Home > General, Interview, Media > မဇ္ဈိမ သတင်းအေဂျင်စီ၏ အုပ်ချုပ်မှု ဒါရိုက်တာနှင့် အယ်ဒီတာချုပ် ဦးစိုးမြင့်၊ စီမံခန့်ခွဲမှု အယ်ဒီတာ ဦးစိန်ဝင်းတို့နှင့် တွေ့ဆုံခြင်း

မဇ္ဈိမ သတင်းအေဂျင်စီ၏ အုပ်ချုပ်မှု ဒါရိုက်တာနှင့် အယ်ဒီတာချုပ် ဦးစိုးမြင့်၊ စီမံခန့်ခွဲမှု အယ်ဒီတာ ဦးစိန်ဝင်းတို့နှင့် တွေ့ဆုံခြင်း

Wednesday, 02 November 2011 The Voice

အခုလို ကိုယ်လုပ်ချင်တာ လုပ်နေရတော့ ကိုယ့်ဘာသာ ကျေနပ်တယ်

ဦးစိုးမြင့်

mizzima_-_soemyintဦးစိုးမြင့်

ပြည်တွင်းမှာ ရေးလို့ရလာရင် ဘယ်သူက ပြည်ပမီဒီယာ တကူးတက သွားဖတ်မတုန်း

ဦးစိန်ဝင်း

mizzima_-_seinwinဦးစိန်ဝင်း

VOICE : မဇ္ဈိမ မီဒီယာကို ထူထောင် ဖြစ်တဲ့အကြောင်း ဗွေဆော်ဦး ရှင်းပြ ပေးပါလား။

USM : ကျွန်တော်က ၁၉၈၈ ကတည်းက ပြည်ပကိုထွက်ခွာလာပြီး ဒီမိုကရေစီ လှုပ်ရှားမှုမှာ လှုပ်ရှားရုန်းကန်သူ Activist တစ်ယောက် အနေနဲ့ ဘဝကို စခဲ့တာပါ။ လှုပ်ရှားမှုထဲမှာ ရှိနေရင်းနဲ့ စာစောင်ထုတ်၊ ဓာတ်ပုံရိုက်၊ ပြီးတော့ အထူးသဖြင့် အိန္ဒိယ သတင်းစာ၊ ဂျာနယ်တချို့မှာ အင်္ဂလိပ်လို မြန်မာပြည် အကြောင်း ဆောင်းပါးလေးတွေ ရေး၊ နောက်ပိုင်း ဒီဗီဘီ ပေါ်လာတော့ အိန္ဒိယ အခြေစိုက် သတင်းပေးပို့သူ အဖြစ်လုပ်၊ နောက် အာအက်ဖ်အေ၊ ပြီးတော့ ဗီအိုအေ စတဲ့ မြန်မာ ရေဒီယိုတွေမှာ သတင်းထောက် အနေနဲ့ လုပ်လာခဲ့ပါတယ်။ ဒီလိုနဲ့ ၁၀ နှစ် ပြည့်လာပြီးတဲ့နောက် မြန်မာနိုင်ငံ အတွင်းမှာ ဖြစ်နေတာတွေကို မြန်မာ့ အတွေးအမြင်နဲ့ ဖော်ထုတ်ရေးသားမယ်၊ နိုင်ငံတကာ ဝိုင်ယာဆားဗစ်တွေဖြစ်တဲ့ အေအက်ဖ်ပီတို့လို အေပီတို့လို သတင်း အေဂျင်စီမျိုး ထူထောင်မယ်ဆိုတဲ့ ဆုံးဖြတ်ချက်နဲ့ ကျွန်တော်ရယ်၊ မသင်းသင်းအောင် (သူက အဲဒီတုန်းက ဘီဘီစီ သတင်းထောက် လုပ်နေပါတယ်) ရယ် အဓိက ဦးဆောင်ပြီး မဇ္ဈိမကို ၁၉၉၈ ဩဂုတ်လမှာ ကိုယ့်ဝင်ငွေနဲ့ စတည်ထောင်ခဲ့တာပါ။ အဲဒီ အချိန်က အင်တာနက်၊ ကွန်ပျူတာ စသုံးခါစ အချိန်ဆိုတော့ နည်းပညာကို အသုံးပြုပြီး သတင်းအချက်အလက် လျင်မြန်စွာ စီးဆင်းမှု မြန်ရမယ်ဆိုပြီး အင်တာနက်အသုံးပြု သတင်းဌာန အနေနဲ့ စလုပ်ခဲ့တာပါ။ ၁၃ နှစ်အတွင်း ပြောင်းလဲမှုတွေ ပြန်ကြည့်ရင် ကျေနပ် မိပါတယ်။

USW : ကျွန်တော်ကတော့ ထူထောင်တဲ့အထဲ မပါဘူး။ အဲတော့ ထူထောင်ရတဲ့အခါ ကြုံတွေ့ရတဲ့ အခက်အခဲတွေကို မကြုံလိုက်ရဘူး။ စာဖတ် ဝါသနာထုံတယ်၊ သတင်းသဘောကို နားလည်လို့တော့ မဟုတ်ခဲ့ပေမယ့် လူအများကို ပြန်ပြောပြချင်တဲ့ ဆန္ဒတွေ ဖြစ်တာကနေ သတင်း စိတ်ဝင်စားခဲ့တယ်။ ငယ်ငယ်က ဗိုလ်အောင်ဒင် ရုပ်ရှင်ကြည့်တော့ ” သတင်းစာတွေ၊ သတင်းစာတွေ ” ဆိုပြီး လက်ပွေ့ ရောင်းတာမျိုးကို စွဲစွဲထင်ထင် ကျန်နေခဲ့တယ်။ အပြင်မှာတော့ ကိုယ်တိုင် ကြီးပြင်းတဲ့ ခေတ်ကာလက ဘယ်ဟာဖတ်ဖတ် တစ်ပုံစံထဲ ထွက်တာ။ များများစားစားတော့ မဟုတ်ပေမယ့် ရေးချင်တဲ့ အကြောင်းအရာလေးတွေကို တွေ့ရင် အိန္ဒိယမှာ ရှိနေတဲ့ ကိုစိုးမြင့်ဆီ ပို့ပေါ့၊ အဲဒီတုန်းက အင်တာနက်ဆိုင်ကလည်း ရှားတော့ ပို့ရတာ နည်းနည်းတော့ ခက်ခက်ခဲခဲ ရှိတယ်။ အင်တာနက်ဆိုတာကို ရှိမှန်းသိပေမယ့် ကိုယ်တိုင်ကိုယ်ကျက သုံးဖူးတာ မဟုတ်သေးဘူး။ စိန်ဝင်း ဆိုတဲ့ Byline က ကိုစိုးမြင့်က တပ်ပေးထားတာကို အိန္ဒိယကို ရောက်မှသိတာ။ အဲသလိုကနေ အင်ဂျင်နီယာ ဘွဲ့ယူချိန်မှာ ငါတော့ ဒီအသက်မွေးဝမ်းကျောင်းနဲ့ မဖြစ်ပါဘူးဆိုတာ သေချာသွားတဲ့ ကာလမှာ ခြေစုံပစ်ဖို့ ဆုံးဖြတ်လိုက်တော့တာ။ သူများတွေလို မထူးချွန်လို့လည်း ဖြစ်မှာပေါ့။ ပင်လယ်ပြင်ထဲမှာ ကမ်းရှိရာ ရော်ရမ်း ကူးခတ်တာကနေ ကမ်းတွေ့လာသလိုလို့ ပြောရမလားပဲ။ နာမည်ရင်းကိုလည်း မယူတော့ဘဲ ကလောင်နာမည်ကိုပဲ ယူလိုက်တာလည်း တစ်ပါတည်း ဖြစ်လာတာပေါ့။

VOICE : မီဒီယာတစ်ခု ထူထောင် လိုက်တော့ မီဒီယာကို ဘယ်လို နားလည်ထားသလဲ။ ကိုယ်တိုင် မီဒီယာသမား မဖြစ်ခင်ကနဲ့ ဖြစ်လာတဲ့အခါ ဘာတွေများ ကွာခြားသွားလဲ။ သတင်းပညာနဲ့ ပတ်သက်လို့ကော ဘယ်မှာ လေ့လာ ဆည်းပူးခဲ့လဲ။

USM : ကျွန်တော်က တက္ကသိုလ်ဘွဲ့ ပညာကို ပြီးအောင် မတက်ခဲ့ပါဘူး။ ၁၉၈၈ မှာ နိုင်ငံတကာ ဆက်ဆံရေးနဲ့ နိုင်ငံတကာ အုပ်ချုပ်ရေး ဒုတိယနှစ် ဂုဏ်ထူးတန်းနဲ့ ရပ်ခဲ့တာပါ။ သတင်းစာ ပညာကို အဓိကအားဖြင့် ကိုယ့်ဘာသာ လေ့လာ လုပ်ကိုင်ရင်း သင်ယူခဲ့တာပါ၊ အခုလည်း သင်ယူဆဲပါ။ အခါအခွင့်သင့်လို့ လေ့လာဆည်းပူးခွင့် ရခဲ့တဲ့ လက်ဦးဆရာတွေ ထဲမှာတော့ ဘီဘီစီက ဦးအောင်မြင့်ထွန်း (ကွယ်လွန်) နဲ့ ဗီအိုအေက ဦးခင်မောင်ဝင်း (ကွယ်လွန်) တို့ကတော့ ကျွန်တော့်ကို သတင်းထောက် ဆိုတဲ့ဘဝကို နှစ်နှစ်ခြိုက်ခြိုက် ခုံမင်စေခဲ့ ပါတယ်။ ကျွန်တော့်အတွက် စံနမူနာ ပြသူတွေပါ။ ငါ့သားတဲ့ သတင်းထောက် ဆိုတာ ၁၀ နှစ်ကျော် လုပ်ခဲ့ပြီးမှ သတင်းထောက်ဖြစ်တာလို့ ပြောခဲ့တဲ့ ဦးခင်မောင်ဝင်းရဲ့စကားက ကျွန်တော့်ကို အမြဲလေ့လာ သင်ယူဖို့နဲ့ သတင်းထောက် တစ်ယောက်ရဲ့ တာဝန်ကြီးမှုတွေကို သိစေလာပါတယ်။

USW : ခုနက ပြောသလို စာဖတ် ဝါသနာ ထုံတာရယ်၊ ရင်ထဲမှာ ပြန်ပြောပြချင်တာတွေ၊ အကြောင်းအရာ အများအပြားကို အပြန့်လိုက် စိတ်ဝင်စားပြီး အဲဒီဟာတွေကို ပြန်ဖောက်သည် ချချင်တဲ့ ချင်ခြင်းကနေ စတာ မဟုတ်လား။ စတတ်သလိုပဲ စလိုက်တာပေါ့၊ အစောပိုင်း ကာလတွေမှာ သတင်းရေးသားမှုတွေမှာ ကိုယ့်စိတ်ဆန္ဒ အစွဲတွေ ကဲတာလည်း ပါတာပေါ့ဗျာ။ ဒါပေမဲ့ ဆက်စပ် ကြုံကြိုက်ပြီး ကမ္ဘောဒီးယားက စာနယ်ဇင်းသင်တန်း သွားတက်ဖြစ်တယ်။ အဲဒီမတိုင်ခင် အမေရိကန် ကွန်ဂရက်အောက်က စာကြည့်တိုက်မှာ လုပ်ကြည့်သေး တယ်။ အပြောင်းအလဲ သိပ်မရှိတာနဲ့၊ ရင်မခုန်တော့ မကြာဘူး။ ထွက်လိုက်ပြီးတဲ့ကာလ စာနယ်ဇင်းသင်တန်း တက်ဖြစ်လိုက်တော့ သဘောတရားရေးရာပိုင်း၊ သီအိုရီပိုင်း ပိုနားလည် လာတော့ စနစ်လေးကတော့ အရည်တည် လာတာပေါ့။ အဲသလိုကနေ လုပ်ရင်း မုဆိုးစိုင်သင် ဖြစ်လာတယ်။ နောက် ယုံကြည်မှုလည်း ပိုလာတာပေါ့။

VOICE : ကိုစိုးမြင့်တို့ ကိုစိန်ဝင်းတို့ ဖြတ်သန်းလာခဲ့တဲ့ အတွေ့အကြုံတွေအရ အခုအချိန်မှာ ကိုယ့်ကိုယ်ကိုယ် ရှာတွေ့ပြီလို့ ယူဆသလား။ ဆိုလိုတာက ကိုယ့်စရိုက်၊ ဝါသနာ၊ ဗီဇနဲ့ စိတ်ဝင်စား ကျွမ်းကျင်တဲ့ အသက်မွေးဝမ်းကျောင်း အလုပ်ကို တကယ်လုပ်နေရပြီလို့ ခံစားလို့ ရပြီလား။

USM : ငယ်ငယ်တုန်းက ည ရှစ်နာရီ ဘီဘီစီ မြန်မာသတင်းကို ရေဒီယိုနား ကပ်ပြီး နားထောင်ရတာ၊ ကျွန်တော်တို့ ခေတ်က ဗိုလ်တထောင် သတင်းစာ တနင်္ဂနွေ နိုင်ငံတကာရေးရာ အချပ်ပိုကို ဖတ်ရတာတွေဟာ ကျွန်တော့်အတွက်တော့ luxury စည်းစိမ်ခံမှုတွေပါပဲ။ အခုလို ကိုယ်လုပ်ချင်တာ လုပ်နေရတော့ ကိုယ့်ဘာသာ ကျေနပ်တယ်။ အခု နောက်ပိုင်း မျိုးဆက်သစ် လူငယ်တွေနဲ့ လက်ရည်တစ်ပြင်တည်း နိစ္စဓူဝ အတူ လုပ်လာရတော့လည်း ဘဝမှာ ပျော်နေမိတယ်။ သူတို့တွေဆီက အများကြီး လေ့လာရသလို သူတို့ကိုလည်း ကိုယ်သိသမျှ၊ မြင်သမျှ ဝေမျှပေးနေရတာ ပီတိဖြစ်တယ်။ တစ်ခါတလေတော့လည်း အော်လိုက်၊ ဟစ်လိုက်၊ ချော့လိုက်နဲ့ပေါ့။ ကျွန်တော်က ဘဝ အဓိပ္ပာယ် စာအုပ်တွေကို ငယ်ငယ်ကတည်းက ကြိုက်လာတာ ဆိုတော့ ဘဝဆိုတာ တိုက်ပွဲ၊ အဲဒီတိုက်ပွဲက သင်ခန်းစာတွေကို အနီးအနားမှာရှိတဲ့ သူတွေနဲ့ ဝေမျှခံစားရတာ။ ပြီးတော့ ဒီအထဲကမှ လူငယ်တွေ မိမိဘာသာ ယုံကြည်မှု၊ အောင်မြင်မှု ဆိုတာကို ရလာတာတွေ မြင်ရတာကို ပီတိ ဖြစ်မိပါတယ်။ အလုပ်မှာတော့ ကျွန်တော်က လောဘကြီးတယ်၊ တစ်ခု လုပ်ရင်လည်း အဲဒီတစ်ခုကို မဖြစ်ဖြစ်တဲ့ အထိ လုပ်တယ်။ တစ်၊ နှစ်၊ သုံး ဆိုတဲ့ဂဏန်းတွေ ကြည့်ရင် ဦးနှောက် ခြောက်တတ်ပေမယ့် က၊ ခ၊ ဂ၊ အေ၊ ဘီ၊ စီ ဆိုတဲ့ စာလုံးအက္ခရာတွေ ဖတ်နေရရင် အလိုလိုပျော်နေတဲ့ ကျွန်တော့်ဦးနှောက် အတွက်ကတော့ စာရေး၊ စာဖတ်ဟာ ကျွန်တော့်အတွက် ပျော်ရွှင်မှုပါ။

USW: သတင်းစာဆရာ အလုပ်က သမိုင်းတစ်ခုရဲ့ ကနဦးအစနေ့ ကတည်းကကို မျက်ဝါးထင်ထင် မြင်တွေ့ လိုက်ရတာမျိုး၊ အများပြည်သူ မြင်ကွင်းမှာ ဖုံးကွယ်ထားခံရတဲ့ အမှန်တရားကို ဖော်ထုတ်လိုက်နိုင်တာမျိုး၊ နိစ္စဓူဝ မတူတဲ့ အဖြစ်အပျက်တွေကို ပြောနေရတာမျိုး ဆိုတော့ ပျော်စရာအတိဗျ။ အရေထူတတ်ဖို့ တော့လည်း လိုတယ်။ တာဝန်သိ ကျင့်ဝတ် စာနယ်ဇင်းသမား တစ်ယောက်ရဲ့ အသက်မွေးဝမ်းကျောင်းဟာ သက်သောင့်သက်သာရှိတဲ့ လမ်းခရီး တစ်ခု မဟုတ်သလို အချိန်တိုင်းက အလုပ်ချိန်လိုမျိုး။ ဒါပေမဲ့ ဒါတွေကို ဝန်ထုပ်ဝန်ပိုး မဟုတ်ဘူးလို့၊ လုပ်ချင်လို့ကို လုပ်နေတာ ဆိုတဲ့ အနေအထား ဆိုတော့ ကျွန်တော် စိတ်ချလက်ချ ပြောနိုင်တာက ရှာဖွေ တွေ့ရှိတယ်လို့။ တစ်ပါးသူရဲ့ ထင်ပေါ်ကျော်ကြားမှု၊ အာဏာကြီးမှု၊ ဓနဥစ္စာ ကြွယ်ဝမှုတွေကိုကြည့်ပြီး လိုက်ဖြစ်ချင်စိတ်တွေ၊ မနာလိုဝန်တိုမှုတွေ လုံးလုံး မဖြစ်တာ မဟုတ်ဘူး ဆိုရင်တောင် နည်းပါးတာပေါ့။ ဒီစာနယ်ဇင်း အလုပ်မှာကိုပဲ ရေးချင်တာတွေ၊ ပြောချင်တာတွေ၊ ဖတ်ချင်တာတွေနဲ့ပဲ ကိုယ့်ဟာကိုယ် အလုပ်ရှုပ်နေ တော့တာလို့ပဲ ပြောရ မလားပဲ။ လေ့လာ မှတ်သားစရာတွေကလည်း ကုန်တယ်လို့ မရှိပါဘူး။

VOICE : အဲလို ခံယူတယ် ဆိုရင်ကော လက်ရှိ မြန်မာပြည်ရဲ့ ပြောင်းလဲမှု အခြေအနေတွေအပေါ် မီဒီယာသမား တစ်ယောက်အနေနဲ့ ဘယ်လို မြင်လဲ။ ဘယ်လို သုံးသပ်မိလဲ။

USM : ကျွန်တော်က ယေဘုယျ အားဖြင့် ဘဝကို အကောင်းဘက်က ရှုမြင်တတ်ပါတယ်။ ပြီးတော့ ‘အတ္တာဟိ အတ္တနော နာထော’ ဆိုတဲ့ မိမိကိုယ်သာ ကိုးကွယ်ရာ ဆိုတာကို စွဲကိုင်ထားသူပါ။ လက်ရှိ ဖြစ်နေတာတွေဟာ အကောင်းဘက်ကို ဦးတည်နေတယ်လို့ ကျွန်တော် ယူဆပါတယ်။ ဒါတွေ မဖြစ်ခင် ကတည်းကလည်း ကြိုတင်တွေးခေါ်ပြီး တစ်ဦးချင်း တစ်ဖွဲ့ချင်း အနေနဲ့ ပြင်ဆင်မှုတွေ လုပ်ခဲ့ပါတယ်။ ဒီထက် ပိုကောင်းတာတွေ ဖြစ်ဖို့၊ မီဒီယာလွတ်လပ်မှုတွေ ပိုရလာဖို့ ဆိုတာ ကျွန်တော် အပါအဝင် လူတစ်ဦးချင်းစီက ဘယ်လို ဒီထက်ကောင်းအောင် လုပ်ယူမလဲ၊ ဘယ်လို ဖြစ်အောင်လုပ်မလဲ အပေါ်မှာလည်း မူတည်ပါတယ်။ ကျွန်တော်တို့လို ဖွံဖြိုးဆဲနိုင်ငံမှာ လူဖြစ်လာရသူတွေဟာ နောင်မျိုးဆက် နှစ်ခု၊ သုံးခုလောက် ရုန်းကန်လှုပ်ရှား ဖန်တီးနိုင်မှ တော်ကာကျမှာပါ။

USW : ပြောင်းလာတာလည်း တွေ့ရသလို မပြောင်းလာလို့ စိတ်ထဲ တနုံ့နုံ့ ဖြစ်တာတွေလည်း ရှိတယ်ဗျ။ နိုင်ငံရေး အုပ်ချုပ်မှုပုံစံ အပွင့်သဘောဘက်ကို လှည့်လာတယ်။ အစိုးရဟာ၊ လွှတ်တော် အမတ်တွေဟာ လူထုကို တာဝန်ခံရမယ် ဆိုတဲ့ ပုံသဏ္ဌာန်ပေါ့ဗျာ။ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေနဲ့ ငြိမ်းချမ်းရေး ဆွေးနွေးမှာမျိုး။ မီဒီယာမှာ အရင်က မမြင်ရတဲ့ ပုံစံတွေ မြင်တွေ့လာရတယ်။ စောဒက တက်မယ်ဆိုရင် အရင်က သုည အခြေအနေကနေ အခု တစ်၊ နှစ် ရယ်လို့ ဖြစ်လာတော့ ဒီအပြောင်းအလဲတွေဟာ ထူးမြင်တယ် ဆိုတာမျိုးပေါ့။ လုံလောက်ပြီလား ဆိုရင်တော့ နိုင်ငံရေးမှာ ရထားကြီးတော့ ထွက်သွားပြီ၊ မလိုက်နိုင်သူ နေခဲ့ ဆိုတာမျိုးကို ဖျောက်ပစ်နိုင်ရင် အဖြေ ရလာလိမ့်မယ်။ ပလေယာတွေအားလုံး ပါလာအောင် အခြေအနေတွေ ပေါ်လစီ ဖန်တီးမှု လုပ်စေချင်ပါတယ်။ နောက်ပြီးတော့ အပြောင်းအလဲကနေ လူထုကို အသီးအပွင့်တွေ ဖြစ်လာမှ လူထုက အပြောင်းအလဲ ဖြစ်လာတယ်ဆိုတာ ယုံကြည်ပြီး ပူးပေါင်း ဆောင်ရွက်မှာ ဖြစ်ပါတယ်။ အတော်လေးရုန်းရမှာ ဖြစ်ပေမယ့် ကျွန်တော်တို့တွေ အားလုံး ကြိုးစားကြရင် ဒီလိုမျိုး ကြီးမားတဲ့ ပဋိပက္ခ တွေကို မြန်မာနိုင်ငံမှာတော့ ဒီလိုကျော်ဖြတ် သွားခဲ့ကြတယ်ဆိုတဲ့ ကမ္ဘာက သင်ခန်းစာ ယူစရာတောင် မဖြစ်နိုင်ဘူးလို့ ဘယ်သူ ပြောမလဲ။

VOICE : ပြည်ပအခြေစိုက် မီဒီယာတွေထဲမှာ အခုနောက်ပိုင်း မဇ္ဈိမက အခြားမီဒီယာတွေထက် စာရင် မီဒီယာ ကျင့်ဝတ်ကို အလေးထားတဲ့ သတင်း အရေးအသားတွေ ပိုတွေ့ရပါတယ်။ တစ်နည်းပြောရရင် ပိုပြီး ပရော်ဖက်ရှင်နယ် ဆန်လာတယ်။ တခြားတစ်ဖက်မှာလည်း အတွေးအမြင်ဆောင်းပါး တချို့မှာကျတော့ ရန်ငါ စည်းခြားတဲ့ အသုံးအနှုန်း တချို့ ပါနေသေးတာ တွေ့ရတယ်။ ဥပမာ – ရန်သူလို့ သုံးနှုန်းတာမျိုးပေါ့။ အဲဒါ ဘယ်လိုကြောင့်ပါလဲ။

USM : ဟုတ်ကဲ့။ ကျေးဇူးတင်ပါ တယ်။ ကျွန်တော်တို့ အမြဲ လေ့လာသင်ယူ နေပါ့မယ်။ ဆက်ပြီး အလုပ်ကိုလည်း ကြိုးစားလုပ်ပါ့မယ်။ ဒီလိုမျိုး အသိအမှတ်ပြုတယ်ဆိုရင် အဲဒီဟာတွေဟာ မဇ္ဈိမမှာ ဝါသနာ၊ ဇွဲနပဲနဲ့ ရယူလိုစိတ် အကျိုးစီးပွား တစ်ခုအတွက်ပဲ မကြည့်ဘဲနဲ့ ကြိုးစားလုပ်ခဲ့တဲ့၊ လုပ်နေတဲ့ ကျွန်တော့်ရဲ့ လုပ်ဖော်ကိုင်ဖက် သတင်းထောက် တွေ၊ အယ်ဒီတာတွေ၊ မန်နေဂျာတွေရဲ့ အားထုတ်မှုတွေကြောင့်ပါ။ စာဖတ်သူတွေကိုလည်း ကျေးဇူး အရမ်းတင်ပါတယ်။

USW : အခုလို ချီးကျူးစကား ဆိုတဲ့အတွက် ကျေးဇူးတင်ပါတယ်။ စိတ်ကို ဖွင့်ထားပြီး လေ့လာသင်ယူ ပြုပြင်မှုတွေ လုပ်နိုင်အောင် ကျွန်တော်တို့ ကြိုးစားတယ်။ အားလုံးရဲ့ ကြိုးစားမှုပါ။ အဲဒီကနေ အခုလိုရလဒ် ထွက်တယ်လို့ ထင်တာပဲ။ အတွေးအမြင် ဆောင်းပါး ဆိုတာကတော့ ရပ်တည်ချက်တွေ၊ မူဝါဒတွေ၊ ယုံကြည်ချက်တွေကို မီးမောင်းထိုးပြ၊ ဆင့်ပွားအောင် ပြောဆိုကြတာ မဟုတ် လား။ သူ့အမြင် သူ့အတွေးကို ပြောတာဆိုတော့၊ သတင်းကတော့ သတင်းလိုပဲ ရေးကြရတာဆိုတော့ ပုံစံမတူဘူးပေါ့။ ဒါကြောင့်လည်း သတင်းကဏ္ဍနဲ့ အတွေးအမြင် ကဏ္ဍကို သီးခြား ကန့်ထားတာပေါ့။ ကျွန်တော်တို့က သတင်းမှာ သတင်းလို ရေးပေမယ့် အစိုးရနဲ့ သဘောမတူတာကိုလည်း မတူတဲ့အကြောင်း အတွေးအမြင်မှာ ဖုံးကွယ်မထားပါဘူး။

VOICE : ပြည်ပအခြေစိုက် မီဒီယာတချို့ ဘဏ္ဍာရေး အခက်အခဲ တွေ့နေတယ်ဆိုတဲ့ အသံတွေ ကြားနေရတယ်။ အဲဒါ ဘာ့ကြောင့်ပါလဲ။ မဇ္ဈိမကော အဲလို အခြေအနေမျိုး ကြုံနေရပြီလား။ ကြုံလာခဲ့ရင်ကော ဘယ်လို ပြင်ဆင်ထားလဲ။

USM : မဇ္ဈိမ အနေနဲ့ကတော့ ရှိတဲ့ငွေနဲ့ ကုတ်ကတ်ပြီး အလုပ်ဖြစ်အောင်၊ Results ပိုထွက်အောင် အမြဲပဲ ကြိုးစားပါတယ်။ ဒီထက် အလုပ်တွေ ပိုလုပ်ချင်တယ်။ အလုပ်လောဘ ကြီးပါတယ်။ ဘဝဆိုတဲ့ ခဏတာ အခိုက်အတန့်လေးမှာ လုပ်ချင်တဲ့ အလုပ်တွေ ပိုလုပ်ချင်တယ်။ ကူညီသူတွေကို ကျေးဇူးတင်ပြီး အသိအမှတ်ပြုသလို ရေရှည်မှာလည်း အတိုင်းအတာ တစ်ခုအထိ ကိုယ့်ဘာသာ ရပ်တည်နိုင်ဖို့ ပြင်ဆင်ကြိုးစား လုပ်ဆောင်နေပါတယ်။

USW : မီဒီယာ သဘောကတော့ နယ်စည်းမခြားပါဘူး။ မီဒီယာကျင့်ဝတ်ကို လိုက်နာ၊ မီဒီယာလွတ်လပ်ခွင့်ကို နှစ်သက်တာ ဆိုတော့ မီဒီယာက မီဒီယာပါပဲ။ ပြည်ပမှာ အခြေစိုက်တဲ့ မီဒီယာရယ်လို့ ဖြစ်တည်လာတာကလည်း ပြည်တွင်းမှာ ဆင်ဆာဘုတ်ကြီး ထားပြီး နိုင်ငံတော် ဆိုတာက ထိန်းချုပ်တာကို ရှေ့တန်းတင်တာကြောင့် ဖြစ်လာရတာ ဖြစ်တော့ ပြည်တွင်းမှာ ပွင့်လင်းမှု ပိုလာတာနဲ့အမျှ အရေးပါမှု လျော့နည်းလာမှာပဲ။ အကြမ်းဖျင်းအားဖြင့် ပြည်တွင်းမှာ ရေးလို့ရလာရင် ဘယ်သူက ပြည်ပမီဒီယာ တကူးတက သွားဖတ်မတုန်း။ အလားတူပဲ နိုင်ငံတကာရဲ့ အထောက်အပံ့ ဟာလည်း ဖိနှိပ်ချုပ်ချယ်မှု ရှိနေရင် ကင်းလွတ်တဲ့နေရာက မီဒီယာကို အဓိက ထောက်ပံ့တာပေါ့။ တစ်ဖက်မှာ ပြောင်းလဲမှုတွေ တွေ့လာရင် သူတို့လည်း လိုက်ပြောင်းလာတာပေါ့။ ဒါ့အပြင် ကမ္ဘာ့စီးပွားရေး အကျပ်အတည်းလို ဟာမျိုးရဲ့ သက်ရောက်မှုတွေလည်း ရှိနိုင်တာပေါ့။ သို့သော်လည်း ကာယကံရှင်တွေကတော့ အသိဆုံးပါ။

မဇ္ဈိမ အနေနဲ့တော့ ကိုယ်လုပ်နိုင်တာနဲ့ပဲ ကျစ်ကျစ်လျစ်လျစ် လုပ်နိုင်အောင်၊ အဖွဲ့တွင်း ရေရှည်ဖွံ့ဖြိုးမှုကို မျက်ခြည် မပြတ်အောင် ဆောင်ရွက်ပြီး ပွင့်လင်းမြင်သာမှု၊ တာဝန်ခံမှုတွေကို မလစ်ဟင်းရအောင် လုပ်ဆောင်ခဲ့ကြတယ်။ အထူးသဖြင့် ကိုစိုးမြင့်တို့၊ မသင်းသင်းအောင်တို့ကို အမှတ်ပေးရ လိမ့်မယ်။ တစ်ဖက်ကလည်း ဝုန်းဆို ထောင်တက်သွားတာမျိုးက အတက်ကုန်ရင် အဆင်းရှိစမြဲ မို့လား။ မဇ္ဈိမက အဲသလို အခြေအနေလည်း မဟုတ်တာ ပါပါတယ်။ အဲဒီတော့ အပြောင်းအလဲမှာ ထိခိုက်မှုမှာ မလွတ်ပေမယ့် ဆိုးဆိုးရွားရွား ကြီးလည်း ဖြစ်လာမယ်လို့ မမျှော်လင့်ပါဘူး။

ပြင်ဆင်မှုရယ် လို့ကတော့ သက်သောင့်သက်သာ မနေဘဲ မိမိဘာသာ ရပ်တည်နိုင်ရေး၊ တစ်စိတ်တစ်ဒေသ ဖြစ်ဖြစ်ပေါ့၊ ရုန်းကန် ဆောင်ရွက်တာပေါ့။ အဆုံးစွန် ထည့်တွက်ထားတာကတော့ အဆိုးဆုံး အခြေအနေရယ်လို့များ ကြုံလာခဲ့ရင် အမာခံနှစ်ပြီး လုပ်နိုင်မယ့်သူတွေ စုစည်းထားတာ ဖြစ်ပါတယ်။

VOICE : အခုနောက်ပိုင်း ပြည်တွင်းမှာ ပြည်ပအခြေစိုက် မီဒီယာသမား တချို့နဲ့ရော ပြည်ပရောက် နိုင်ငံရေး လှုပ်ရှားသူ တချို့နဲ့ပါ တွေ့ဆုံမေးမြန်းခန်းတွေ ဖော်ပြခွင့် ပြုလာတာနဲ့ ပတ်သက်ပြီး ဘယ်လို မြင်ပါသလဲ။

USM : ကောင်းပါတယ်။ စာဖတ်သူတွေ ပိုမို ကျယ်ကျယ်ပြန့်ပြန့် ဖတ်နိုင်အောင် လုပ်ပေးတာတိုင်းကို အားပေးပါတယ်။

USW : ဖော်ပြသင့်တယ်။ လုပ်သင့်တဲ့အလုပ် လုပ်လာတဲ့အတွက် ကြိုဆို ပါတယ်။ ကျွန်တော် မှတ်မိသလောက် အခုဆို ဧရာဝတီ၊ ဒီဗီဘီတို့က အကြီးအကဲ တွေကိုလည်း အင်တာဗျူး လုပ်ပြီးပြီ။ ဗဟုက ဦးအောင်သူငြိမ်းရဲ့ အင်တာဗျူးလည်း ဖော်ပြပြီးပြီ။ ဆက်လက် လုပ်စေချင်တယ်။ ဗြုန်းစားကြီး ဆိုတော့ ပြောင်းချင်မှာ မဟုတ်ပေဘူး။ သို့ပေမယ့် ဆင်ဆာဘုတ်က ထားမနေနဲ့၊ လူမုန်းခံရတာပဲ အဖတ်တင်တယ်။ စာနယ်ဇင်းသမားတွေ အနေနဲ့လည်း တာဝန်ယူတဲ့စိတ်၊ တာဝန်ခံတဲ့စိတ်နဲ့ လုပ်ကြဖို့ပဲ တိုက်တွန်းပါတယ်။

VOICE : မီဒီယာသမား တစ်ယောက် အနေနဲ့ ကိုယ့်လူ့အဖွဲ့အစည်းအတွက် ဘယ်လို နေရာမျိုးက ရပ်တည်သင့်တယ်လို့ ထင်ပါသလဲ။

USM : Nation Building နိုင်ငံ ပြန်လည်ထူထောင်ရေး လုပ်ငန်းတွေမှာ တာဝန်သိသိနဲ့ စေတနာ ရှေ့ထားပြီး တစ်ခန်း တစ်ကဏ္ဍကနေ ပါဝင် လုပ်ဆောင်သင့်တယ်လို့ ထင်ပါတယ်။

USW : အပေါ်မှာ ပြောခဲ့သလို တာဝန်ခံစိတ်နဲ့ သတင်း အချက်အလက်တွေကို လူအများ သိအောင်၊ သတင်း အချက်အလက်မှန် ရရင် ဆုံးဖြတ်ချက် ပြုရာမှာ အထောက်အကူ ပြုတာပေါ့။ စတုတ္ထ မဏ္ဍိုင် ပီသစွာ ရပ်တည်သင့်တာပေါ့။

(မဇ္ဈိမ သတင်းအေဂျင်စီကို ၁၉၉၈ ခုနှစ် ဩဂုတ်လတွင် ဦးစိုးမြင့်နှင့် ဒေါ်သင်းသင်းအောင်တို့ ပူးတွဲ တည်ထောင်သည်။ ရုံးချုပ် တည်နေရာမှာ အိန္ဒိယနိုင်ငံ နယူးဒေလီ မြို့တော်ဖြစ်ပြီး သတင်းဗျူရို ရုံးခွဲကို ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် ၂၀၀၇ ခုနှစ်က ဖွင့်လှစ်ခဲ့သည်။ အင်တာနက် ဝက်ဘ်ဆိုက်မှတစ်ဆင့် အင်္ဂလိပ် – မြန်မာ နှစ်ဘာသာဖြင့် ပုံမှန် ဖြန့်ချိနေပြီး အပတ်စဉ် ပုံနှိပ်သတင်းစာနှင့် အွန်လိုင်း ရုပ်သံအစီအစဉ်တို့ကိုလည်း ဖြန့်ချိထုတ်လွှင့်လျက် ရှိသည်။ ဝက်ဘ်ဆိုဒ်လိပ်စာမှာ- http://www.mizzima.com ဖြစ်သည်။)

ကိုယ်ရေးအကျဉ်း

ဦးစိုးမြင့်၏ ကိုယ်ရေးအကျဉ်း

အမည်ရင်း – စိုးမြင့်

မွေးဇာတိ – ရန်ကုန်မြို့

ပညာအရည်အချင်း – နိုင်ငံတကာ ဆက်ဆံရေးနှင့် နိုင်ငံတကာ အုပ်ချုပ်ရေး၊ ဒုတိယနှစ် (ဂုဏ်ထူးတန်း) – ရန်ကုန်တက္ကသိုလ်

အတွေ့အကြုံ – ၁၉၈၈ ခုနှစ် အောက်တိုဘာလတွင် ထိုင်း – မြန်မာ နယ်စပ်သို့ ထွက်ခွာခဲ့ပြီး ၁၉၉၀ ပြည့်နှစ်တွင် အိန္ဒိယ နိုင်ငံသို့ ရောက်ရှိခဲ့သည်။ ၁၉၉၁ ခုနှစ်တွင် ထူးခြားသည့် နိုင်ငံရေးလှုပ်ရှားတောင်းဆိုမှု တစ်ခုကြောင့် ပြည်နယ်အစိုးရ၏ စီရင်မှုဖြင့် နှစ်လခန့် အကျဉ်းချထား ခံရသည်။ ထို့နောက် အာမခံဖြင့် လွတ်မြောက်လာကာ ၂၀၀၃ ခုနှစ် မတ်လ ၁၄ ရက်နေ့တွင် ထိုအမှုမှ လုံးဝ လွတ်မြောက်ကင်းလွတ်ခွင့် ရခဲ့သည်။ ထိုကာလ များတွင် နိုင်ငံရေး လှုပ်ရှားသူ အနေနှင့် ရပ်တည်ခဲ့ပြီး ၁၉၉၈ ခုနှစ် ဩဂုတ်လတွင် မဇ္ဇျိမ မီဒီယာကို နယူးဒေလီမြို့တွင် ထူထောင်ခဲ့သည်။

လက်ရှိရာထူး – မဇ္ဈိမ သတင်းအေဂျင်စီ၏ အုပ်ချုပ်မှုဒါရိုက်တာနှင့် အယ်ဒီတာချုပ်

ဦးစိန်ဝင်း၏ ကိုယ်ရေးအကျဉ်း

အမည်ရင်း – သော်ဇင်ထွန်း

မွေးဇာတိ – တောင်ဥက္ကလာပမြို့နယ်၊ ရန်ကုန်မြို့

ပညာအရည်ချင်း – ဒဂုန် အ.ထ.က(၁) တွင် တက္ကသိုလ်ဝင်တန်း အောင်မြင်ခဲ့ပြီး ရန်ကုန် စက်မှုတက္ကသိုလ်မှ မြို့ပြအင်ဂျင်နီယာဘွဲ့ ရရှိခဲ့သည်။

အတွေ့အကြုံ – နိုင်ငံ အခြေအနေအရ လုပ်ငန်းမျိုးစုံ လုပ်ခဲ့ဖူး၊

ဝရိန်ဆော်သူ၊ စားဖိုဆောင်အကူ၊ လောင်းကစားဒိုင်၊ လမ်းဘေးဈေးသည်၊ ကန်ထရိုက်တာ၊ ဆောက်လုပ်ရေး လုပ်ငန်းခွင် အင်ဂျင်နီယာနှင့် အခြားလုပ်ငန်းများ လုပ်ကိုင်ခဲ့သည်။ ၂၀၀၀ ပြည့်နှစ်ကုန်ပိုင်းတွင် မြန်မာနိုင်ငံမှ အိန္ဒိယနိုင်ငံသို့ ထွက်ခွာခဲ့ပြီး ကမ္ဘောဒီးယား နိုင်ငံ ဖနွမ်းပင်မြို့တော်ရှိ ဖနွမ်းပင် ဘုရင့်တက္ကသိုလ်တွင် အမေရိကန် ပြည်ထောင်စု အခြေစိုက် လွတ်လပ်သော သတင်းစာပညာ ဖောင်ဒေးရှင်း Independent Journalism Foundation ၏ အစီအစဉ်ဖြင့် ဖွင့်လှစ်သော တစ်ဆင့်မြှင့် သတင်းစာပညာ သင်တန်းကို ၂၀၀၂ ခုနှစ် ဖေဖော်ဝါရီလမှ မေလအထိ လေးလ တက်ရောက်ပြီးနောက် မဇ္ဈိမ သတင်းအေဂျင်စီတွင် အချိန်ပြည့် သတင်းသမား ဖြစ်လာခဲ့သည်။

လက်ရှိရာထူး – စီမံခန့်ခွဲမှု အယ်ဒီတာ (မဇ္ဈိမ သတင်းအေဂျင်စီ)

Categories: General, Interview, Media
  1. No comments yet.
  1. No trackbacks yet.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

– လှုပ်ခတ်နေသောမှတ်စုများ (DVB) –

Categories

free counters