Home > Inside, Interview, NLD, Oppositon > အချိန်မရွေး နောက်ပြန် လှည့်သွားနိုင်ပါသေးတယ်။ (ရှေ့နေ ဦးအောင်သိန်းနှင့် မေးမြန်းချက်)

အချိန်မရွေး နောက်ပြန် လှည့်သွားနိုင်ပါသေးတယ်။ (ရှေ့နေ ဦးအောင်သိန်းနှင့် မေးမြန်းချက်)

Published on October 31, 2011 by နေသွင်  ·   (DVB)

စစ်အစိုးရလက်ထက်က ပြဋ္ဌာန်းခဲ့တဲ့ ရွေးကောက်ပွဲ​ ဥပဒေတွေနဲ့​ ပတ်သက်လို့ လွှတ်တော်တွေက ပြင်ဆင်​ အတည်ပြုလိုက်ပါတယ်။ ဒီပြင်ဆင်ထားတဲ့ ဥပဒေကို သမ္မတက လက်မှတ်ထိုးပြီးရင် ဥပဒေအဖြစ် အသက်ဝင်လာတော့မှာ ဖြစ်ပါတယ်။

ပါတီများ မှတ်ပုံတင်ခြင်း​ ဥပဒေထဲမှာ အသုံးအနှုန်းတချို့နဲ့ ပုဒ်မတချို့ကို ပြင်ဆင်လိုက်တာ လက်တွေ့အရ၊ အနှစ်သာရအရ ဘယ်နေရာတွေမှာ ပြောင်းလဲသွားနိုင်ပါသလဲ၊ ဘယ်လို အကျိုး သက်ရောက်မှု ရှိလာနိုင်ပါလဲ။ အမျိုးသား​ ဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ဥပဒေ​ အကြံပေး​​ရှေ့နေတဦးဖြစ်တဲ့ ဦးအောင်သိန်းကို မေးမြန်းထားပါတယ်။

အဓိက ကတော့ ကျနော်တို့ နားလည်တာကတော့ အ​ချက်​သုံး​ချက်​လို့​​ယေဘုယျ ပြောကြတာပေါ့နော်။ တချက်က ဖွဲ့စည်းပုံ အခြေခံဥပဒေကို ထိန်းသိမ်းစောင့်ရှောက်မယ်ဆိုတဲ့ နေရာမှာ လေးစား​ လိုက်နာရမယ်ဆိုတဲ့ အချက်ပါသွားတယ်။ အကြမ်းဖျင်းအားဖြင့် ပြောမယ်ဆိုရင် ဒါတွေက တိုးတက်လာတဲ့ လက္ခဏာ အနေနဲ့ ယူဆပါသလား။

“တစိတ်တပိုင်းအားဖြင့်တော့ တိုးတက်လာတယ်လို့ ကျနော်မြင်ရမှာပါ။”

အဲ့တော့ ထပ်ပြီးတော့ လုပ်စရာတွေတော့ ရှိတယ်လို့ ပြောရမှာပေါ့။

“ဟုတ်ပါတယ်။ ထိန်းသိမ်းကာကွယ် စောင့်ရှောက်ရမယ် ဆိုတဲ့ဟာကတော့ အင်မတန်မှ ကြီးလေးတဲ့ ၀န်ထုပ်ဝန်ပိုးကြီး စကားတခုလို ဖြစ်နေတယ်။ ကျနော်တို့က တယုတယနဲ့ မထိရဲ မတို့ရဲ၊ မပြာရဲ မဆိုရဲတဲ့ သဘောမျိုးတောင် ကျရောက်တယ်။ ​လေးစားလိုက်နာတယ်ဆိုတဲ့ စကားလုံးက ပျော့ပျောင်းတယ်ပေါ့ဗျာ။ ဥပဒေတရပ် ပြဋ္ဌာန်းပြီးရင်တော့ ဒီဥပဒေကိုတော့ ကျနော်တို့က လေးစားလိုက်နာ ရတော့မှာပဲလေ။ မလိုက်နာဘူး ပြောလို့မရဘူးလေ။ ဥပဒေ ဖြစ်သွားပြီ။ ​လေးစားလိုက်နာတယ် ဆိုတဲ့ဟာ ပျော့ပျောင်းမှု အနေအထားလေး တခုကို ဖော်ပြတဲ့ သဘောအဖြစ် လက်ခံနိုင်ပါတယ်၊ သဘောကျစရာ ရှိပါတယ်။ ဒါပေမယ့် ဖွဲ့စည်းပုံရဲ့ အခြေခံကျတဲ့၊ အဓိကကျတဲ့ ပြဿနာတွေကို မပြင်ဘူးဗျ။”

ဥပမာဆိုရင် ဘယ်လိုမျိုးတွေလဲ။

“ဥပမာ သမ္မတကို သုံးရပ်ကနေ ရွေးချယ်ပေးတာတို့၊ သမ္မတကနေပြီးတော့ သက်ဆိုင်ရာ ပြည်နယ်တိုင်းတွေမှာ ၀န်ကြီးချုပ်တွေကို ရွေးချယ် ခန့်အပ်တာတို့၊ သမ္မတရဲ့ ဩဇာအာဏာက လုံခြုံရေးကောင်စီနဲ့ ဆုံးဖြတ်ရမယ့် ဆိုတဲ့ သဘောထားတွေ ရှိတယ်ပေါ့။ ကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီရဲ့ သဘောထားက အဓိက ကျနေတယ်။ အဲဒီ ကာကွယ်ရေးနဲ့ လုံခြုံရေး ကောင်စီရဲ့ ပါဝင်တဲ့ ပုဂ္ဂိုလ်တွေ ကြည့်ရင် ၆ ဌာန၊ ၇ ဌာန လောက်က တပ်နဲ့ ပတ်သက်တဲ့ သူတွေ များတယ်ဗျ။ ဆိုတော့ အဲဒါမျိုးကလည်း လူတွေ ပြောနေကြသလို နောက်ပြန်လှည့်သွားစရာ အကြောင်း မရှိတော့ဘူးလို့  ဆိုနေပေမယ့် ဒီကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီက အချိန်မရွေး အာဏာသိမ်းနိုင်တယ် ဆိုတဲ့ သဘောမျိုးလည်း ပေးထားသလို ဖြစ်နေတယ်။”

ကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီက လွှတ်တော်ထက်တောင် ဩဇာကြီးတဲ့ ပုံစံမျိုး သက်ရောက်နေတာပေါ့နော်။

“ဟုတ်တယ်။ သူက အချိန်မရွေး အရေးပေါ် အခြေအနေ ကြေညာနိုင်တာနဲ့ အမျှ စစ်အုပ်ချုပ်ရေးနဲ့ အဲဒီ အရေးပေါ်အခြေအနေ သတ်မှတ်ထားတဲ့ ဧရိယာကို သူသွားနိုင်တယ်။ အဲဒီအချိန်မှာ လူ့အခွင့်အရေးတို့၊ တရားစီရင်ရေးတို့ ဘာမှ မရှိတော့ဘူး။ အကုန် ရပ်ဆိုင်းသွားပြီလို့တောင် အခြေခံဥပဒေမှာ တိတိကျကျ ဖော်ပြထားတယ်ဗျ။”

ဒါလည်း တချို့ပြောကြပါတယ်။ သိပ်စောလွန်းအားကြီးတယ်။ ဒီဟာတွေကို ဒီအချိန်မှာ ပြုပြင်ဖို့ သင့်၏မသင့်၏ ဆိုတဲ့အပိုင်းပေါ့။ အန်ကယ်လ်ကရော ဘယ်လိုယူဆပါသလဲ။

“ပြုပြင်ဖို့ သင့်၏ မသင့်၏ ဆိုတာက အချိန်အခါနဲ့ မဆိုင်ဘူးဗျ။ ပြုပြင်ချင်တဲ့ စေတနာနဲ့ မှန်မှန်ကန်ကန် ရှုမြင်သုံးသပ်ဖို့တော့ လိုတယ်။ လုံခြုံရေးပိုင်းဆိုင်ရာကို အဓိကထား ဦးစားပေးပြီးတော့ ကြည့်မယ်ဆိုရင် ကျနော်တို့ ဒီဖွဲ့စည်းပုံမှာ နိုင်ငံသားတွေ အခွင့်အရေးက ဘယ်လောက်ထိ ဆုံးရှုံးနေမလဲ ဆိုတာ ကျနော်တို့ ပြန်ငဲ့ကြည့်ဖို့ လိုအပ်တယ်လေဗျာ။ နောက်လည်း ပြင်ရမယ်။ အခုပြင်လို့တော့ မရဘူးလား​ ဆိုတဲ့ မေးခွန်းမျိုး ကျနော့်ဘက်က မေးရင် ဘယ်သူတွေ ဘယ်လို ဖြေကြမလဲ။”

နောက်တချက်က အကျဉ်းကျနေတဲ့လူတွေ ပါတီဝင်အဖြစ်နဲ့ ပါလို့ မရဘူးဆိုတဲ့အပိုင်းလေ။ ဒါကလည်း သူတို့ လျှော့လိုက်ပြီဆိုတာ ရှိပါတယ်။ ဒီအချက်တွေကို ပြင်လိုက်ပြီ ဆိုရင်တော့ အန်အယ်လ်ဒီအနေနဲ့ မှတ်ပုံတင်၏ မတင်၏ ကိစ္စတွေမှာ ဘယ်လိုမျိုး အကျိုးသက်ရောက်မှု ရှိနိုင်လဲ။

“အကျဉ်းကျတွေထဲကလူတွေကို  ပါတီဝင်အဖြစ် မသတ်မှတ်ရဘူးဆိုတာ ဒီမိုကရေစီလမ်းကြောင်းမှာ သွားနေတဲ့ ပါတီရဲ့ တည်ဆောက်မှု အပေါ်မှာ မလိုအပ်ဘဲနဲ့ ၀င်ရောက်စွက်ဖက် ထိန်းချုပ်ထားတယ်လို့ ကျနော့်ဘက်က မြင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒီလူဟာ ထောင်ထဲရောက်သွားတဲ့ ပါတီဝင် တယောက်က ဘယ်လို အကြောင်းကြောင့်  ထောင်ထဲ ရောက်တယ်ဆိုတာ ကျနော်တို့ ပါတီကပဲ အဆုံးအဖြတ် ပေးရမှာဗျ။ ပါတီကပဲ သုံးသပ်ရမယ့် ကိစ္စပါ။ သူ့  ပါတီဝင်အဖြစ် ဆက်လက် ရှင်သန်ခွင့် မပြုသင့် မပြုသင့် ဆိုတာ ပါတီပေါ်မှာ မူတည်တဲ့ ကိစ္စရပ်ပါ။ နိုင်ငံရေးလှုပ်ရှားမှုကြောင့် ဖြစ်စေ၊ အကြောင်းအမျိုးမျိုးကြောင့် ထောင်ထဲ ရောက်သွားတဲ့ ပါတီဝင်တယောက်ကို ပါတီဝင် စာရင်းအရ တို့မထားရဘူးဆိုရင် ကျနော်တို့ ရဲဘော်ရဲဘက်တဦးအပေါ်မှာ မျက်ကွယ်ပြုထားသလို ဖြစ်နေတယ်။ အဲဒီလိုသာ သတ်မှတ်ထားမယ်ဆိုရင် အဲဒီပါတီဝင် အဖြစ် အင်အားစုဆောင်းဖို့တောင် နောင် အခက်အခဲအများကြီး ရှိလာနိုင်တယ်လို့ ကျနော်က မြင်ပါတယ်။ အန်အယ်လ်ဒီအနေနဲ့ မှတ်ပုံတင်ရေး မတင်ရေး ဆိုတာကတော့ စီအီးစီက ဆုံးဖြတ်ရမယ့်  ကိစ္စရပ်ပါ။ အဲဒီအပေါ်မှာတော့ ကျနော့်အနေနဲ့ အထူးသဘောထား မပေးလိုပါဘူး။ ဗဟိုကော်မတီတရပ်ကနေ အဆုံးအဖြတ်ပြုတယ်လို့ ဖြစ်လာရင် ပါတီဝင်တွေက လိုက်နာ ဆောင်ရွက်ရမှာပေါ့နော်။ ဒါ အများသဘောထား ဆန္ဒကို အနည်းစုက လိုက်နာရမယ်။ အနည်းစုရဲ့ သဘောထားကိုလည်း အများစုက မှတ်တမ်းတင် ထားရှိပြီးတော့ အသိအမှတ်ပြုရမယ်ဆိုတဲ့ ပါတီရဲ့ ကျင့်စဉ်အရ ကျနော်တို့ လုပ်ရ ကိုင်ရမှာပဲလေ။”

ပါတီက မှတ်ပုံတင်ပြီးရင် အနည်းဆုံးသုံးနေရာဝင်ပြိုင်ရမယ်ဆိုတာ အခုအဲဒီအချက်ကိုလည်း သူတို့လျှော့ပေးလိုက်တာပေါ့။ ဘယ်လောက်ထိ ဒီမိုကရေစီကျတဲ့ ကျင့်စဉ်​ အနေအထားကို ရောက်ပြီလို့ အန်ကယ်ယူဆပါသလဲ။

“အဲဒီအချက်ကတော့ ကျနော်လည်း တော်တော်လေး စဉ်းစားပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ နိုင်ငံရေးပါတီဟာ သူ့သက်တမ်းပေါ့လေ၊ သူ့ရဲ့အခြေခံ အုတ်မြစ်ခိုင်မာမှုအတွက် သူ့မှာတည်ဆောက်ပိုင်ခွင့် ရှိရပါမယ်။ အဲတော့ ပါတီတခုဟာ မှတ်ပုံတင်​ထားပြီးတာနဲ့​​ရွေးကောက်ပွဲဝင်ရမယ်ဆိုပြီးတော့ သတ်မှတ်လို့​ မရပါဘူး။ ရွေးကောက်ပွဲ​ ကာလကို လွန်ချင်လည်းလွန်သွားမယ်။ သူ့ပါတီရဲ့ ခိုင်ခန့်အောင်တည်ဆောက်ဖို့ အရည်အချင်း​ ​ပြည့်ဝသူတွေကို​ ​ရွေးထုတ်ဖို့ မွေးထုတ်ဖို့​ ဆိုတာလည်း ပါတီတရပ်မှာ တာဝန်ရှိတယ်။ အဲဒီတော့ ပါတီမှတ်ပုံပြီးရင် ရွေးကောက်ပွဲကို ၀င်ရမယ်ဆိုတဲ့ စည်းမျဉ်းကို ဖျက်လိုက်တာတော့ ကျနော်ကြိုဆိုပါတယ်။ ဘာလို့လဲဆိုတော့ ဒါမှလည်း ပါတီတွေက အရှည်သဖြင့် တည်တံ့အောင် ကိုယ့်ပါတီရဲ့ ပြုပြင်ရမယ့် အချက်အလက်တွေ ပိုမိုကောင်းမွန်အောင် နိုင်ငံသူ နိုင်ငံသားတွေအတွက် လုပ်ကိုင်ဆောင်ရွက်ပေးရမယ့် ဟာတွေကို စွမ်းစွမ်းတမံ ဆောင်ရွက်နိုင်တဲ့ လုံလောက်တဲ့​ အချိန်​ ​ရောက်ပြီဆိုမှ​ ​ရွေးကောက်ပွဲကို ၀င်ကြတာတော့ အကောင်းဆုံးပေါ့။ ဖုတ်ဖတ်ခါပြီး ပါတီထောင်၊ ဖုတ်ဖတ်ခါပြီး ရွေးကောက်ပွဲဝင်၊ ဖုတ်ဖတ်ခါပြီး အာဏာပိုင်နဲ့ပေါင်းပြီး ရွေးကောက်ပွဲမှာ မသမာမှုတွေနဲ့ အနိုင်ရယူသွားတဲ့ ပုဂ္ဂိုလ်မျိုးတွေအတွက်တော့ ဒါက အင်မတန်မှ အရေးကြီးတဲ့ အချက်တချက်အနေနဲ့တော့ ကျနော်မြင်ပါတယ်။”

၉၀ ရွေးကောက်ပွဲကိစ်​ စပြောနေကြတာ ရှိပါတယ်။ ၉၀ ရွေးကောက်ပွဲက အန်အယ်ဒီလည်း နိုင်တာပဲ။ တခြားအနိုင်ရတဲ့ပါတီလည်း တော်တော်များများ ရွေးကောက်ပွဲမ၀င်ကြဘူးပေါ့။ အကယ်၍ ရွေးကောက်ပွဲဝင်တယ်ဆိုတဲ့ အခြေအနေ ဖြစ်သွားရင် ၉၀ ရွေးကောက်ပွဲရလဒ်က အလကားဖြစ်သွားမလား။ ဥပဒေကြောင်းအရ ဘယ်လိုပြောရင်ရမလဲ။

“ကျနော်တို့ကတော့ ၉၀ ပြည့်နှစ်ရွေးကောက်ပွဲက တရားဝင်​ တည်ရှိခဲ့တာတော့​​ ​ငြင်းလို့မရဘူးပေါ့။ နိုင်ငံတကာကကော၊ ပြည်တွင်းကကော အကုန်လုံး​ အသိအမှတ် ပြုထားတယ်။ ပြန်တမ်းတွေနဲ့​ ထုတ်ပြီး အသိအမှတ်​ ​ပြုထားတာပဲဗျာ။ တည်ဆဲအစိုးရ တရပ်ကနေပြီးတော့ ကျင်းပပေးခဲ့တာပဲ။ အာဏာလွှဲမယ်လို့လည်း ကြေညာခဲ့တာပဲ။ ဒါပေမယ့် ဒါတွေကို ရုတ်ခြည်း​ ပျက်ပြယ်သွားပြီလို့ ပြီးခဲ့တဲ့ တည်ဆဲအစိုးရဆိုတဲ့ စစ်အစိုးရကပဲ ကြေညာသွားတာပဲ။ အဲဒီတော့ ဘာပဲပြောပြော အစိုးရတရပ်ဆိုတဲ့ တာဝန်ယူ လုပ်ဆောင်ထားတဲ့ ကိစ္စရပ်တွေက နောက်အစိုးရက ဆက်လက် တာဝန်ယူရမယ်ဆိုတဲ့ လွှဲပြောင်းတဲ့​ အခါမှာလည်း ပြတ်ပြတ်သားသား ဖော်ပြထားတာပဲ။ အဲတော့ ၉၀ ပြည့်နှစ်ရဲ့ ရလဒ်တာဝန်ဟာ ဒီနေ့ တည်ဆဲအစိုးရမှာလည်း ဆက်လက်ရှိနေသေးတယ်။ အဲဒါဟာ တနည်းနည်းနဲ့တော့ သူတို့ဟာ သဘောသက်ရောက်တဲ့ ပြုလုပ်မှု ဆောင်ရွက်မှု တခုခုတော့  အသိအမှတ်ပြုတဲ့ သဘောတခုခုတော့ လုပ်ဆောင်ပေးသင့်တယ်လို့ ကျနော့်အမြင်အားဖြင့် အဲဒီလိုမြင်ပါတယ်။ အဲဒါကြီးကို ကျနော်တို့က မသိကျိုးကျွန်ပြုထားမယ်ဆိုရင် အဲဒါကြီးက တောက်လျှောက်​ ကျနော်တို့ ဒီရဲ့ အစိုးရအဆက်ဆက် လွှတ်တော်​ အဆက်ဆက်မှာ ထမင်းလုံးတစ္ဆေခြောက်သလို အခြောက်ခံနေရဦးမယ်လို့ ကျနော်မြင်ပါတယ်။”

Categories: Inside, Interview, NLD, Oppositon
  1. No comments yet.
  1. No trackbacks yet.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

– လှုပ်ခတ်နေသောမှတ်စုများ (DVB) –

Categories

free counters