Home > Article, General, Media > မြန်မာနိုင်ငံမှာ မီဒီယာ လွတ်လပ်ခွင့် ဘယ်လောက်ရှိနေပြီလဲ

မြန်မာနိုင်ငံမှာ မီဒီယာ လွတ်လပ်ခွင့် ဘယ်လောက်ရှိနေပြီလဲ

Published on November 4, 2011 by တိုင်းကျော်  (DVB)

ခုတလော ပြည်တွင်းမှာ အပြောများနေတဲ့ ကိစ္စတခုကတော့ မီဒီယာလွတ်လပ်ခွင့်ပါ။ မီဒီယာတွေ ဘယ်လောက် လွတ်လပ်ပြီလဲ ဆိုတဲ့ မေးခွန်း ဖြစ်ပါတယ်။

ဒီနေရာမှာ အားလုံး တ​ညီ​တ​ညွတ်​တည်း​​ပြော​ကြတာကတော့ အရင်စစ်အစိုးရ လက်ထက်တုန်းကနဲ့စာရင် အပတ်စဉ်ထုတ် ပုဂ္ဂလိက သတင်းဂျာနယ်တွေမှာ သတင်း၊ ဆောင်းပါးတွေ ပိုပြီး ​ရေးသား​ ​ဖော်ပြခွင့်ရလာတယ် ဆိုတာပါပဲ။ ဒါကလည်း မှန်ပါတယ်။ အသိသာဆုံး ကိစ္စကတော့ ​ဒေါ်အောင်ဆန်းစုကြည်​ ​အင်​တာ​ဗျူး​​တွေ​ ​ဖော်​ပြခွင့်ရလာတာ၊ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်ရေး ဆောင်းပါး ဖော်ပြခွင့်ရတာ၊ ဓာတ်ပုံတွေကို ဖော်ပြခွင့် ရလာတာတွေပဲ ဖြစ်ပါတယ်။

ဒီအတွက်လည်း အရင်ကနဲ့စာရင် ပြည်သူတွေဟာ တစောင် ကျပ် ၅ဝဝ အထက် ဈေးကြီးပေးဝယ်ရတဲ့ သတင်းဂျာနယ်တွေကို ပိုပြီး ဝယ်ယူ ဖတ်ရှုလာကြတာလည်း အမှန်ပဲ ဖြစ်ပါတယ်။ ဒါဆိုရင် ပြည်တွင်းက မီဒီယာ လွတ်လပ်ခွင့် အတော်ခရီးရောက်နေပြီလားလို့ မေးစရာ ရှိနေပါတယ်။

တကယ်တော့ မီဒီယာ လွတ်လပ်ခွင့်အကြောင်းပြောရင် အတော်ကျယ်ပြန့်ပါတယ်။ ပုံနှိပ်မီဒီယာ အကြောင်းတင်မက အခြား အကြောင်းအရာတွေကိုပါ ပြောမှ ပြည့်စုံပါလိမ့်မယ်။ မီဒီယာထဲမှာ အရေးအကြီးဆုံးကတော့ ရုပ်သံမီဒီယာ ဖြစ်ပါတယ်။ လက်ရှိ မြန်မာနိုင်ငံမှာ ရုပ်သံ ထုတ်လုပ်၊ ထုတ်လွှင့်ခွင့်လုပ်ငန်းကို အစိုးရပိုင် မြန်မာ့ရုပ်မြင်သံကြား၊ စစ်တပ်ပိုင် မြဝတီ၊ အစိုးရနဲ့ နီးစပ်တဲ့ ပြန်ကြားရေးဝန်ကြီး ဦးကျော်ဆန်းရဲ့သားပိုင် mrtv- 4 နဲ့ ရွှေသံလွင် ဦးကျော်ဝင်းပိုင် Skynet တို့ပဲ ဖြစ်ကြပါတယ်။

ဒီရုပ်သံလုပ်ငန်းအားလုံးဟာ အစိုးရကို ပံ့ပိုးတဲ့ သတင်းတွေကလွဲရင် အခြားသတင်းတွေ ဖော်ပြလေ့မရှိဘဲ ဖျော်ဖြေရေးနဲ့ အားကစားလိုင်း တွေလောက်သာ ထုတ်လွှင့်ပါတယ်။ ဒီလို ရုပ်သံလိုင်း ထုတ်လုပ် ထုတ်လွှင့်ခွင့်နဲ့ ပတ်သက်ရင် နိုင်ငံသားတွေကို လုပ်ကိုင်ခွင့် မပေးသလို နောင် ပေးလာမယ့် အလားအလာတွေလည်း လုံးဝ မမြင် မတွေ့ရသေးပါဘူး။

ရေဒီယို ထုတ်လုပ်ခွင့် ထုတ်လွှင့်ခွင့်လည်း အလားတူပါပဲ။ အစိုးရ စစ်တပ်နဲ့ အစိုးရက လုပ်ခိုင်းထားတဲ့ သူဌေးကြီးတွေရဲ့ အသံလွှင့်လုပ်ငန်းတွေသာ ရှိပြီး သာမန်ပြည်သူတွေ လုပ်ကိုင်ခွင့်ကိုတော့ တင်းတင်းကျပ်ကျပ် ကန့်သတ်ထားပါတယ်။ ဒါကို နောင် ဖွင့်ပေးမလား ဆိုတာလည်း လုံးဝ မသေချာပါဘူး။

နောက်တချက် လူပြောများတဲ့ ကိစ္စတခုကတော့ သတင်းစာ ထုတ်ဝေခွင့်ပါ။ ဒါကိုလည်း အစိုးရက တင်းတင်းကျပ်ကျပ် ချုပ်ကိုင်ထားရုံမက နောင် ခွင့်ပြုမယ် မပြုဘူး။ ဘယ်သူတွေကို ဘယ်လို ခွင့်ပြုမလဲ ဆိုတာကိုလည်း မယ်မယ်ရရ မသိနိုင်သေးပါဘူး။ လောလောဆယ် ဖြစ်ပေါ်နေတဲ့ အခြေအနေအရ နေ့စဉ်ထုတ် သတင်းစာတွေ ထုတ်ဝေခွင့်ပြုဖို့ဆိုတာ ဝေးလို့ အပတ်စဉ်ထုတ် သတင်းဂျာနယ်တွေ ထုတ်ဝေခွင့်ကိုတောင် ပိတ်ပင်ထားလို့ အခက်အခဲ တွေ့သူတွေလည်း တွေ့နေကြပါတယ်။

ဥပမာအားဖြင့် ပြီးခဲ့တဲ့ ၃ လလောက်ကတည်းက နိုင်ငံရေးအသားပေး သတင်းဂျာနယ်တစောင် ထုတ်ဝေဖို့ ပြင်ဆင်နေတဲ့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီက ခေါင်းဆောင်တွေဆိုရင် ဂျာနယ်ထုတ်ဝေခွင့်တင်ထားတာ ပြန်ကြားရေးကလည်း ခွင့်မပြု၊ ကြားထဲမှာ ငွေကလည်း သိန်းရာချီကုန်နဲ့ အတော်ကို အခက်အခဲ တွေ့နေပါတယ်။

ဒီအတွက် အခြား အစိုးရက ခွင့်ပြုပြီးသား သတင်းဂျာနယ် ထုတ်ဝေခွင့် လက်မှတ် တစောင်စောင်ကို ဝယ်ယူဖို့ကြိုးစားရာမှာလည်း အဆင်မပြေ ဖြစ်နေရပါတယ်။

ဒီနေရာမှာ ပြည်သူတွေကို ရှင်းပြဖို့ လိုလာပါတယ်။ အရင်စစ်အစိုးရနဲ့ လက်ရှိ အစိုးရက ထုတ်ဝေခွင့်နဲ့ ပတ်သက်ပြီး ကျင့်သုံးနေပုံကတော့ ဂျာနယ်ထုတ်ဖို့ လျှောက်လာသူတွေကို ထုတ်ခွင့်ပြုတဲ့သူတွေကို ခွင့်ပြုမယ်၊ ခွင့်မပြုချင်ရင်လည်း ရတယ်ဆိုတဲ့ မူကျင့်သုံးနေမှုပါပဲ။ နောက် အရေးကြီးတာ တချက်က ခွင့်ပြုတဲ့ ဂျာနယ် အမျိုးအစားပဲ ဖြစ်ပါတယ်။ လက်ရှိ အနေအထားမှာတော့ သတင်းဂျာနယ် အဖြစ် ခွင့်ပြုထားတဲ့ ဂျာနယ်တွေကသာလျှင် နိုင်ငံရေးဆိုင်ရာ အကြောင်းအရာတွေကို ရေးသားဖော်ပြခွင့်ပြုပြီး အခြား အနုပညာ၊ သုတ၊ ရသ၊ စီးပွားရေး၊ ပညာရေး၊ အားကစား၊ မှုခင်း၊ ဘာသာရေးလို အမျိုးအစားတွေကတော့ နိုင်ငံရေးနဲ့ ပတ်သက်တာ လုံးဝ ဖော်ပြခွင့် မရှိပါဘူး။

ပြောရရင် လက်ရှိ ပြည်သူတွေ စိတ်ဝင်စားနေတဲ့ ဒေါ်အောင်ဆန်းစုကြည် သတင်းလိုမျိုး လုံးဝ ဖော်ပြခွင့် မရှိပါဘူး။ အစိုးရဟာ အဲဒီလောက်အထိ တင်းကျပ် ချုပ်ကိုင်ထားတာပါ။ ဒါက ထုတ်ဝေခွင့် တမျိုးတည်းကို ပြောနေတာ ဖြစ်ပါတယ်။ ထုတ်ဝေခွင့်ရပြီး စာပေစိစစ်ရေးက ကန့်သတ် ချုပ်ချယ်တာမျိုးတွေကတော့ လက်ရှိ အချိန်အထိ ပုံစံ အမျိုးမျိုး နဲ့ ဆိုးဆိုးရွားရွား ရှိနေဆဲ ဖြစ်ပါတယ်။

ဒီနေရာမှာ နောက်ထပ် တခု ပြောပြချင်ပါသေးတယ်။ ဒါကတော့ ရုပ်ရှင်ဗွီဒီယို လုပ်ငန်းနဲ့ ပတ်သက်တဲ့ လွတ်လပ်ခွင့် ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ အပတ်က အပတ်စဉ် ဂျာနယ်တစောင်မှာ ဖော်ပြခဲ့တဲ့ ဒါရိုက်တာ မောင်မျိုးမင်းရဲ့ ဖော်ပြချက်အရ ဆိုရင် ရုပ်ရှင်၊ ဗီဒီယို ထုတ်လုပ်ရေးမှာလည်း လွတ်လပ်ခွင့် အတော်လေးကို ဆိပ်သုဉ်းနေတာ တွေ့နိုင်ပါတယ်။ ရုပ်ရှင်ရိုက်မယ်ဆိုရင် ဇာတ်လမ်းကို ကြိုပြီးတင်ပြရတာ၊ ရိုက်မယ့် ဒါရိုက်တာ၊ မင်းသား၊ မင်းသမီးက အစ တင်ပြပြီး ခွင့်ပြုချက်ရမှ ရိုက်ရတာ၊ ရိုက်ပြီးရင်လည်း အဆင့်ဆင့် ပြန်တင်ပြရတာ၊ ခွင့်ပြုချက် မရဘဲ ပိတ်ပင်ခံရရင် ငွေရေးကြေးရေးကအစ လုပ်ကိုင်ထားသမျှတွေအားလုံး ဆုံးရှုံးရတာ စတာတွေ ပြောဆိုထားပါတယ်။

ဒီနေ့လို အစိုးရက ဒီမိုကရေစီအကြောင်းပြော၊ မီဒီယာကို စတုတ္ထမဏ္ဍိုင်ဆိုပြီးတင်စားနေတဲ့ အချိန်မှာကို ရုပ်ရှင်ဗွီဒီယိုလောကမှာ မီဒီယာလွတ်လပ်ခွင့် လုံးလုံး ဆိတ်သုဉ်းနေတာကို ပြတဲ့ အင်တာဗျူးတခု ဖြစ်ပါတယ်။

ပြောရရင် အနောက်နိုင်ငံတွေမှာ မီဒီယာ လွတ်လပ်ခွင့် ၁ဝဝ ရာခိုင်နှုန်း ရှိတယ်ဆိုရင် မြန်မာမီဒီယာလောက လွတ်လပ်ခွင့်ဟာ ၅ ရာခိုင်နှုန်းကနေ ၁ဝ ရာခိုင်နှုန်းအထိ ကြားလောက်ပဲ ရှိပြီး ဒီထက် မပိုပါဘူး။ အပတ်စဉ်ထုတ် ပုဂ္ဂလိက ဂျာနယ်တွေမှာ နည်းနည်းပါးပါး ရေးသားခွင့်ရလာတာကလွဲရင် ကျန်တဲ့ အလွန်ကျယ်ပြန့်တဲ့ မီဒီယာ နယ်ပယ်တွေ အတွက်ကတော့ လွတ်လပ်ခွင့် လုံးလုံး မရှိသေးပါဘူး။

ပြီးခဲ့တဲ့ အောက်တိုဘာ ၃ဝ ရက် နေပြည်တော်မှာ လွှတ်တော်ကော်မတီ တခုနဲ့ မီဒီယာတွေ တွေ့ဆုံပွဲမှာ ကော်မတီ ဥက္ကဋ္ဌ သူရဦးအေးမြင့်က ပြောခဲ့တဲ့ စကားတခွန်းရှိပါတယ်။ မီဒီယာတွေ မလွတ်လပ်ဘဲနဲ့ ဒီမိုကရေစီလည်း မရှိနိုင်ဘူး ဆိုတဲ့ စကား ဖြစ်ပါတယ်။ လက်ရှိ အခြေအနေ ပြည်တွင်းမှာ မီဒီယာလွတ်လပ်ခွင့် လုံးဝနီးပါး မရှိသေးတာမို့ ဒီမိုကရေစီ ဆိုတာလည်း ဘယ်ကိုမှ ခရီး မရောက်သေးပါကြောင်း တင်ပြလိုက်ရပါတယ်။

Advertisements
Categories: Article, General, Media
  1. No comments yet.
  1. No trackbacks yet.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

– လှုပ်ခတ်နေသောမှတ်စုများ (DVB) –

Categories

free counters