Home > Army, Ethnic Armed Groups, Government, KIO (KIA) > မြန်မာအစိုးရတပ်က ကချင်တပ်အား ဓါတုလက်နက်ဖြင့် စ တိုက် (KNG, NMG)

မြန်မာအစိုးရတပ်က ကချင်တပ်အား ဓါတုလက်နက်ဖြင့် စ တိုက် (KNG, NMG)

Published on Sunday, 30 October 2011 07:01                             Written by KNG

မြန်မာအစိုးရတပ်က နိုင်ငံမြောက်ပိုင်း ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ (KIA)နှင့် ဖြစ်နေသော ပြည်တွင်းစစ်တွင် ဓါတုလက်နက်များ စတင်အသုံးပြုလာသည်ဟု ကိုယ်တိုင်ကြုံတွေ့ရသူများပြောသည်။

ဝိုင်းမော်မြို့နယ် KIA နှင့် မြန်မာအစိုးရစစ်တပ်တို့တိုက်ပွဲဖြစ်ရာ မြစ်ကြီးနား-ဗန်းမော်ပေါ်မှ ရွှေညောင်ပင်၊ ဂါးရာယန်ဒေသမှ ဆုတောင်းတောင်(Akyu Hpyi Bum)နှင့် လုံဇက်ပ်ကောင် (Lung Zep Kawng) တိုက်ပွဲများတွင် မြန်မာအစိုးရတပ်က ဓါတုအဆိပ်ငွေ့ အသုံးပြုနေသည်ဟု ဆိုသည်။

အောက်တိုဘာလ ၂၉ ရက် စနေနေ့ ဆုတောင်းတောင်တိုက်ပွဲတွင် မြန်မာအစိုးရတပ်က ဓါတုလက်နက်ပါ အမြောက်ကျည် ၂ ခု ပစ်ခတ်လာသည်ဟု ၎င်းတိုက်ပွဲမှ KIA ပြည်သူ့စစ်သားများပြောသည်။

KIA ပြည်သူ့စစ်သား လာဂွမ်းက “ဘယ်လိုဖြစ်တာလဲလို့ သွားစစ်ကြည့်တော့။ မီးခိုးအနက်ရောင်တွေပျံ့လာတယ်။ မီးခိုးတွေတအားများတယ်။ များတထက်များလာတာနဲ့ ခေါင်းမူးလာတယ်။ အာခေါင်ခြောက်လာတယ်။ ရေ တအား ဆာလာတယ်။ အန်ချင်လာတယ်။ အန်တော့ မအန်နိုင်ဘဲ ပျို့တက်လာပြီးတော့ ရင်ကြပ်လာပြီး စပ်ဖျင်းဖျင်း နာလာတယ်။ မျက်နှာထူလာတယ် အချိန်တို အတွင်းပဲ။” ဟု ပြောသည်။

ထိုနေ့တွင်ပင် လိုင်ဇာအနီး အင်တပ်ဘွမ်(Ntap Bum) ဒေသတွင်လည်း မြန်မာအစိုးရတပ်၏ အမြောက်ကျည်ကြောင့် KIA စစ်သားများ အချိန်အတော်ကြာ မူးဝေ အော့အန်ကြသည်ဟုဆိုသည်။

အလားတူလက်နက်မျိုး တစ်ပတ်ကျော်ကြာ လုံဇက်ပ်ကောင် (Lung Zep Kawng) တိုက်ပွဲတွင်လည်း မြန်မာအစိုးရတပ်ဘက်မှ အသုံးပြုသည်ကို တွေ့ရသည်ဟု ဆက်ပြောသည်။

ဂျနီဗာသဘောတူညီချက်အရ ပြည်တွင်း ပြည်ပစစ်ပွဲများတွင် ဓါတုနှင့် ဇီဝ လက်နက်များ အသုံးပြုရန် ပိတ်ပင်ထားသည်။

—————————————————————————————————————————————

အစိုးရတပ်က ဓါတု လက်နက် အသုံးပြုဖွယ်ရှိကြောင်း KIO က သံသယဖြစ်

Monday, 31 October 2011 18:28

အစိုးရတပ်နှင့် ကချင်ပြည်လွတ်မြောက်ရေး တပ်မတော် KIA တို့ ဖြစ်ပွားနေသည့် တိုက်ပွဲများ အတွင်း အစိုးရတပ်ဘက်က လူ့အခွင့်အရေး ချိုးဖောက်မှုများ ဆက်လက် ပြုလုပ်နေသလို ဓါတု လက်နက်များ အသုံးပြုဖွယ် ရှိတယ်လို့ KIO က သံသယ ဖြစ်နေသည်။
ဝိုင်းမော်မြို့နယ် ရွှေညောင်ပင်နှင့် ဂါးရားယန် အကြား ယခုလ (၂၉) ရက်နေ့က ဖြစ်ပွားခဲ့သည့် တိုက်ပွဲများ အတွင်း အစိုးရတပ်မှ ထူးဆန်းသည့် လက်နက်များ အသုံးပြုနေသည်ဟု ခန့်မှန်း ရကြောင်းနှင့် ဓါတုပစ္စည်းများ ပါဝင်နိုင်သည်ဟု သံသယ ရှိကြောင်း KIO ပြောခွင့်ရပုဂ္ဂိုလ် ဦးလနန်က ပြောသည်။

“အဲဒီလက်နက်ကြီးရဲ့ ပေါက်ကွဲသံက ခါတိုင်းပေါက်ကွဲတာနဲ့ မတူဘူး။ သူ့မှာ ထွက်လာတဲ့ အခိုးအငွ့တွေကလည်း မီးခိုးတွေ တော်တော်များပြီးတော့ အနံ့အသက်ကလည်း ထူးခြားတဲ့ အနံ့တွေ ရနေတယ်။ သိပ်မကြာခင်မှာပဲ ကျနော်တို့ ရဲဘော် သုံးယောက်က ခေါင်းမူးလာတယ်၊ အော့အန်တယ်။ မူးမေ့ပြီးတော့ လမ်းတောင် မလျောက်နိုင်တော့ဘူး။ အိပ်ပျော်သွားသလို ဖြစ်ကုန်တယ်။”

မူးမေ့သွားသည့် စစ်သည်များ၏ ခန္တာကိုယ်ပေါ်တွင် ထိခိုက်မှု တစုံတရာ မတွေ့ရဘဲ လက်နက်ကြီး ပေါက်ကွဲသည့် ယမ်းငွေ့ ရှုရှိုက်မိရာက ဖြစ်ပွားခဲ့ခြင်းကြောင့် အစိုးရတပ်က ဓါတုပစ္စည်းသုံးစွဲမှု ရှိမရှိကို KIO က စုံစမ်း စစ်ဆေးသွားမည်ဟု ဆက်လက် ပြောဆိုသည်။

“သူတို့ရဲ့ ၀တ်တဲ့ အ၀တ်အစားတွေနဲ့ သူတို့ရဲ့ ဆံပင်တွေကို မှာထားတယ်ခင်ဗျ။ နိုင်ငံတကာ ဓါတ်ခွဲခန်းတွေကို ပို့သင့်ရင် ပို့နိုင်အောင် လုပ်နေကြပါတယ်။ လက်နက်ကြီးရဲ့ အပိုင်းအစတွေ ကိုတော့ ရယူဖို့ မလွယ်ဘူး။ ဘာကြောင့်လည်းဆို အဲလိုမျိုး ဖြစ်လာတော့ ကျနော်တို့ရဲ့ ယာယီစခန်း ဖြစ်တဲ့ အဲဒီစခန်းကနေ ကျနော်တို့တပ်တွေက ဆုတ်ခွာပေးလိုက်ရတယ်။ အဲဒီမှာ သူတို့တပ်တွေက နေရာလာယူထား လိုက်ကြတယ်ခင်ဗျ။”

လောလောဆယ်တွင် မိုးမောက်၊ မန်စီ၊ ဒေါ့ဖုန်းယန်မြို့နယ်ခွဲနှင့် ၀ိုင်းမော် မြို့နယ်များအပြင် ခေါင်လန်ဖူး မြို့နယ်များတွင်လည်း တိုက်ပွဲများ ဆက်လက် ဖြစ်ပွားနေပြီး အစိုးရတပ်မှ သယ်ယူ ပို့ဆောင်ရေး လုပ်ငန်းများတွင် စစ်သုံး ရဟတ်ယာဉ်များ အသုံးပြုနေကြောင်း ၎င်းက ဆက်ပြောသည်။

“မြစ်ကြီးနားမြို့ကနေလာတဲ့အခါကျတော့ လက်နက်တွေ၊ ရိက္ခာတွေ၊ အရာရှိတွေ တင်လာတယ်ဗျ။ အဲတာတွေ ချပြီးတော့ ဒီကပြန်တဲ့အခါကျတော့ လူနာတွေ တင်သွားတယ်။ ရဟတ်ယာဉ်ကတော့ နေ့တိုင်းလို လာတယ်ဗျ။ (၂၉) ရက်နေ့တုန်းကတော့ သူတို့ရဲ့ ရဟတ်ယာဉ် တစင်းကို ကျနော်တို့ရဲ့ ရှေ့တန်းက ရဲဘော်တွေ ပစ်လိုက်တာ မှန်သွားတယ်လို့ပြောတယ်။ မီးခိုးတလူလူနဲ့ ထွက်သွား တယ်လို့ ပြောလာတယ်။ ဒါပေမယ့် ထိခိုက်မှုတော့ သိပ်ပြီးမရှိဘူးလို့ ပြန်ကြားရတယ်။”

အောက်တိုဘာလအတွင်း ကချင်ပြည်နယ်နှင့် ရှမ်းပြည်မြောက်ပိုင်း ဒေသများတွင် တိုက်ပွဲ ကြီးငယ်ပေါင်း အကြိမ် (၁၆၀) ထက်မနည်း ဖြစ်ပွားခဲ့ပြီး အစိုးရတပ်ဘက်မှ ထိခိုက်ကျဆုံးမှု များပြားကြောင်း KIO မှတ်တမ်းများကို ကိုးကား၍ ဦးလနန်က ပြောသည်။

တချိန်တည်းတွင် ကချင်ပြည်နယ် မိုးမောက်မြို့နယ်အတွင်းရှိ ခိုင်ဘန် ကျေးရွာမှ အသက် နှစ်ဆယ်ကျော် အမျိုးသမီး တဦးအား နယ်မြေခံတပ်ရင်း ခလရ (၃၂၀) မှ တပ်ဖွဲ့ဝင်များက ယခုလ (၂၈) ရက်နေ့က ဖမ်းဆီးခေါ်ဆောင်သွားပြီး ယနေ့ထိ ပြန်လည်လွတ်ပေးခြင်း မရှိသေးကြောင်း တရုတ်မြန်မာ နယ်စပ်ရှိ ကချင်အမျိုးသမီး အစည်းအရုံး (KWAT) အဖွဲ့မှ မိုင်းဂျာက ပြောသည်။

“တောင်ယာမှာ သူတို့ စပါးရိတ်နေတဲ့အချိန်ပေါ့။ အဲဒီကနေ ခေါ်သွားတာ။ အမျိုးသမီးရယ် သူ့ရဲ့ ယောက္ခထီးရယ်၊ သူ့ရဲ့ ခင်ပွန်းရယ်ပေါ့။ သုံးယောက်ကို ခေါ်သွားတာ။ လမ်းခုလပ်မှာ အမျိုးသား နှစ်ယောက်ကတော့ ထွက်ပြေးလာကြတယ်။ သူကမထွက်ပြေးနိုင်တော့ ဖမ်းသွားပြီးတော့ အခု သူတို့ စစ်တပ်ထဲမှာပဲ ရှိနေတယ်။”

အဖမ်းခံရသည့် အမျိုးသမီးတွင် တနှစ်နှင့် ငါးလသားအရွယ် ကလေးငယ် ကျန်ရှိခဲ့ပြီး လောလောဆယ် မိခင်နှင့် ကလေးနှစ်ဦးစလုံးအတွက် စိုးရိမ်ရသည့် အခြေအနေ ဖြစ်နေသည်ဟု ဆက်လက်ပြောဆိုသည်။

“ကလေးက နို့စို့အရွယ်လည်းဖြစ်တယ်။ ဒီအမျိုးသမီးက ယောကျာ်းတွေ အများကြီး ကြားထဲမှာ သူတယောက်ထဲ ဖြစ်နေတဲ့ အနေအထားမှာ သူ့ကို ဆွဲလား ရမ်းလား လုပ်တဲ့ အနေအထား တွေလည်း အဝေးကနေ မြင်နေရတယ်။”

အစိုးရနှင့် KIO တို့ဖြစ်ပွားနေသည့် တိုက်ပွဲများအတွင်း တရုတ်မြန်မာ နယ်စပ်တလျောက်နှင့် မြို့ပေါ်ဒေသ များသို့ ထွက်ပြေး ခိုလှုံနေသည့် စစ်ပြေးဒုက္ခသည် သုံးသောင်းခန့် ရှိသည်ဟု (KWAT) အဖွဲ့ မှတ်တမ်းများက ဆိုသည်။

ထို့အပြင် တိုက်ပွဲဖြစ်ပွားနေသည့် (၅) လတာ အချိန်အတွင်း မိုးမောက်နှင့် မန်စီမြို့နယ်အတွင်းရှိ  ကျေးရွာများတွင် အစိုးရတပ်၏ ပစ်ခတ်မှုကြောင့် ထိခိုက် သေဆုံး၊ ဒဏ်ရာရသူနှင့် အဓမ္မ ပြုကျင့် ခံရသည့် ဖြစ်စဉ်ပေါင်း (၂၈) ခုရှိပြီး အရပ်သား (၉) ဦးမှာ အပစ်မရှိဘဲ ပစ်သတ်ခံရသည်ဟု (KWAT) အဖွဲ့၏ မှတ်တမ်းများအား ကိုးကား၍ မိုင်းဂျာက ပြောသည်။

  1. No comments yet.
  1. No trackbacks yet.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

– လှုပ်ခတ်နေသောမှတ်စုများ (DVB) –

Categories

free counters