Home > Legislature, lower House, Pyidaungsu Hluttaw > ပြည်ထောင်စုလွှတ်တော်နာယက၏ ဆုံးဖြတ်ချက်ကို ပယ်ဖျက်ရန် ပြည်သူ့လွှတ်တော်က အတည်ပြု

ပြည်ထောင်စုလွှတ်တော်နာယက၏ ဆုံးဖြတ်ချက်ကို ပယ်ဖျက်ရန် ပြည်သူ့လွှတ်တော်က အတည်ပြု

စိုးသန်းလင်း အတွဲ ၂၈ ၊ အမှတ် ၅၄၂ ( ၄ – ၁၀ ၊ ၁၁ ၊ ၂၀၁၁) (MT)

ပထမအကြိမ် ပြည်ထောင်စုလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး တတိယနေ့ ၌ ပြည်ထောင်စုလွှတ်တော်နာယက ဦးခင်အောင်မြင့် ၏ ၎င်းနေ့အစီအစဉ် ၁၃ နှင့် စပ်လျဉ်းသည့် ဆုံးဖြတ်ချက်မှာ ဖွဲ့စည်းပုံအခြေခံဥပဒေ၊ ပြည်ထောင်စု လွှတ်တော်ဆိုင်ရာ ဥပဒေ၊ နည်းဥပဒေတို့နှင့် မကိုက်ညီသောကြောင့် ပြည်သူ့ လွှတ်တော်က ကန့်ကွက်ကြောင်းနှင့် ၎င်းဆုံးဖြတ်ချက်အား ပယ်ဖျက်ပေးရန် အဆိုပြုကြောင်းကို ပြည်သူ့လွှတ်တော်က နိုဝင်ဘာလ ၁ ရက်နေ့တွင် အတည် ပြုခဲ့သည်။

“အောက်တိုဘာလ ၂၈ ရက်နေ့တွင် ပြည်ထောင်စုလွှတ်တော်၌ ဆုံးဖြတ်ခဲ့ သော၊ ပြည်ထောင်စုလွှတ်တော်က အတည်ပြုသော၊ သို့မဟုတ် အတည်ပြုသည်ဟု မှတ်ယူရမည်ဖြစ်သော ဥပဒေ ကြမ်းများကို နိုင်ငံတော်သမ္မတ လက်မှတ်ရေးထိုးထုတ်ပြန်ရန် ပေးပို့ခြင်း မပြုမီ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံ ဥပဒေနှင့် ကိုက်ညီခြင်းရှိမရှိ သံသယရှိသော ကိစ္စရပ်များ ပါဝင်ပါက ယင်းဥပဒေကြမ်း များကို စိစစ်နိုင်ရေးအတွက် နိုင်ငံတော် ဖွဲ့စည်းပုံအခြေခံ ဥပဒေဆိုင်ရာခုံရုံးသို့ ပေးပို့ရန်ဟူသည့် ဆုံးဖြတ်ချက် ချမှတ်ခြင်းသည် နိုင်ငံတော် ဖွဲ့စည်းပုံအခြေခံ ဥပဒေနှင့်သော်လည်းကောင်း၊ ပြည် ထောင်စုလွှတ်တော်ဆိုင်ရာဥပဒေ၊ နည်းဥပဒေများနှင့် သော် လည်းကောင်း ကိုက်ညီမှုမရှိပါသဖြင့် ကန့်ကွက်ခွင့်ပြုပါရန်နှင့် အထက်ပါ ဆုံးဖြတ်ချက်အား ပယ်ဖျက်ပေးပါရန် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌကြီးမှတစ်ဆင့် ပြည်သူ့လွှတ်တော်သို့ အဆိုတင်သွင်းအပ်ပါတယ်”ဟူ၍ ပထမအကြိမ် ပြည်သူ့လွှတ်တော် ဒုတိယ ပုံမှန် အစည်းအဝေး ၄၄ ရက်မြောက် နေ့ နိုဝင်ဘာလ ၁ ရက်တွင် ပြည်သူ့ လွှတ်တော် အခွင့်အရေးကော်မတီ အတွင်းရေးမှူး ဒေါက်တာ စိုးရင်က အဆို တင်သွင်းခဲ့သည်။

အထက်ပါအဆိုကို ကျောက်ဖြူ မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဘရှိန်၊ သင်္ဃန်းကျွန်းမဲဆန္ဒနယ်မှ ဦးသိန်းညွန့်၊ အမ်းမဲဆန္ဒနယ်မှ ဦးသိန်းဆွေ၊ (အင်ဂျန်းယန်မဲဆန္ဒနယ်မှ ဒေါ်ဒွဲဘူ၊ မော်လိုက်မဲဆန္ဒနယ်မှ ဦးသောင်း၊ ညောင်တုန်းမဲဆန္ဒနယ်မှ ဦးအောင်မြသန်းနှင့် ကွန်ဟိန်းမဲဆန္ဒ နယ်မှ ဒေါ်နန်းဝါနုတို့က ထောက်ခံဆွေး နွေးခဲ့ကြပြီးပြည်သူ့လွှတ်တော်တစ်ရပ်လုံးကို ကန့်ကွက်သူမရှိ ထောက်ခံခဲ့ကာ အတည်ပြုခဲ့ခြင်းဖြစ်ကြောင်း တွေ့ရသည်။

ပထမအကြိမ် ပြည်ထောင်စု လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး တတိယနေ့အစီအစဉ်ကို အောက်တိုဘာလ ၂၈ ရက်၌ ပြည်ထောင်စု လွှတ်တော်တွင် ကျင်းပခဲ့ကြရာ ပြည်သူ့ လွှတ်တော်နှင့် အမျိုးသားလွှတ်တော်တို့ကအတည်ပြုပြီးသော ဥပဒေကြမ်း များကို ပြည်ထောင်စုလွှတ်တော်တွင် မှတ်တမ်းတင်ရန် တင်ပြခြင်းအစီအစဉ်လည်း ပါဝင်ခဲ့သည်။

အဆိုပါ ဥပဒေကြမ်းတို့မှာ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင် ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်း၊ အလုပ်သမားအဖွဲ့အစည်း ဥပဒေကြမ်း၊ ပြည်သူ့လွှတ်တော် ရွေးကောက်ပွဲ ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်း၊ အမျိုးသားလွှတ်တော် ရွေးကောက်ပွဲ ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်း၊ တိုင်းဒေသကြီး၊ သို့မဟုတ် ပြည်နယ် လွှတ်တော်ရွေးကောက်ပွဲဥပဒေကို ပြင် ဆင်သည့် ဥပဒေကြမ်း၊ ၁၉၆၄ ခုနှစ် ပြည်သူ့အလုပ်သမားများ၏ အခြေခံ ရပိုင်ခွင့်နှင့် တာဝန်များ ပြဋ္ဌာန်းသည့် ဥပဒေကို ရုပ်သိမ်းသည့် ဥပဒေကြမ်းနှင့် အသေးစားငွေရေးကြေးရေးလုပ်ငန်း ဥပဒေကြမ်း စုစုပေါင်း ဥပဒေကြမ်း ခုနစ်ခုတို့ ဖြစ်ကြသည်။

ထိုနေ့က အဆိုပါ ဥပဒေကြမ်းများကို နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင် ရာခုံရုံးက စိစစ်ပေးရေးနှင့် စပ်လျဉ်း၍ လွှတ်တော်၏ အဆုံးအဖြတ်ကို ရယူနိုင်ရန် ပြည်ထောင်စုလွှတ်တော်နာယကက လွှတ်တော်၏ အဆုံးအဖြတ်ကိုရယူမည် ဖြစ်ကြောင်းပြောပြီး သဘောထားကို ရယူခဲ့ကြောင်း၊ ပြည်သူ့လွှတ်တော် အခွင့်အရေးကော်မတီ၏ အတွင်းရေးမှူး ဒေါက်တာစိုးရင်က ပြောကြားသည်။

“ထိုကဲ့သို့ သဘောထားရယူရာတွင် ‘သဘောတူပါသလား’ ဟုသာ မေးမြန်းပြီး ‘ကန့်ကွက်လိုသူ ရှိ-မရှိ’ မေးမြန်းခြင်း မပြုဘဲ နာယကကြီးက အတည်ပြုခဲ့ပါတယ်။ ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်များထဲမှ ကန့်ကွက်လိုသူ၊ သဘောမတူသူများက မိမိတို့ဆန္ဒ သဘောထားများကို တင်ပြခွင့်မရရှိခဲ့ တာဖြစ်တဲ့အတွက်ကြောင့် အဆိုပါ ကိုယ်စားလှယ်များက ပြည်သူ့ လွှတ်တော်အခွင့် အရေးကော်မတီသို့ စာများဖြင့် တင်ပြလာကြပါတယ်။ ထိုသို့ တင်ပြချက်များအပေါ် လွှတ်တော် အခွင့်အရေးကော်မတီက ၃၀-၁၀-၁၁ နေ့တွင် လေ့လာစိစစ်ကြည့်တဲ့အခါ အောက်ပါအချက်များကို တွေ့ရှိရပါတယ်”ဟု ၎င်းက ဖြည့်စွက်တင်ပြသွားခဲ့သည်။

ဒေါက်တာစိုးရင် တင်ပြခဲ့သည့် အချက်ငါးချက်တို့တွင် ယခုဖြစ်ရပ်၌ မည်သည့်ကိုယ်စားလှယ်ကမျှ အဆို အဖြစ် တင်သွင်းထားခြင်း မဟုတ်သဖြင့် ဥပဒေ၊ နည်းဥပဒေများနှင့် မညီညွတ်ကြောင်း၊ ပြည်ထောင်စုလွှတ်တော်သည် ဥပဒေပြုခွင့်အာဏာရှိကြောင်း၊ ထို ဥပဒေကြမ်းများကို နိုင်ငံတော်သမ္မတ လက်မှတ်ရေးထိုးရန်အတွက်သာ ပေးပို့ ဖို့လိုကြောင်း၊ နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေ ဆိုင်ရာခုံရုံးက ဥပဒေ ကြမ်းများကို စိစစ်ပေးရန် ဆုံးဖြတ်ခဲ့ ခြင်းသည် ခုံရုံးဥပဒေ၊ နည်းဥပဒေများ ဖြင့် ညီညွတ်မှုမရှိကြောင်း၊ ပြည်ထောင်စု လွှတ်တော်နာယက၏ ဆုံးဖြတ်ချက်သည် ဥပဒေပြုရေးကိစ္စဆောင်ရွက်ရာ တွင် ခုံရုံး၏ စီရင်ဆုံးဖြတ်ရေးကဏ္ဍကို ထည့်သွင်းလိုက်ခြင်း ဖြစ်သည်ဟု သဘောထားရရှိပါကြောင်း၊ ဥပဒေ ကြမ်းပြုပြီးနောက် ၎င်းဥပဒေကြမ်းနှင့် ပတ်သက်ပြီး အငြင်း ပွားမှု ပေါ်ပေါက်လာမှသာ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံ ဥပဒေနှင့်အညီ ညီညွတ်ခြင်းရှိမရှိ သံသယရှိသော ကိစ္စပေါ်ပေါက်လာမှ သာ ခုံရုံးသို့ တင်သွင်းရမည်ဖြစ်ကြောင်း စသည့်အချက်များဖော်ပြပါရှိသည်။

“လွှတ်တော်ကိုယ်စားလှယ်တွေဟာ ဒီလွှတ်တော်ကြီးကို ဥပဒေပြုဖို့ ရောက်လာကြတာပါ။ အခုဖြစ်ရပ်ဟာ ကိုယ်စားလှယ်တွေရဲ့ အခွင့်အရေးနဲ့ လုပ်ငန်းတာဝန်များ ဆုံးရှုံးခံရနိုင်တဲ့ အကြောင်းလည်းပါသလို လွှတ်တော်ကိုယ်စားလှယ်တွေဟာ မိမိရဲ့ တာဝန်ကို အပြီးအပိုင် မဆောင်ရွက်နိုင်တဲ့အတွက် တရားစီရင်ရေးလက်အောက်ကို ရောက်သွားရတဲ့ အခြေအနေမျိုးနဲ့ ကြုံခဲ့ရပါတယ်။ ဒါဟာ လွှတ်တော်ရဲ့ ဂုဏ်သိက္ခာရော၊ ကိုယ်စားလှယ်တွေရဲ့ ဂုဏ်သိက္ခာကိုပါ ထိခိုက်စေတဲ့အပြင် ဥပဒေ ပြုရေးနဲ့ တရားစီရင်ရေး ကဏ္ဍတွေကို ရောထွေးလိုက်စေတဲ့အတွက် အဲဒီနေ့ မှာပဲ စာနဲ့ရေးပြီး လွှတ်တော် အခွင့်အရေး ကော်မတီကို တင်ပြခဲ့တာပါ”ဟု ကျောက် ဖြူမဲဆန္ဒနယ်မှ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ်ဦးဘရှိန်က ပြောသည်။

“ဆွေးနွေးခြင်းမရှိဘဲ ဆုံးဖြတ်ခြင်းဟာ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ ဆန့်ကျင်ပါတယ်။ ကျွန်တော်တို့ဟာ အခြေခံ ဥပဒေကို လေးစားလိုက်နာ ပါမယ်လို့ ကတိသစ္စာပြုထားသူတွေပါ။ အခြေခံ ဥပဒေပုဒ်မ ၁၀၂ မှာ ပြည်ထောင်စု လွှတ်တော်၌သာ ဆွေးနွေး ဆုံးဖြတ်ရ မည့် ဥပဒေကြမ်းများနှင့် စပ်လျဉ်း၍ ပြည်ထောင်စုလွှတ်တော်အစည်းအဝေး၌ ဆွေးနွေးခြင်း မပြုမီ အသေးစိတ် လေ့လာ ရန် လိုအပ်ပါက ပြည်သူ့ လွှတ်တော်ဥပဒေကြမ်းကော်မတီနှင့် အမျိုးသားလွှတ်တော် ဥပဒေကြမ်း ကော်မတီတို့က ပူးပေါင်းလေ့လာ စိစစ် ပြီး တွေ့ရှိချက်နှင့် သဘောထားမှတ်ချက်များကို သတ်မှတ်သည့် နည်းလမ်းများနှင့် အညီ ပြည်ထောင်စုလွှတ်တော်ကိုပဲ တင်ပြရမှာဖြစ်ပါတယ်။ ဒီလိုမတင်ပြ ဘဲ အခြေခံဥပဒေဆိုင်ရာ ခုံရုံးကို ပေးပို့ ခြင်းဟာ ဥပဒေပြဋ္ဌာန်းချက်တွေနဲ့ ကွဲလွဲ နေပါတယ်။ “ဒီလိုအင်မတန်လေးနက်ကြီးမားလှတဲ့ ပြဿနာကြီးကို အစည်းအဝေးအစီအစဉ်မှာ အဲဒီအစည်းအဝေးနေ့ ရောက်မှ ထည့်သွင်း ပြီးတော့ ‘ကန့်ကွက် သူရှိပါသလား’လို့ မမေးဘဲ ဆုံးဖြတ်လိုက်ခြင်းဟာ ပြည်တွင်းမှာရော၊ ပြည်ပမှာပါ နိုင်ငံရေးအရ အဆင့်အနေ အထား မြင့်မားနေတဲ့၊ အများက စိတ်ဝင်စားနေတဲ့ ကျွန်တော်တို့ လွှတ်တော် နိုင်ငံရေးကို မေးခွန်းထုတ်စရာ ဖြစ်သွားပါတယ်။ ဒါကြောင့် ဒေါက်တာစိုးရင်ရဲ့ အဆိုကို ကျွန်တော်တို့ လေးလေး နက်နက်ထောက်ခံပါတယ်”ဟု သင်္ဃန်းကျွန်းမဲဆန္ဒနယ်မှ ဦးသိန်းညွန့် က လွှတ်တော်သို့ ပြောကြားခဲ့သည်။

၎င်းဒေါက်တာစိုးရင်၏ အဆိုကို ထောက်ခံဆွေးနွေးကြသည့် ကျန်ကိုယ်စားလှယ်တော်ငါးဦးတို့ကလည်း အမျိုးမျိုးသော ဥပဒေ ရှုထောင့် အသီး သီးတို့မှ ရှင်းလင်းပြတ်သားစွာထောက်ပြ ဆွေးနွေးခဲ့ကြအပြီး ပြည်ထောင်စု လွှတ်တော်နာယက၏ ပြည်ထောင်စု လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး တတိယနေ့အစီအစဉ်ပါ အစီအစဉ် ၁၃ ၏ ဆုံးဖြတ်ချက်ကို ကန့်ကွက်သူမရှိ ပယ်ဖျက်ကြောင်း ပြည်သူ့လွှတ်တော်က အတည်ပြုနိုင်ခဲ့သည်။

“လွှတ်တော်အတွင်းမှာ ၀ိုင်းဝန်း ဆွေးနွေးအကြံပြုကြ၊ အဆိုပေါ် မူတည်ပြီး မဲခွဲဆုံးဖြတ်ကြတဲ့သဘောဟာ လွှတ်တော်တွင်း ဒီမိုကရေစီကို စနစ် တကျ ဆောင်ရွက်နိုင်တယ်ဆိုတာ ပြီးခဲ့တဲ့ ရက်တွေအထိ ခံယူနိုင်ခဲ့ကြပါတယ်။ အခုလိုဖြစ်သွားရခြင်းဟာ အမှုမဲ့ အမှတ်မဲ့ဖြစ်သွားခြင်းလို့ပဲ မှတ်ယူစေလိုပါတယ်။ အမှတ်မထင်ဖြစ်သွားတဲ့ ကိစ္စဟာ ကြီးမားတဲ့ ဥပဒေရေးရာ ပြဿနာများ ပေါ်လာ ပြီးတော့ လွှတ်တော်များရဲ့ ဂုဏ်အင်္ဂါကို ကျသွား စေတယ်ဆိုရင်လည်း အခုလို ဒီနေ့အဆို ပြုကြ၊ ဆွေးနွေးအကြံပြုကြ၊ မဲခွဲအတည် ပြုနိုင်ကြခြင်းဟာ လွှတ်တော်ရဲ့ လုပ်ငန်း တာဝန်များကို ပီပီပြင်ပြင်လုပ်နိုင်တယ် ဆိုတဲ့အတွက် လွှတ်တော်ရဲ့ ဂုဏ်သိက္ခာ တစ်နည်း အားဖြင့် နိုင်ငံရဲ့ ဂုဏ်သိက္ခာ ပြန်လည်မြင့်မားလာစေတာဖြစ်လို့ အခု လို အဆိုတင်သွင်းသူ၊ ဆွေးနွေးကြသူတွေကို ကျေးဇူးတင် ကြောင်းပြောလို ပါတယ်။ “လွှတ်တော်ဥက္ကဋ္ဌတစ်ဦးအနေနဲ့ လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ အခွင့်အရေးကို ကန့်သတ်လို့မရပါဘူး။ ဒါ ကြောင့် အဆင့်ဆင့်တင်ပြလာတဲ့ အချက်အလက်တွေကို လက်ခံပြီး အခုလို ဆောင်ရွက်ရတာပါ။ ဆောင်ရွက်ရာမှာလည်း ပြည် ထောင်စုလွှတ်တော် နာယကနဲ့ တခြားပုဂ္ဂိုလ်ရေးရာ ပုဂ္ဂလိက ဝေဖန်မှုမျိုး မဖြစ်ရအောင် လိုအပ်တဲ့ ပြင်ဆင်မှုတွေ၊ ဆွေးနွေး မှုတွေ၊ အသိပေးမှုတွေ ပြုလုပ်ပြီးမှ ဒီနေ့ အဆိုကို လက်ခံ ဆွေးနွေးရခြင်းဖြစ်ပါတယ်”ဟု ပြည်သူ့ လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းက အဆိုပါ ဖြစ်ရပ်အပေါ် သုံးသပ်ပြော ကြားခဲ့ပါသည်။

  1. No comments yet.
  1. No trackbacks yet.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

– လှုပ်ခတ်နေသောမှတ်စုများ (DVB) –

Categories

free counters