Home > DASSK, Interview > ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခြင်း

ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခြင်း

Tuesday, 04 October 2011Written by The Voice Weekly

ပထမဆုံးက ငါနဲ့သဘောမတူရင် ငါ့ရန်သူဆိုတဲ့ စိတ်ထား မထားနဲ့

dasskThe Voice Weekly အဖွဲ့သားများက ၂၀၁၀ ပြည့်နှစ် ဒီဇင်ဘာလ ၁၇ ရက်နေ့တွင် တွေ့ဆုံမေးမြန်း ထားခဲ့ခြင်း ဖြစ်ပါသည်။

ရုံးခန်းတွင်း ဝင်လိုက်သည်နှင့် ခရမ်းရောင် ဖျော့ဖျော့ ရင်ဖုံးအင်္ကျီ၊ နက်ပြာရောင်ထမီ ဝတ်ဆင်ထားပြီး ဆံထုံးပေါ်တွင် ခရမ်းဖျော့ရောင် သစ်ခွပန်းများ သီကုံး ပန်ဆင်ကာ ဖော်ရွှေသော အပြုံး၊ ကြည်လင်သော မျက်နှာနှင့် ဒေါ်အောင်ဆန်းစုကြည်ကို တွေ့လိုက်ရသည်။ ရုံးခန်းတွင်း ဝင်လာသူတိုင်းကို သူနှင့် နှစ်ပေါင်းများစွာ ဝေးကွာခဲ့ရသော မိတ်ဆွေရင်းချာများ ပြန်လည် ဆုံတွေ့ရသကဲ့သို့ ချိုသာတည်ငြိမ် အေးဆေးသော စကားသံဖြင့် နှုတ်ခွန်းဆက်သည်။ အသက် ၆၅ နှစ် ရှိနေပြီ ဖြစ်သော်လည်း အရွယ်နှင့် မလိုက်အောင် တက်ကြွလန်းဆန်းလွန်း နေသည်။ သူသည်ကား ၂၀၁၀ ပြည့်နှစ် နိုဝင်ဘာလ ၁၃ ရက်နေ့တွင် နေအိမ်အကျယ်ချုပ်မှ ပြန်လည် လွတ်မြောက်ခဲ့သော ဒေါ်အောင်ဆန်းစုကြည်ပင် ဖြစ်ပြီး The Voice Weekly က ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံမေးမြန်းရန် လာရောက်ခြင်း ဖြစ်သော်လည်း အမှန်တကယ် မေးခွန်းစတင် မေးမြန်းသူက ဒေါ်အောင်ဆန်းစုကြည် ဖြစ်နေသည်။ ဒေါ်အောင်ဆန်းစုကြည်နှင့် The Voice Weekly တို့၏ တွေ့ဆုံမေးမြန်းခန်းသည် အမေးနှင့် အဖြေဆိုသော ပုံမှန်တွေ့ဆုံမေးမြန်းခန်း သဘောမျိုးထက် သူ့အမြင်၊ ကိုယ့်အမြင် ဖလှယ်သော ဆွေးနွေးပွဲ စကားဝိုင်း ပုံစံမျိုးဖြင့် အပေးအယူ မျှတစွာ အဆုံးသတ်ခဲ့သည်။

DASSK : ဇူလိုင် ၁၉ ရက်နေ့ အာဇာနည်နေ့နဲ့ ပတ်သက်လို့ ဖေဖေနဲ့ ပတ်သက်တဲ့ ဆောင်းပါးတွေ မီဒီယာတွေမှာ ပါလာတော့ ထုတ်လို့ ရလာပြီပဲလို့။ အရင်တုန်းက ထုတ်လို့မရဘူး မို့လား။

VOICE : မရဘူးခင်ဗျ။ အရင်တုန်းက စာပေစိစစ်ရေးက ထောက်လှမ်းရေးက တိုက်ရိုက်ကိုင်တာ။ ထောက်လှမ်းရေး ကိုင်တဲ့ အချိန်တုန်းက လွတ်လပ်ခွင့် ဒီလောက်ကြီး မဟုတ်ဘူး။ ထောက်လှမ်းရေး ပြီးသွားတော့ ၂၀၀၄ နောက်ပိုင်းမှာ စာပေစိစစ်ရေးက ပြန်ကြားရေးအောက် ရောက်သွားတယ်။ ပြန်ကြားရေးအောက် ရောက်သွားတဲ့ အခါကျတော့ စာပေဗိမာန်က၊ အရင်က စာရေးခဲ့ဖူးတဲ့ သူတွေ၊ တကယ့် စာပေနားလည်တဲ့သူတွေ ရောက်လာတော့ စာပေစိစစ်ရေးက နည်းနည်းတော့ Relex ဖြစ်ပါတယ်။ နိုင်ငံရေးနဲ့ ပတ်သက်ရင်တော့ ဒီအတိုင်းပါပဲ။ တဖြည်းဖြည်းတော့ ရေးရတာ နည်းနည်းတော့ သိသာပါတယ်။

DASSK : တော်တော် သိသာပါတယ်။ အခုက အန်တီထွက်လာတဲ့ အချိန်မှာ ဆိုလို့ရှိရင် ဆောင်းပါးတွေ၊ ဘာတွေ တော်တော်များများက နိုင်ငံရေး အကြောင်းတွေ ပါလာတယ်။ မြန်မာနိုင်ငံရဲ့ နိုင်ငံရေး မဟုတ်ရင် တောင်မှ တခြားနိုင်ငံရဲ့ နိုင်ငံရေးလည်း နိုင်ငံရေးပဲ။ ဘာပဲပြောပြော နိုင်ငံရေး အသိအမြင် ပိုပြီးတော့ ကျယ်ပြန့် စေတာပေါ့။ မြန်မာ့နိုင်ငံရေးနဲ့ ပတ်သက် ပြီးတော့လည်း တော်တော်များများ ပါလာတာပဲ။ အရင်တုန်းက လွတ်လပ်ရေး ခေတ်တုန်းက ဖြစ်စဉ်တွေ ဘာတွေ ဆိုရင်လေ။ ဒါက တိုးတက်မှုပဲ။

VOICE : နောက်တစ်ခုက စာပေစိစစ်ရေး ဆိုတာကလည်း လက်ရှိအစိုးရရဲ့ မူဝါဒကို ထင်ဟပ်ပြီး စိစစ် တည်းဖြတ်ရတာ ဖြစ်တဲ့အတွက် မီဒီယာတွေကလည်း ပါးပါးနပ်နပ် ရပ်တည်ပြီး ရေးဖို့ လိုပါတယ်။ စကားလုံး အသုံးအနှုန်းက အစပေါ့နော်။ ကျွန်တော်တို့ ပြောချင်တဲ့ Message ရောက်အောင် သိုင်းဝိုင်းပြီး ပြောရတာတွေ ရှိပါတယ်။ ကျွန်တော်တို့က ဘာပြောလေ့ ရှိလဲ ဆိုတော့ စာပေစိစစ်ရေးနဲ့ မီဒီယာတွေက ပြိုင်ပွဲလိုပဲ။ သူတို့ကလည်း အစိုးရမူဝါဒကို ထိပါးတဲ့ဟာကို တည်းဖြတ်ဖို့ ကြိုးစားတယ်။ ကျွန်တော်တို့ကလည်း တတ်နိုင်သလောက် ကျွန်တော်တို့ ပေးချင်တဲ့ Message ရောက်အောင် ရေးရတယ် ဆိုတော့ ကြားထဲမှာ ဉာဏ်ရည်ပြိုင်တဲ့ သဘောမျိုးလို့တောင် ပြောလို့ရတယ်။ ကျွန်တော်တို့က အကောင်းမြင် ရတာပေါ့။ သူတို့က ကျွန်တော်တို့ကို ရေးသားတဲ့ စွမ်းရည်၊ အရည်အသွေး တက်အောင် တစ်နည်းတစ်ဖုံ ပံ့ပိုးနေသလို အဲလို ဖြေသိမ့်ရတယ်။ ဒီမှာက အကောင်းမမြင်တတ်ရင် ရပ်တည်ဖို့ တော်တော် ခက်ပါတယ်။ နည်းနည်းလောက် ရှာပြီး ရပ်တည်မှ မီဒီယာဆိုတာ အဲလိုလုပ်လို့ ရတာကိုး။

DASSK : အစိုးရမူဝါဒ မထိခိုက်လို့ရှိရင် ဆိုတဲ့နေရာမှာ စာပေစိစစ်ရေးကို နားလည်အောင် ပြောသင့်တာပေါ့။ တစ်ခါတလေ အစိုးရမူဝါဒကို ထိခိုက်ပေမယ့် အစိုးရကို မထိခိုက်ဘူး။ ဘာဖြစ်လို့လဲ ဆိုတော့ အစိုးရမူဝါဒကို ထိခိုက်လို့ ဆိုပြီး မလုပ်တာက အစိုးရကို ထိခိုက်စေတယ် ဆိုတာကို သူတို့ နားလည်အောင် ပြောလို့ရှိရင် ကောင်းမယ် ထင်တယ်။

VOICE : ဟုတ်ကဲ့။ အခုတော့ အခြေအနေက မဆိုးပါဘူး။ အခု စာပေစိစစ်ရေးက လူတွေက အရင်က လူတွေထက်စာရင် အများကြီး တော်လာပါပြီ။ Dialouge ရှိတယ်။ ပြောတာကို ဆုံးအောင် နားထောင်တယ်။

DASSK : အဲဒါ အရေးကြီးဆုံးပဲ။ နားမထောင်တာက ပြဿနာ။ ခုနစ်နှစ်လုံးလုံး အန်တီ ရေဒီယို နားထောင်တော့ နားမထောင်တတ်တဲ့ လူတွေ တော်တော်များတာ တွေ့ရတယ်။ ရေဒီယိုမှာ မေးတဲ့လူက တစ်မျိုး၊ ဖြေတဲ့လူက တစ်မျိုး။ နားမထောင်တတ်တာပဲ။ နားမထောင်တတ်တာက များတယ်။ တမင်သက်သက် ထော်လော်ကန့်လန့် လုပ်တာ မဟုတ်ဘူး။ တချို့တွေက မေးခွန်းကို နားမလည်တာလည်း ပါတယ်။ အဲဒါလည်း နားမထောင် တတ်တာပဲ။ မေးခွန်းတွေက ရှင်းပါတယ်။ ဒီလောက်ကြီးလည်း မခက်ဘူး။ ဒါပေမဲ့ တစ်ခါတလေတော့လည်း နည်းနည်း ခက်ခက်ခဲခဲ ရှိတာပေါ့။ အများစုကတော့ ခပ်ရှင်းရှင်းပါပဲ။ နားထောင်ရင် နားမလည်စရာ အကြောင်းမရှိဘူး။ ဒါပေမဲ့ သေချာ နားမထောင်တဲ့ အခါကျတော့ ကောင်းကောင်း နားမလည်ဘူး။ အဲဒီတော့ မေးတာတခြား၊ ဖြေတာ တခြား ဖြစ်နေတာ။ နောက်ပြီးတော့ နားထောင်ချင်တာထက် ပြောချင်တဲ့သူက များတယ်။ တစ်ခါတလေ သတိထားမိတယ်။ ရေဒီယိုမှာ ကြေညာတဲ့သူက စကားဖြတ်ချင်တယ်၊ ဖြတ်လို့ မရဘူး။

VOICE : နားမထောင်တာနဲ့ ပတ်သက်ပြီး ဗွေဆော်ဦး မေးခွန်း မေးချင်ပါတယ်။ အဲဒါက ဘာကြောင့်လို့ ယူဆလဲ။ ပညာရေးစနစ် ကြောင့်လား။ ငယ်ငယ်တုန်းက သင်ခဲ့တာတွေမှာ များများ နားထောင်ဖို့ ဆိုတဲ့ဟာကို မသင်ခဲ့ရလို့လား။

DASSK : နားထောင်ပုံ၊ နားထောင်နည်းကို သေချာ မသင်လို့ပဲလို့ အန်တီ ထင်တယ်။ ကျောင်းတွေမှာဆိုရင် နားထောင်တယ် ဆိုတာကို စကားလုံး တစ်လုံးချင်း၊ တစ်လုံးချင်းကို အလွတ်ကျက်တာပဲ။ ပြောတဲ့အတိုင်း နားထောင်ပြီးတော့ ပြန်ပြီး ဖြေရတာပဲ။ တကယ့်မေးခွန်းနဲ့မှ မဟုတ်ဘဲ။ မေးခွန်း မေးလိုက်လို့ရှိရင် အဖြေက တစ်ခါတည်း ပါလာ ပြီးပြီ။ အဲဒီအဖြေတိုင်းပဲ ဖြေတော့ ဆိုတော့ ကိုယ့်ဟာကိုယ် စဉ်းစားပြီး ဖြေတဲ့အလေ့အထ မရှိဘူး။ ကိုယ့်ဟာကိုယ် စဉ်းစားပြီး ဖြေစရာ အကြောင်းမရှိဘူး ဆိုရင် မေးခွန်းကိုလည်း သေချာ နားထောင်စရာ အကြောင်း မရှိတော့ဘူး။ Question and Answer အားလုံး ပေးထားပြီးပြီ။ အလွတ်သာ ကျက်လိုက်ပေတော့။ အဲဒီလို စနစ်နဲ့လည်း ဆိုင်တယ် ထင်တယ်။ နောက်ပြီးတော့လည်း ယဉ်ကျေးမှုကိုက စောဒကတက်တာတွေ၊ ဘာတွေကို ရိုင်းတယ်လို့ ထင်တယ်။ တကယ်တော့ စောဒကတက်တိုင်း ရိုင်းတာ မဟုတ်ဘူး။ ပြန်ပြီးတော့ မေးပိုင်ခွင့် ရှိရမယ်။ ပြန်ပြီး မေးတာကိုလည်း မကြိုက်ကြဘူး။ ပြန်ပြီး မေးတာကို မကြိုက်တဲ့ နိုင်ငံမှာဆိုရင်၊ လူမှုအသိုင်းအဝိုင်းမှာ ဆိုရင် မေးခွန်းတွေကို ရှောင်ချင်ကြတယ်။ မေးခွန်းဆိုတာက အန္တရာယ် မဟုတ်ဘူး ဆိုတဲ့ အမြင်မရှိလို့ပဲလို့ ထင်ပါတယ်။ တချို့တွေက မေးခွန်းမေးရင်ကို သူ့ကို ရန်သူလို မြင်တာလား၊ ဆန့်ကျင်နေတာလား၊ တစ်ခုခု ဝေဖန်နေတာလား။ အဲလို မြင်တယ်။ ဒါနဲ့ မဆိုင်ဘူးဆိုတာ သိပ်မသိကြဘူး။

VOICE : အဲဒီ့ဟာနဲ့ ဆက်စပ်လို့ မေးခွန်းမေးတာရော၊ နားထောင်တာရော၊ မေးတာမြန်းတာ ကအစ ငါ့ကို ပုဂ္ဂိုလ်ရေး ပြောတာလားပေါ့။ အဲဒီတော့ ပုဂ္ဂိုလ်ရေး ဆိုတဲ့စကားက ဒီမှာ ဝင်လာတာပေါ့။ ဝင်လာတဲ့အခါ မှာ မြန်မာ့နိုင်ငံရေးမှာ တချို့ပြောကြ၊ ဆိုကြတာ ရှိပါတယ်။ ဒီဘက်ခေတ် အချိန်အထိ။ လူပုဂ္ဂိုလ် တစ်ယောက်ရဲ့ အတွေးအခေါ်၊ နိုင်ငံရေး အမြင်၊ ခံယူချက် အပေါ်ကို ဝေဖန်စောဒကတက်ခြင်းထက် ပုဂ္ဂိုလ်ရေးကို ဝေဖန်တိုက်ခိုက်ခြင်း ဆိုတာမျိုးတွေ ရှိခဲ့တဲ့ အခါကျတော့ မြန်မာ့နိုင်ငံရေးမှာ ခုနပြောတဲ့ အမျိုးသား ပြန်လည်စည်းလုံး ညီညွတ်ရေး၊ အမျိုးသား ပြန်လည် ရင်ကြားစေ့ရေးတို့က ပုဂ္ဂိုလ်ရေးကြောင့် အဟန့်အတား ဖြစ်ခဲ့တယ်လို့ ယူဆတဲ့သူတွေ၊ ဝေဖန်တဲ့သူတွေလည်း ရှိပါတယ်။ အန်တီ အနေနဲ့ကော အဲဒါကို ဘယ်လိုများ ယူဆပါသလဲ။ သုံးသပ်ပါသလဲ။

DASSK : အဲဒါ အတွေးအခေါ် ရင့်ကျက်မှု မရှိတာလို့ ထင်တယ်။ အန်တီတို့ဆိုရင် တတ်နိုင်သမျှ ပုဂ္ဂိုလ်ရေးကို ရှောင်တယ်။ အစိုးရရဲ့ လုပ်တာကိုင်တာတွေကို အန်တီတို့ မကြိုက်လို့ ဝေဖန်တယ်။ ဝေဖန်လို့ရှိရင် ဒါကို အစိုးရကို ဝေဖန်ပါတယ် ဆိုပြီး မြင်တယ်။ အစိုးရကို ဝေဖန်တာနဲ့ အစိုးရရဲ့ လုပ်ပုံလုပ်နည်း၊ လုပ်တဲ့ကိစ္စတွေကို ဝေဖန်တာနဲ့ မတူဘူးနော်။ အဲဒါကို နားလည်ရမယ်။ ပုဂ္ဂိုလ်ရေး ဆိုတာလည်း ဒီလိုပဲ။ လူတစ်ယောက်ကို ဘယ်လောက်ပဲခင်ခင်။ ဥပမာဆိုရင် ကိုယ့် သားသမီး တောင်မှ ကိုယ်မဝေဖန်လို့ ရှိရင်၊ ကိုယ် မပြုပြင်လို့ ရှိရင်၊ ကိုယ် မဆုံးမလို့ရှိရင် ဘယ်သူက ဝေဖန်ပြုပြင် ဆုံးမမလဲ။ ဒါပေမဲ့ ကိုယ့်ကလေးဆိုတော့ ကိုယ်ချစ်တာပေါ့။ ကိုယ့်ကလေးဆိုတော့ ကိုယ်က ဘာမှ အဆိုးလည်း မြင်ချင်တာ မဟုတ်ဘူး။ ရန်သူလို မြင်တာလည်း မဟုတ်ဘူး။ သို့သော်ငြားလည်း သူလုပ်တာကိုင်တာ မဟုတ်ရင် မဟုတ်မှန်း မြင်ရမယ်။ ဒါမှလည်း ကိုယ်က ကူညီနိုင်မှာ။ တချို့ မိဘတွေက ကိုယ့်သား၊ ကိုယ့်သမီးဆိုရင် ဘယ်တော့မှ အဆိုးမမြင်ဘူး။ အန်တီ ငယ်ငယ်တုန်းက သင်ရတဲ့ ပုံပြင်လေး သွား သတိရတယ်။ သားတို့ခေတ် သင်ရသေးလား မသိဘူး။ သူခိုးက သူ့ကို ကားစင် တင်တော့မှ သူ့အမေကို အနားကပ်ခိုင်းပြီး နားကို ကိုက်ဖြတ်လိုက်တာလေ။ သူ့ကို ငယ်ငယ်တုန်းက မဆုံးမလို့လေ။ ဒီလို မိဘမျိုးက ကိုယ့်သားသမီး ဘာလုပ်လုပ် လက်ခံမယ်။ ကောင်းတယ်ပဲ ပြောမယ်ဆိုတာက ကောင်းတဲ့မိဘ မဟုတ်ဘူး။ သားသမီးရဲ့ တကယ့်မိတ်ဆွေစစ် မဟုတ်ဘူး။ ဝေဖန်တာ ဆိုတာကလည်း အပြုအမူကို ဝေဖန်တာကို ပြောတာနော်။ လူကိုတော့ နာမည်နဲ့တပ်ပြီး ဝေဖန်တာမျိုး အမြဲရှောင်တယ်။ ဒီကိစ္စ မကြိုက်ဘူး။ ဒီလိုလုပ်တာ မဟုတ်ဘူး။ မလုပ်သင့်ဘူး ဆိုတာ ပြောတယ်။ ဒီလူက ဒီလိုဒီလိုဆိုပြီး ဝေဖန်တာမျိုးက နည်းနည်း သိက္ခာမဲ့တယ်လို့ ထင်တယ်။ ပုဂ္ဂိုလ်ရေးအရ လူတွေကို ဝေဖန်တာကလေ။ အဲဒါက မရင့်ကျက်တဲ့ အတွေးအခေါ်ကြောင့်မို့လို့ ကိုယ့်ကို ထိတယ်လို့ထင်ရင် မခံနိုင်ဘူး။ အန်တီတို့ အမြင်က ဝေဖန်တယ် ဆိုရင်တောင်မှ စဉ်းစားရမှာက ဒီဝေဖန်မှုက အကြောင်းအကျိုး ဆီလျော်လား။ အကြောင်းအကျိုး ဆီလျော်ရင်တော့ ကိုယ် ဆင်ခြင်ရမယ်။ အကြောင်းအကျိုး မဆီလျော်ဘူး ဆိုရင်တော့ ခေါင်းထဲ မထားနေနဲ့တော့။ အဲဒါ ဘာဖြစ်သလဲ။ သူပြောချင်လို့ လျှောက်ပြောနေတာ။ အဲဒီလိုပဲ စိတ်ထဲမှာ ထားရမယ်။

VOICE : မြန်မာ့နိုင်ငံရေးမှာ အခု အချိန်အထိ ပုဂ္ဂိုလ်ရေးနဲ့ တကယ့် အနှစ်သာရ အတွေးအခေါ် အယူအဆပိုင်း ရှိတဲ့နေရာမှာ အတွေးအခေါ် အယူအဆပိုင်း နားလည်မှု မပေးနိုင်ဘဲနဲ့ ပုဂ္ဂိုလ်ရေးဘက်ကို အလေးကဲပြီးတော့ စည်းလုံးညီညွတ်ရေး အားလျော့နေသလား ခံစားရပါတယ်။ အဲတော့ ရှေ့ဆက်သွားတဲ့ နေရာမှာ အဲဒါကို ဘယ်လို ပြုပြင်သင့်ပါသလဲ။ အဲဒီအပေါ်မှာ ဘယ်လို မြင်ပါသလဲ။

DASSK : ဒီပုဂ္ဂိုလ်ရေးနဲ့ ပတ်သက်လို့ အထိမခံတာ၊ အရမ်း Sensitive ဖြစ်တာက အန်တီ့ အမြင်မှာတော့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု နည်းလို့ ဖြစ်တာလို့ အန်တီ ထင်တယ်။ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုနည်းတာ။ ဒီကိစ္စကလည်း အန်တီခဏ၊ ခဏ စဉ်းစားဖူးတယ်။ ဗမာတွေက တစ်ယောက်ကို တစ်ယောက် အရမ်းမနာလို ဖြစ်တယ်။ ဒါတော့ အားလုံး လက်ခံပါတယ်နော်။ ဒါ ကိုယ့်အချင်းချင်းမို့လို့ ပြောလို့ရတယ်။ အန်တီ ဟောပြောပွဲတွေမှာလည်း ပွင့်ပွင့်လင်းလင်း ပြောဖူးပါတယ်။ ဗမာတွေက တော်တော်ကို တစ်ယောက်နဲ့ တစ်ယောက် မနာလိုစိတ် ရှိတယ်။ ဗမာတွေပဲလား၊ တခြား နိုင်ငံသားတွေကရော မနာလိုစိတ် မရှိဘူးလား။ တခြားနိုင်ငံသားတွေလည်း မနာလိုစိတ် ရှိတာပဲ။ ဒါပေမဲ့ ဗမာတွေက နည်းနည်း ပိုတယ်လို့ ပြောရမယ်။ အဲဒါလည်း ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု နည်းလို့။ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု နည်းတဲ့ အခါကျတော့ ဘယ်သူက ကိုယ့်ထက် သာသွားမလဲ ဆို တာ အမြဲ ကြည့်နေတယ်။ ကိုယ့်ကိုယ်ကိုယ် သိမ်ငယ်တဲ့စိတ် ရှိတယ်။ အန်တီတို့ လူမျိုးက ဘာဖြစ်လို့ ဒီလောက်တောင် ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု နည်းနေသလဲ ဆိုတာ အန်တီလည်း အထပ်ထပ် အခါခါ စဉ်းစားတယ်။ စဉ်းစားတဲ့ အခါမှာ ကလေးတွေကို ပြုစုပျိုးထောင်မှုနဲ့ အများကြီး ဆိုင်တယ်လို့ ထင်တယ်။ ကလေးတွေကို မိဘတွေက စိတ်ပိုင်းဆိုင်ရာအရ လုံခြုံမှု မပေးနိုင်ဘူး။ ဘာဖြစ်လို့ မပေးနိုင်လဲ ဆိုတော့ တစ်ခါတလေ မြန်မာမိဘတွေက ကလေးတွေကို ပြုစုပျိုးထောင်တဲ့ နေရာမှာ တစ်ယောက်နဲ့ တစ်ယောက် ယှဉ်ပြီးများ ပြောသလားလို့။ ဒါမှမဟုတ် နောက်တစ်ခုက ပညာရှင်တွေ သုံးသပ်တာက အကြွင်းမဲ့မေတ္တာ ပေးမယ်ဆိုတဲ့ အသိအမြင်ကို ကလေးတွေကို မပေးနိုင်တော့တာ။ အန်တီ ပြောဖူးပါတယ်။ မြန်မာမိဘတွေ ဆုံးမတဲ့ပုံ အန်တီ သိပ် မကြိုက်တာက ” မလိမ္မာရင် မချစ်တော့ဘူးနော် ” ဆိုတာ။ လိမ္မာတယ် ဆိုတဲ့ အဓိပ္ပာယ်က ဘာလဲ ဆိုတော့ လူကြီးမိဘ အကြိုက်လုပ်တာ။ မိဘက သူ့ အကြိုက်ကို မလုပ်ရင် ကလေးအတွက် မေတ္တာကို ရုပ်သိမ်းလိုက်မယ်ဆိုတဲ့ အနေအထားမှာ ရှိတော့ ဒီကလေးက ဘယ်လိုလုပ် စိတ်လုံခြုံမှု ရှိမလဲ။ လူကြီးမိဘ အကြိုက်လုပ်မှ ငါ့မှာ လုံခြုံမှု ရှိမယ်ဆိုတဲ့ အတွေးများ ဝင်သွားသလားလို့။ ဒါ အန်တီက ဒီအဖြေ မှန်တယ်လို့ ပြောတာ မဟုတ်ပါဘူး။ ဒီလို အန်တီ စဉ်းစားမိတယ်။ အဲဒါကို တခြားလူတွေလည်း စဉ်းစားစေချင်တယ်။ မြန်မာတွေ ဘာဖြစ်လို့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု မရှိလဲ။ ဒါကြောင့် မနာလိုဖြစ်တာ တစ်ယောက်နဲ့ တစ်ယောက် အဲလို မနာလိုဖြစ်တဲ့ စိတ်ပေါ်မှာ အခြေခံပြီးတော့ ဆတ်ဆတ်အထိ မခံဖြစ်တာ။ အထိကို မခံနိုင်ဘူး။ ငါ့ပြောလို့ရှိရင် ငါ့မုန်းလို့ပဲ။ တစ်ခါတည်း ဘယ်လိုကို ဖြစ်သွားမှန်း မသိဘူး။ ရန်သူကြီး ဖြစ်သွားတာပဲ။ နိုင်ငံခြားမှာလည်း အဲလိုလူတွေ မရှိဘူးလား ဆိုတော့။ ရှိပါတယ်။ ဒါပေမဲ့ အန်တီတို့ မြန်မာတွေမှာ နည်းနည်း ပိုများတယ်။ အဲဒါကတော့ အန်တီ တစ်ယောက်တည်းလည်း အဖြေရှာလို့ ရတာ မဟုတ်ဘူး။ အန်တီက ပြန်မေးရမှာ။ ဘယ်လိုထင်လဲ။ ဘာဖြစ်လို့ စိတ်လုံခြုံမှု မရှိလဲပေါ့။ ကိုယ်ငယ်စဉ်ကနေ ကြီးပြင်းလာတုန်းက ဘယ်လိုအခြေအနေ ရှိလဲ။ အန်တီတို့ကျတော့ စိတ်လုံခြုံမှု ရှိတယ်လို့ ပြောရမှာပဲ။ ဘာဖြစ်လို့ ရှိသလဲပေါ့။ အဲလို ပြန်ပြီးတော့ မေးမှာပဲ။

VOICE : မြန်မာတွေရဲ့ အလေ့အထကို ပြောရင်းနဲ့ ဆက်စပ်ပြီး ပြောရမှာက အခုဖြစ်နေတဲ့ လူထုအကြားမှာ အပြစ်တင်စရာ ဖြစ်နေတဲ့ ကွဲကြ၊ ပြဲကြတဲ့ ကိစ္စပေါ့။ ဗမာတွေက နှစ်ယောက်ရှိရင် သုံးဖွဲ့ ကွဲချင်တာမျိုးလို့တောင် တင်စား ပြောကြရတယ်။ ဒီအပေါ်မှာ အန်တီကကော ဘယ်လို သုံးသပ်မိပါသလဲ။

DASSK : အဲဒါကလည်း ကိုယ်က နည်းနည်းပေးလိုက်ရင် အားလုံး ပါသွားပြီလို့ ထင်တာ။ မဟုတ်ဘူး။ ဒါက Win – Win ဆိုတဲ့ဟာကို နားမလည်တာ။ ဗမာ့ယဉ်ကျေးမှုအရ Win – Win ဆိုတာ သိပ်မရှိဘူး။ ဥပမာ – တလောက နိုင်ငံခြားသားတွေနဲ့ မြန်မာ့လက်ဝှေ့ အကြောင်း ပြောဖြစ်တယ်။ တစ်ယောက်က မြန်မာ့လက်ဝှေ့ကို သူ မကြည့်ရဲဘူးပေါ့။ ကြမ်းလို့ပေါ့နော်။ ကာထားတာမျိုး မရှိတော့ အန္တရာယ် သိပ်များတယ်ပေါ့။ အန်တီလည်း အရင်က မကြိုက်တာ ဘာလဲဆိုတော့ အောင်တဲ့သူက သူရဲ့ အောင်ပွဲခံပုံက သိပ်ကျောသလိုပဲ။ သိပ်ရိုင်းတယ်လို့ ထင်တယ်။ အခု နောက်ပိုင်း တော်လာပါတယ်။ ဒီလောက် မဆိုးတော့ဘူး။ အရင်တုန်းကဆို ပုံဟန်မျက်နှာထား ကြည့်ပုံက ဘေးက ကြည့်ရတဲ့သူက မျက်နှာတောင် ပူတယ်။ သူဘာလို့ ဒီလို လုပ်ရက်တာလဲပေါ့။ ကိုယ်ကလည်း နိုင်ပြီး နိုင်တဲ့သူက စိတ်နှိမ့်ချရမယ်။ သိက္ခာရှိရှိနဲ့ ရှုံးတဲ့သူအပေါ် လေးစားရမယ် ဆိုတာ သိပ် မရှိဘူး။ ရှုံးတဲ့သူအပေါ် တက်နင်းလိုက်မဟဲ့ ဆိုသလို ဖြစ်နေတယ်။ အဲဒါကြောင့်ပဲ Compromise မရှိတာလို့ ထင်တယ်။ ရှုံးသွားရင် တက်နင်းခံရမှာပဲ၊ တက်နင်းတော့မှာပဲလို့ စဉ်းစားတယ်။ အဲဒါကြောင့်မို့ ကွဲတာပြဲတာလည်း အဲဒါပဲ။ ဒီတစ်ခါ တော့ တို့လိုက်လျောလိုက်ရင် နောက်တစ်ခါမှာ တို့ကို လိုက်လျောသင့်တဲ့ အချိန်မှာ ပြန်လိုက်လျောမှာပဲဆိုတဲ့ အမြင်ကို မထားနိုင်ကြဘူးပေါ့။ ဒါဆို ဒါပဲပေါ့။ ဒီမိုကရေစီမှာ အမြဲကိုယ်ဖြစ်ချင်သလို မဖြစ်ရဘူး။ အားလုံးကနေပြီး ဆုံးဖြတ်လိုက်တယ်။ အများရဲ့ ဆုံးဖြတ်ချက်ကို လူနည်းစုက နေပြီးတော့ လက်ခံရမယ်။ ဒါ အပေးအယူသဘောပဲ။ ကိုယ့်အလှည့် သူ့အလှည့် ရှိမယ်။ အဲဒါကို လက်မခံနိုင်ဘူး။ အမြဲပဲ ကိုယ့်အလှည့် ဖြစ်ချင်တယ်။ သူ့အလှည့် မပေးချင်ဘူး။ အဲဒါတော့ မဖြစ်နိုင်ဘူး။

VOICE : ကျွန်တော် နားလည်ထားတာ Agree to Disagree သဘောထား မတူတာကို လက်ခံ နားလည်ပေးဖို့ ဆိုတာ ဒီမိုကရေစီရဲ့ အခြေခံပဲပေါ့။ ဒီမိုကရေစီ အတွက်လို့ ဒီမိုကရေစီ အရေးလို့ နာမည်ခံထားတဲ့ အဖွဲ့ အစည်းတွေမှာ ဒီ Agree to Disagree မရှိဘူး ဖြစ်နေတယ်။ ဒါကြောင့်ပဲ အကွဲအပြဲတွေ ဖြစ်နေလားလို့။ အဓိက ပြောချင်တာက နယ်ပယ် အသီးသီးမှာ ရှိတဲ့ အထင်ကရ ဖြစ်နေတဲ့ ပုဂ္ဂိုလ်တွေ ဦးဆောင်တဲ့သူတွေက Agree to Disagree ကို ဘယ်လိုများ လက်တွေ့ ကျင့်သုံးသင့် သလဲလို့ တစ်ဆိတ်လောက် ပြောပြပေးပါ ခင်ဗျ။

DASSK : ပထမဆုံးက ငါနဲ့သဘော မတူရင် ငါ့ရန်သူဆိုတဲ့ စိတ်ထား မထားနဲ့။ ဘာလို့လဲဆိုရင် ဒီအချက်မှာ သဘော မတူရင် နောင်အချက်မှာ သဘောတူ နိုင်တယ် ဆိုတာ။ အဲဒီလို အမြင်ကျယ်ကျယ် ရှိရင် အများကြီး တိုးတက်မှု ရှိလာမယ်။ တစ်ချိန်တစ်ခါမှာ သဘောမတူပေမယ့် နောက်တစ်ကြိမ်မှာ သဘောတူမှာပဲဆိုတဲ့ စိတ်မျိုး အမြဲထားသင့်တယ်လို့ ထင်တယ်။ ဒီလိုမဟုတ်ဘဲ ဒီတစ်ခုမှာ မတည့်ရင် သွားပြီ ဘယ်တော့မှ မတည့်တော့ဘူး၊ လှည့်မကြည့်တော့ဘူးလို့ ဖြစ်သွားတာပဲ။ Agree to Disagree ဆိုတာ ဒါပဲ။ ဒီအချက်မှာတော့ တို့သဘော မတူဘူး။ ကိုယ့်အမြင်ချင်းက မတူဘူး ဆိုတာကို လက်ခံတယ်။ မိတ်ပျက်စရာလည်း မလိုဘူး။ မိတ်ဖက်အဆင့်က ရပ်စဲ သွားစရာလည်း မလိုဘူး။ နောင်တစ်ချက်မှာ ပြန်ပြီး တွဲနိုင်မယ်။ ဒါကြောင့် သူတို့ကို အမြဲပြောတယ်။ နိုင်ငံရေးမှာ ထာဝရမိတ်ဆွေလည်း မရှိဘူး။ ထာဝရ ရန်သူလည်း မရှိဘူး ဆိုတာ။ ဒါလည်း အခြေခံ တစ်ခုပဲ။ တချို့ကိစ္စတွေမှာ ကိုယ်က မဟာမိတ် ဖြစ်မယ်။ တချို့ ကိစ္စတွေမှာ ကိုယ်က အတိုက်အခံ ဖြစ်သွားမယ်ပေါ့။ ဒါပေမဲ့ အဲဒါကြောင့်မို့လို့ ထာဝရရန်သူ ဖြစ်သွားတာ မဟုတ်ဘူး။ ကိုယ်လုပ်နေတဲ့ ကိစ္စနဲ့ ပုဂ္ဂိုလ်ရေး ခံစားချက်ကို ခွဲခြားနိုင်ရမယ်။ လုံးဝ ဒီလို သဘောထားနိုင်ရင်တော့ ကောင်းတာပေါ့။ ဒါပေမဲ့ ဒီလိုထားနိုင်ဖို့ကတော့ မလွယ်ဘူးပေါ့။ အတိုင်းအတာ တစ်ရပ်အထိတော့ ကွာခြားမှု ထားနိုင်ရမယ်။ အဲဒါ မထားနိုင်ရင်တော့ Agree to Disagree မဖြစ်နိုင်ဘူး။ ငါနဲ့ သဘောမတူတာက ငါ့ကို မုန်းလို့ပဲ၊ ငါ့ကို တိုက်ခိုက်တာပဲ ဆိုတဲ့ အမြင်ကို ဖျောက်ရမယ်။

VOICE : နေအိမ်မှာ အကျယ်ချုပ်နဲ့ နေခဲ့တဲ့ ကာလက ၁၅ နှစ်ကျော် ရှိနေတဲ့အတွက် ဒီအတောအတွင်း မြန်မာ့နိုင်ငံရေး အခြေအနေနဲ့ ပတ်သက်ပြီး အန်တီ့အနေနဲ့ အကန့်အသတ်နဲ့ပဲ သတင်းအချက်အလက် ရမယ်လို့ ထင်ပါတယ်။ အဲတော့ မြန်မာ့နိုင်ငံရေး လက်ရှိအခြေအနေကို မှန်မှန်ကန်ကန် သုံးဖို့ဆိုရင် Stakeholder တွေ အားလုံးနဲ့ တွေ့ဖို့၊ အားလုံး စကားကို စုံညီအောင် နားထောင်ဖို့ လိုတယ်လို့ တချို့က ပြောနေကြပါတယ်။ အန်တီ့အနေနဲ့ရော ဘယ်သူတွေနဲ့ ဘယ်လောက်များများ တွေ့ပြီးပြီလဲ။ တွေ့ဖို့လိုတယ်လို့ ထင်ပါသလား။

DASSK : နားထောင်နိုင်သလောက် အားလုံးကို နားထောင်ဖို့ ရှိပါတယ်။ ကျွန်မတို့ အဖွဲ့ထဲကတော့ လာလာပြောနေတော့ ကုန်သလောက် ရှိနေပြီ။ ရွေးကောက်ပွဲဝင်ခဲ့တဲ့ နိုင်ငံရေးပါတီတွေနဲ့ လည်း တွေ့ခဲ့ပြီးပါပြီ။ သူတို့နဲ့ဆိုရင် အမြင်မတူတာပေါ့။ အမြင်မတူတာလည်း နားထောင်ပြီးပါပြီ။ တူညီတဲ့ ကိစ္စတွေအပေါ်မှာ ပူးပေါင်းဖို့ အန်တီတို့ ကြိုးစားတယ်။ တစ်သီးပုဂ္ဂလ ၂၀ လောက်နဲ့ တွေ့ပြီးပြီ။ NGO တွေနဲ့လည်း တွေ့ပြီးပြီ။ တစ်လအတွင်းမှာ တွေ့နိုင်တဲ့သူ မှန်သမျှ တွေ့ပြီးပါပြီ။ စာတွေဘာတွေနဲ့ လာတာလည်း အများကြီးပဲ။ အသံလွှင့် မီဒီယာတွေကနေ မေးတာတွေလည်း ရှိပါတယ်။ အဲတော့ နောက်ဆုံးကျတော့ ပထမမေးခွန်းကို ပြန်ရောက်တာပေါ့။ နားထောင် တတ်ရမယ်။ နားထောင်တတ်ဖို့ဆိုတာ အလေ့အကျင့် လိုတာပေါ့။ အလေ့အကျင့်လုပ်မှ ဒီဟာမှာ ကျွမ်းကျင်လာမှာ။ နားထောင်ရင်းနဲ့ နားထောင်တတ်လာတာ။ အန်တီတို့ အနေနဲ့ အမြဲပဲ ဖိတ်ခေါ်တယ်။ အန်တီကတော့ သဘောမတူရင် မတူဘူး ပြောတာပဲ။ ယဉ်ကျေးသမှုအားဖြင့် သဘောမတူဘဲ တူတယ်လို့ မပြောဘူး။ ဘာဖြစ်လို့ မတူဘူး ဆိုတာတော့ အန်တီ အမြဲ ရှင်းပြတယ်။ တခြားသူတွေကိုလည်း အဲလိုပဲ လုပ်စေချင်တယ်။ မတူရင် မတူတဲ့အကြောင်းကို ရှင်းပြ၊ အဲဒီ ရှင်းပြတာကနေ လက်ခံနိုင်စရာ ပေါ်လာရင် ပေါ်လာမယ်။

VOICE : ဒီလောက် ကာလကြာကြာ ဖိအားတွေ၊ အခက်အခဲတွေ ကြားထဲမှာ အခုလို ကြံ့ကြံ့ခံနေခဲ့တာ၊ နေနိုင်တာ ဘယ်လို စိတ်ဓာတ်မျိုးက ဦးဆောင်ပြီး ဘယ်လို တွန်းအားမျိုးကြောင့်ပါလဲ ခင်ဗျ။

DASSK : တရားထိုင်တာကလည်း အထောက်အပံ့ ပေးပါတယ်။ နောက် တစ်ဖက်ကပြောရင် ပထမဆုံး မေးခွန်းကို ပြန်ရောက်သွားမယ်။ နားထောင်တာပေါ့။ နားထောင်တာ စိတ်ဝင်စားတယ်။ သူများပြောတာ စိတ်ဝင်စားရင် ပွင့်သွားတယ်။ သိချင်တဲ့စိတ်လို့ပဲ ပြောရမှာပဲ။ ဒီ ၁၅ နှစ်မှာလည်း သိချင်တဲ့စိတ်တွေ ရှိတယ်။ ရေဒီယို နားထောင်တယ်။ စာဖတ်တယ်။ သင်ယူချင်တဲ့ စိတ်၊ ကိုယ့်မှာလည်း သင်စရာတွေက မဆုံးနိုင်တဲ့စိတ်က အများကြီး အထောက်အကူပြုတယ်လို့ ထင်ပါတယ်။

VOICE : ရှေ့လျှောက် လူငယ်တွေက အဖွဲ့အစည်း အသီးသီးမှာ နေရာယူလာကြရမှာ ဆိုတော့ လူငယ်တွေအတွက် တစ်ခုခု ပြောပေးပါဦး။ အခု နေရာတိုင်းမှာ လူငယ်တွေ ရှိလာ၊ တာဝန်ယူလာကြတော့ လူကြီးတွေ အတွက် လူငယ်တွေအတွက် ပြောပေးပါဦး။

DASSK : အဲဒါအတွက် အချက်ကလေး တစ်ခုပေါ်မှာပဲ မူတည်ပြီးတော့ ပြောပါရစေ။ တချို့ငယ်ငယ်လေးနဲ့ သိပ်ထူးချွန်တယ်။ ဒါပေမဲ့ သူတို့ကို ကြည့်ရင် ဘယ်နေရာတွေ၊ ဘယ်ဘာသာရပ်တွေမှာ ထူးချွန်တာလဲဆိုတာ ကြည့်ရင် သိပ္ပံပညာ၊ ဂီတ၊ သင်္ချာ စတဲ့ ဘာသာရပ်တွေမှာ ပြောင်မြောက်နိုင်တယ်။ ဒါပေမဲ့ သမိုင်းတို့၊ စာပေတို့မှာ မပြောင်မြောက်နိုင်ဘူး။ ဘာလို့လဲဆိုတော့ သမိုင်းတို့၊ စာပေတို့က အတွေ့အကြုံ လိုတယ်။ ရင့်ကျက်မှု လိုတယ်။ ဟိုဟာတွေက ပါရမီပေါ် တည်တယ်။ မွေးရာပါ ပါလာတဲ့ကိစ္စတွေက ငယ်ငယ်လေးနဲ့ ပွင့်လင်းနိုင်တယ်။ လူငယ်တွေရဲ့ ထွင်အားက ၂၅ နှစ်မှာ အားအကောင်းဆုံးပဲတဲ့။ လူငယ်တွေက ဒီအချိန်မှာ ကမ္ဘာကြီးကို မျက်လုံးအသစ်နဲ့ မြင်တယ်။ ဒီတော့ မျက်လုံးအဟောင်းတွေ မမြင်တာကို သူတို့ မြင်တာပေါ့။ အဲတော့ အဲဒီဘက်မှာ လူငယ်တွေ သာတယ်။ ဒါပေမဲ့ စဉ်းစား ဆင်ခြင်ပြီး သုံးသပ်ရမှာ ကျတော့ လူကြီးတွေက အားသာသွားတယ်။ ဒီဟာမှာပဲ ကြည့်ရင် လူကြီးရော လူငယ်ရော တစ်ယောက်နဲ့ တစ်ယောက် ပေးစရာတွေ အများကြီး ရှိတယ်။ အပြန်အလှန် သင်ယူစရာတွေ ရှိတယ် ဆိုတာတော့ ရှင်းပါတယ်။ လူငယ်တွေ အနေနဲ့ စိတ်အားလည်း တက်ကြွရမယ်။ ဒါပေမဲ့ မာန်လည်း မလွန်ရဘူး။ လူကြီးတွေ အနေနဲ့ကလည်း မာန်မကြီးရဘူး။ တစ်ဖက်ကလည်း ငါတို့က ကျလူတွေ ဆိုပြီး အားမငယ်ရဘူး။ အားလုံး ကျေးဇူးတင်ပါတယ်။

Categories: DASSK, Interview
  1. No comments yet.
  1. No trackbacks yet.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

– လှုပ်ခတ်နေသောမှတ်စုများ (DVB) –

Categories

free counters