းကို ကျနော်တို့ စီစဉ်ပါ့မယ်။ တခါတည်းအပြီးအငြိမ်းနဲ့ မဆွေးနွေးပါဘူး။ ကျနော်တို့ ရဲ့အဖွဲ့  မှာလည်း စုပေါင်းခေါင်းဆောင်မှုနဲ့ တိုင်ပင်ဆွေးနွေးပြီးတော့ ပြည်သူလူထုနဲ့ တိုင်ပင်ရဦးမယ်လေ။  ကျနော်တို့လုပ်ခဲ့ တယ်ဆိုတာက ပြည်သူလူထုအတွက်ဆိုတော့ ပြည်သူလူထုက လိုချင်တဲ့ပုံစံက ဘယ်လိုပုံစံလဲ အဲဒါကို ကျနော်တို့က တချက်ချင်း တချက်ချင်း တောင်းဆိုသွားမယ်။

မေး။ အစိုးရဟာ ဒီဆုံဆည်းမြိုင်မှာနေရာမှာ၊ ယာယီဘဲ သူတို့ပြောထားတယ်ဆိုတော့ ယာယီဆိုတာ ဘယ်လောက် အတိုင်းအတာရှိလဲဆရာ။

ယာယီအတိုင်းအတာ ဆိုတာကလည်း နှစ်ဦးနှစ်ဖက်မှာ မူတည်ပါတယ် ဥပမာ ကျနော်တို့က ဒီဟာကို အတည်ပြုတော့ မလားပေါ့နော် အတည်ပြုမယ် ဆိုရင်တော့ အတည်ဖြစ်မယ် အတည်မပြုနိုင်သေးဘူးဆိုရင်တော့ နောက်ထပ်တနေရာ ရွေးမယ်ဆိုရင် နောက်ထပ်တနေရာအတွက် ကျနော်တို့ တိုင်ပင်ကြည့်သွားပါ့မယ်။ အဲဒါကြောင့် ကျနော်တို့ နံပါတ်(၅) အချက်မှာဘဲ ကျနော်တို့ ထည့်ထားတယ် အဲဒါ ဆက်လက်ပြီးတော့ ဆောင်ရွက်သွားမဲ့ ကိစ္စလေးတွေ ဖြစ်ပါတယ်။

ဒီကေဘီအေ ဒုဦးစီးချုပ် ဗိုလ်မှူးကြီးမိုးရှေးနှင့် ဆက်သွယ်မေးမြန်းခန်းဖြစ်ပါတယ်။ အလျဉ်းသင့်ရင်လည်း ဆက်လက် မေးမြန်းသွားရန် ရှိပါတယ်။ မေးမြန်းလိုသည့် အကြောင်းအရာကတော့ ဒီကေဘီအေအနေနဲ့  အပစ်အခတ် ရပ်စဲပြီးရင် ဘာဆက်မလဲ ဖြစ်ပါတယ်။ စောင့်မျှော်ကြပါ။

  1. No comments yet.
  1. No trackbacks yet.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

– လှုပ်ခတ်နေသောမှတ်စုများ (DVB) –

Categories

free counters