Home > Bank, Economic > ပုဂ္ဂလိကဘဏ်များ ငွေထုတ်သည့်ကတ်ပြား စတင်ထုတ်ပေးတော့မည် (DVB,The Voice)

ပုဂ္ဂလိကဘဏ်များ ငွေထုတ်သည့်ကတ်ပြား စတင်ထုတ်ပေးတော့မည် (DVB,The Voice)

Published on November 4, 2011 by သူရိန်စိုး  ··  (DVB)

ပုဂ္ဂလိကဘဏ်တွေက အလိုလျောက် ငွေထုတ်တဲ့ကတ်ပြား ATM တွေ မကြာခင် စတင်ထုတ်ပေးတော့မှာပါ။

ကမ္ဘောဇဘဏ်က နိုဝင်ဘာ ၈ ရက်နေကစပြီး​ ATM ကတ်တွေ စထုတ်ပေးမှာ​ ​ဖြစ်ပြီး ​ငွေထုတ်တဲ့စက်တွေကိုတော့ ကမာရွတ်ရုံးချုပ်၊ မြေနီကုန်းဘဏ်ခွဲ၊ ဗိုလ်အောင်ကျော်လမ်းက ဘိုတထောင်ဘဏ်ခွဲနဲ့ သင်္ကန်းကျွန်း​ ဘဏ်ခွဲတွေမှာ စတင် တပ်ဆင်မှာ ဖြစ်တယ်လို့ ကမ္ဘောဇဘဏ် တာဝန်ရှိသူတဦးက ပြောပါတယ်။

“လောလောဆယ် ဝန်ဆောင်မှုကတော့ ATM ဆိုတော့ ငွေထုတ်တဲ့ ဝန်ဆောင်မှုပါပဲခင်ဗျာ။ card ကြေးတွေ ဘာတွေ လောလောဆယ်မှာ ကျနော်တို့ ကောက်ခံခြင်း မရှိသေးပါဘူးခင်ဗျ။ ဘာဖြစ်လို့လဲဆိုတော့ အခုလောလောဆယ် ရန်ကုန်မြို့တွင်းမှာပဲ အသုံးပြုခွင့် ရှိသေးတဲ့အတွက်ကြောင့်မို့လို့။ လောလောဆယ် ကျနော်တို့ ATM ၄ လုံးနဲ့ပဲ စပါမယ်ခင်ဗျ။ နောက်ပြီးရင်တော့ ဒီလကုန်ပိုင်းမှာ​ ATM ထပ်ရောက်လာဖို့​ ရှိပါတယ်။ ထပ်ရောက်လာရင် ရန်ကုန်မြို့ရဲ့ အချက်အချာ ကျတဲ့နေရာတွေရယ်​၊​ ဘဏ်ခွဲတွေရယ် အကုန်လုံးမှာ ဆက်လက်ထားသွားဖို့ ရည်ရွယ်ထားပါတယ်။ တနေ့တာ ထုတ်ခွင့်ကို ၁၀ သိန်းအထိ သတ်မှတ်ထားပါတယ်။ ဒါပေမယ့် customer (ငွေအပ်နှံသူ) အပေါ် မူတည်ပါတယ်။ customer ရဲ့ သုံးချင်တဲ့ ငွေပမဏကို ထားပေးပါ့မယ်။ ၁၀ သိန်းထက်တော့ မကျော်ပါဘူး။”

ငွေစာရင်းဖွင့်ထားသူတိုင်း ATM ကတ် လျှောက်ထားခွင့်ရှိပြီး ပထမ တနှစ်အတွက် ဝန်ဆောင်မှုကြေး​ ပေးစရာမလိုဘူးလို့လည်း ကမ္ဘောဇဘဏ် တာဝန်ရှိသူက ပြောပါတယ်။

ATM ကတ်တွေ ထုတ်ပေးတာဟာ ခေတ်သစ်ဘဏ်လုပ်ငန်းရဲ့ ပထမ ခြေလှမ်းဖြစ်သလို ဘဏ်တွေ မဖြစ်မနေဖြတ်သန်းရမယ့် လုပ်ငန်းစဉ်တခုလည်း ဖြစ်ပါတယ်။

ဘဏ်တွေမှာ ငွေစာရင်းဖွင့်သူတွေ​ များလာသလို ATM ကတ် လုပ်သူတွေ များလာတာနဲ့အမျှ ဘဏ်လုပ်ငန်းတွေလည်း ဖွံ့ဖြိုးတိုးတက်လာမှာပါ။

ဘဏ်တွေဘက်ကလဲ စားသုံးသူတွေအတွက် ဝန်ဆောင်မှုတွေကို အချိန်တိုအတွင်း တိကျမှန်ကန်အောင် လုပ်ဆောင်ပေးရမှာ ဖြစ်ပါတယ်။

——————————————————————————————————–

အလိုအလျောက် ငွေထုတ်စက် ရှစ်နှစ်အကြာ တစ်ကျော့ပြန် အသုံးပြု

Friday, 04 November 2011
Written by The Voice Weekly

atm_crရန်ကုန်၊ နိုဝင်ဘာ ၁

မြန်မာနိုင်ငံတွင် ရှစ်နှစ်ခန့်အကြာ အသုံးပြုခွင့် ရပ်နားထားခဲ့သည့် အလိုအလျောက် ငွေထုတ်စက် (ATM) နှင့် ကတ်စနစ်များကို နိုဝင်ဘာလ ၁ ရက်နေ့တွင် မြန်မာနိုင်ငံတော် ဗဟိုဘဏ်က စတင်အသုံးပြုခွင့် ပေးလိုက်သဖြင့် လသာမြို့နယ်ရှိ သမဝါယမဘဏ် ရုံးချုပ်၌ စတင် အသုံးပြုနိုင်ပြီ ဖြစ်ကြောင်း ယင်းဘဏ် ဦးဆောင်ညွှန်ကြားရေးမှူး ဦးဖေမြင့်က ပြောကြားသည်။

ယင်းကတ် အသုံးပြုလိုပါက ကတ်တန်ဖိုးအတွက် ၁၅၀၀ ကျပ်နှင့် နှစ်စဉ်ကြေး ၃၀၀၀ ကျပ် ပေးသွင်းရန် လိုအပ်သော်လည်း ပထမဦးဆုံး ပြုလုပ်သော ကတ်တစ်ထောင်အတွက် အခကြေးငွေ ကင်းလွတ်ခွင့် ပေးမည်ဖြစ်ကြောင်း၊ ကတ်တွင်း ထည့်သွင်းနိုင်သည့် ငွေကြေးပမာဏကို ကန့်သတ် မထားဘဲ စတင်ချိန်တွင် အနည်းဆုံး ကျပ်ငွေ တစ်ထောင်ဖြင့် စာရင်းဖွင့် နိုင်ပြီး တစ်ရက်တွင် ငွေကျပ် ၁၀ သိန်းအထိ အများဆုံး ထုတ်ယူနိုင်ကြောင်း ယင်း ATM ကတ်ဆိုင်ရာ တာဝန်ရှိသူက ဆိုသည်။

နိုင်ငံတကာ ATM ကတ်များ၏ လုပ်ဆောင်ချက်များမှာ ငွေစုစာရင်းများ၊ စာရင်းရှင် အပ်ငွေစာရင်းများ၊ စာရင်းသေ အပ်ငွေ စာရင်းများနှင့် ချိတ်ဆက် ထားသဖြင့် ယင်းကတ်ဖြင့် ဈေးဝယ်ခြင်း၊ မီတာဆောင်ခြင်း၊ ငွေထုတ်ခြင်း စသည်ဖြင့် အသုံးပြုနိုင်သော်လည်း ယခုစနစ်မှာ ဘဏ်ကတ်တွင် ရှိသည့်ငွေကို ပြန်လည် ထုတ်ယူသည့် ဝန်ဆောင်မှုသာ ရရှိသေးကြောင်း ဦးဖေမြင့်က ဆိုသည်။

” အခုက အမြန်လုပ်ရတာ၊ နောက် တစ်နှစ်လောက်နေမှ အဲလို လုပ်ပေးနိုင်မယ် ” ဟု ၎င်းက ပြောဆိုသည်။

လတ်တလောတွင် ယခင်ငွေစာရင်း ဖွင့်ထားပြီးသူများမှာ ယင်းဘဏ်ကတ်တွင် ငွေဖြည့်ရန် ဘဏ်သို့ လူကိုယ်တိုင် မလာနိုင်လျှင် စာပို့ကာ ၎င်းတို့ ငွေစာရင်းမှ ဘဏ်စာရင်းသို့ လွှဲပြောင်းနိုင်သည်ဟု ၎င်းက ပြောဆိုသည်။

တစ်နိုင်ငံလုံးရှိ ၎င်းတို့ ဘဏ်ခွဲ များတွင် ယခုလ ၂၁ ရက်နေ့ နောက်ပိုင်း၌ တရုတ် ပြည်သူ့သမ္မတ နိုင်ငံထုတ် GRG တံဆိပ်နှင့် အခြားနိုင်ငံထုတ် ATM စက်များနှင့် အသုံးပြုနိုင်ရန် စီစဉ်လျက် ရှိပြီး ရန်ကုန်မြို့ ပြည်လမ်းပေါ်ရှိ တော်ဝင် စင်တာတွင်လည်း ATM စက် ထားရှိရန် စီစဉ်နေကြောင်း ဦးဖေမြင့်က ဆိုသည်။

” ခေတ်သစ်ဘဏ်စနစ်ရဲ့ အစတစ်ခုပဲ ” ဟု စင်ကာပူဘဏ်မှ မြန်မာနိုင်ငံ ဌာနေကိုယ်စားလှယ် တစ်ဦးက ယင်းဘဏ် ATM ကတ်အတွက် လာရောက် စာရင်းဖွင့်စဉ်က မှတ်ချက်ပြု ပြောကြားသည်။

အဆိုပါ ATM ကတ်စနစ်ကို ယင်းနေ့တွင်ပင် အသုံးပြုခွင့် ပေးသဖြင့် သမဝါယမဘဏ်က ချက်ချင်း အကောင်အထည် ဖော်ခြင်း ဖြစ်ပြီး ကမ္ဘောဇ၊ အာရှစိမ်းလန်းမှု ဖွံ့ဖြိုးရေးဘဏ်၊ မြဝတီဘဏ်နှင့် ဧရာဝတီ ဘဏ်တို့က ယခုလအတွင်း ဖွင့်လှစ်မည် ဖြစ်ကြောင်း ဧရာဝတီဘဏ်မှ အထွေထွေ မန်နေဂျာ ဦးကိုကိုဦးက ပြောကြားသည်။

အာရှစိမ်းလန်းမှု ဖွံ့ဖြိုးရေးဘဏ်က ၎င်းတို့ ATM ကတ်စနစ်တွင် အပ်ငွေစာရင်းနှင့် ချိတ်ဆက်နိုင်ရန် စီစဉ်မည် ဖြစ်ပြီး Standing Instruction အနေဖြင့် လက်မှတ်ထိုး ပေးထားရမည် ဖြစ်ကြောင်း ၎င်းက ဆိုသည်။

” မသုံးတာ ကြာတော့ ပြန်ပြီး စမ်းသပ်သုံးချင်လို့။ ဒါပေမဲ့ အရင်က (ATM) စက်တွေက အပြင်မှာဆိုတော့ စနေ၊ တနင်္ဂနွေတွေ အဆင်ပြေတယ်။ အခုက ဘဏ်ထဲမှာ ဆိုတော့ သိပ်ပြီး အသုံးမဝင်ဘူး” ဟု ယခင်က မေဖလားဝါး ဘဏ်ကတ် အသုံးပြုခဲ့ဖူးပြီး ယခု သမဝါယမဘဏ်တွင် ATM ကတ် အသုံးပြုနေသူ အသက် ၂၅ နှစ်အရွယ် အမျိုးသား တစ်ဦးက ဆိုသည်။

ထိုင်းနိုင်ငံတွင် ATM ဖြင့် အသုံးပြုရန် ကတ်ပြုလုပ်မည် ဆိုပါက ဘတ် ၅၀၀ (မြန်မာငွေ ကျပ် ၁၅,၀၀၀ ခန့်) ပေးသွင်းရပြီး ဘတ် ၂၀၀ ကို ကတ်တန်ဖိုး အဖြစ် နုတ်ယူကာ နှစ်စဉ်ကြေး ပေးဆောင်ရန် မလိုကြောင်း ချင်းမိုင် မြို့တော်တွင် ပညာသင်ယူနေသော မြန်မာကျောင်းသား တစ်ဦးက ဆိုသည်။

မြန်မာနိုင်ငံသည် အရှေ့တောင် အာရှ၌ ATM ကတ်စနစ် အစောဆုံး အသုံးပြုခဲ့သည့် နိုင်ငံများတွင် တစ်ခု အပါအဝင် ဖြစ်ခဲ့ပြီး မြန်မာမေဖလားဝါးဘဏ် တစ်ခုတည်းက ၁၉၉၅ ခုနှစ်ပိုင်းတွင် အသုံးပြုခွင့် ရခဲ့ပြီးနောက် ၂၀၀၃ ခုနှစ် မြန်မာဘဏ် အကျပ်အတည်း ဖြစ်ပွားချိန်တွင် ရပ်ဆိုင်းခဲ့သည်။

ဘဏ်ငွေထုတ်ကတ် (Debit Card) စနစ်နှင့် အကြွေးဝယ်ကတ် (Credit Card) စနစ်များကိုလည်း မြန်မာ မေဖလားဝါး ဘဏ်၊ အာရှဓနဘဏ်တို့က တွင်ကျယ်စွာ အသုံးပြုခဲ့ကြပြီး ၂၀၀၃ တွင် ရပ်ဆိုင်းခဲ့ရကြောင်း၊ ယခု ဘဏ်ကတ်စနစ်များ ပြန်လည် ခွင့်ပြုလာသော်လည်း Credit Card စနစ်မှာ ခွင့်ပြုဖွယ် မရှိသေးကြောင်း သက်ဆိုင်ရာ ဘဏ် အသီးသီးမှ တာဝန်ရှိသူများက ပြောကြားသည်။

အာဆီယံ နိုင်ငံများအနက် ဖွံ့ဖြိုးမှု နိမ့်ကျသော နိုင်ငံတစ်ခု ဖြစ်သည့် ကမ္ဘောဒီးယား နိုင်ငံတွင်မူ ၂၀၀၅ ခုနှစ်အထိ ATM စက် မရှိသေးသော်လည်း ယခုနှစ်ပိုင်းတွင် ATM စက်ပေါင်း ရှစ်သောင်းခန့် သုံးနေပြီ ဖြစ်သည်။

Categories: Bank, Economic
  1. No comments yet.
  1. No trackbacks yet.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

– လှုပ်ခတ်နေသောမှတ်စုများ (DVB) –

Categories

free counters