Home > Advisory Board, Government, Interview > အရှိန်မလျှော့သွားဘူး ဆိုတဲ့ သမ္မတအကြံပေး ဦးကိုကိုလှိုင်

အရှိန်မလျှော့သွားဘူး ဆိုတဲ့ သမ္မတအကြံပေး ဦးကိုကိုလှိုင်

By featured, ဧရာဝတီ on October 17, 2011 6:04 pm in အင်တာဗျူး /

မြန်မာနိုင်ငံ အကျဉ်းထောင်များ အတွင်းရှိ နိုင်ငံရေး အကျဉ်းသား အရေအတွက် ၆၀၀ ပဲ ရှိသည်ဟု သမ္မတ ဦးသိန်းစိန်၏ နိုင်ငံရေး အကြံပေးပုဂ္ဂိုလ်ဦးကိုကိုလှိုင် က ဆွီဒင်နိုင်ငံပိုင် ရေဒီယိုတွင် ပြီးခဲ့သည့် အပတ်က ပြောကြားခဲ့သည်။ ထိုအရေအတွက်သည် လူ့အခွင့်အရေးအဖွဲ့များက ပြုစုထားသော စာရင်းနှင့် ကွာခြားမှုရှိနေပါသည်။ ယင်းသို့ နိုင်ငံရေးအကျဉ်းသား အရေအတွက် စာရင်း ကွာခြားမှုနှင့် ပတ်သက်ပြီး ဧရာဝတီက ဦးကိုကိုလှိုင်ကို ဆက်သွယ်မေးမြန်း၍ ဖော်ပြလိုက်ပါသည်။

သမ္မတအကြံပေး ဦးကိုကိုလှိုင် (ဓာတ်ပုံ – flower news)

မေး။  ။ ကျနော်တို့ ကြားရတဲ့ Swedish ရေဒီယိုမှာ ဦးကိုကိုလှိုင်ကနေပြီးတော့ နိုင်ငံရေးအကျဉ်းသား မြန်မာပြည်မှာ ၆၀၀ ပဲရှိတယ်လို့ ပြောတယ်ဆိုပြီးတော့ ကျနော်တို့ သတင်း တခုကြားရတယ်။ အဲဒါနဲ့ပတ်သက်ပြီးတော့ Confirm လိုချင်လို့ပါ။

ဖြေ။  ။ ကျနော်တို့ကတော့ အတိအကျစာရင်းတော့ မရှိဘူးပေါ့။ အတိအကျ စာရင်းလိုချင်ရင်တော့ ပြည်ထဲရေးဝန်ကြီးဌာနကို တောင်း နိုင်ပါတယ်။ သူတို့လုပ်ထားတာ ဆိုတော့။

မေး။  ။ ကုလသမဂ္ဂ အပါအ၀င် တခြား လူ့အခွင့်ရေးစောင့်ကြည့်ရေး အဖွဲ့တွေကနေပြီးတော့ ၂၀၀၀ လို့ ပြောနေတာ ဆိုတော့ ဒီလို မျိုး ကွာခြားချက် နှစ်ခုဖြစ်နေတာနဲ့ ပတ်သက်ပြီးတော့ဦးကိုကိုလှိုင်အနေနဲ့ ဘာများမှတ်ချက်ပေးနိုင်မလဲ။

ဖြေ။  ။ အပြင်ဘက်က စာရင်းကတော့ ဖြစ်နိုင်တာပေါ့နော်။ သူတို့အနေနဲ့ အတိအကျကောက်ခံဖို့ အခွင့်အလမ်း တော်တော်နည်း တာပေါ့ အပြင်ကကောက်ရတာကိုး။ အပြင်ကကောက်ရတဲ့အခါကြတော့ စာရင်းတွေကအတိအကျရနိုင်မယ်လို့ မထင်ဘူးပေါ့နော်။ အဲဒီအခါ သူတို့လည်းပဲ စိတ်မှန်းတဲ့ အထဲကပဲ ရှိကောင်းလည်း ရှိလိမ့်မယ်။ တချို့လည်း လွတ်သွားတာ မသိလိုက်တာလည်း ဖြစ် ကောင်းလည်း ဖြစ်မှာပေါ့နော်။ ဒီဘက်မှာကြတော့ သူတို့ကတော့ သေချာစရင်းဇယားနဲ့ ကိုင်ပြီးတော့ တွက်တာကြတော့ ပိုပြီး တိ ကျနိုင်တာပေါ့။ ဒါပေမယ့်လည်း ကျနော်ထင်တယ်၊ တချို့ဟာလည်း ဒါ ယုံကြည်ချက်ကြောင့် ကျတဲ့အကျဉ်းသားလား၊ ရိုးရိုးအကျဉ်းသားလား ဆိုတာ Definition သတ်မှတ်ချက်ပေါ်မှာလည်း ကွဲလွဲချက်ရှိရင်လည်း ရှိမှာပေါ့။ အဲဒါတော့ ကျနော် အသေအချာ မသိဘူး။ မသိဘူးဆိုတာ အဲဒီစာရင်းဇယား အတိအကျတော့ ကျနော်တို့ဆီမှာ မရှိဘူးပေါ့နော်။

မေး။  ။ ဒီကြားထဲမှာလည်း ထပ်လွှတ်ပေးမယ်ဆိုပြီးတော့ ကြားနေရပါတယ်။ အဲဒါနဲ့ ပတ်သက်ပြီးတော့ရော ဦးကိုကိုလှိုင် အနေနဲ့ ဘာများ ပြောချင်ပါသလဲ။

ဖြေ။  ။ အဲဒါတော့လည်း ကျနော်တို့က သေချာမသိဘူးပေါ့နော်။ သို့သော်ငြားလည်း တာဝန်ရှိတဲ့သူတွေ ပြောနေကြတာတော့ နောက်ထပ် လွှတ်ပေးလိမ့်မယ်လိုတော့ ပြောနေကြတာပဲ။ ကျနော်တို့ကတော့ အကြံပေးဆိုတော့ အဲဒီလိုမျိုးအင်မတန် တိကျတဲ့ သတင်းမျိုးတွေကတော့ ကျနော်တို့က ပြောနိုင်ဖို့ တော်တော်ခက်ပါတယ်။

မေး။  ။ ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတကြီးဦးသိန်းစိန် တွေ့ဆုံပြီးတဲ့ အခါမှာကျတော့ မြစ်ဆုံဆည် ရပ်လိုက်တဲ့ ကိစ္စ။ အဲဒါတွေကို အပြင်ရော အတွင်းရောကနေပြီးတော့ အကောင်းမြင်ခဲ့ကြတာကိုးဗျ။ အခုလွှတ်ပေးတဲ့အပေါ်မှာတော့ အားလုံးက သိပ်ပြီးတော့ အားရကျေနပ်မူမရှိဘူး။ တချို့တွေ ပြောကြတာတော့ ရှိတယ်။ ပြုပြင်ပြောင်းလဲရေး အရှိန်လျှော့သွားပြီ ဆိုတဲ့ အသုံးအနှုန်းတောင် သုံးကြတော့ အဲဒီအပေါ်မှာရော ဦးကိုကိုလှိုင်အနေနဲ့ သမ္မတကြီးရဲ့ အကြံပေးတယောက်အနေနဲ့ ဘယ်လိုများ သုံးသပ်မိလဲ။

ဖြေ။  ။ တော်တော်များများကတော့ အပြောင်းအလဲ ဆိုတာကို မြန်မြန်ဆန်ဆန် နဲ့ များများစားစား လိုချင်ကြတယ်။ အဲဒီတော့ ကျနော် ထင်တာတော့ အခုလို လုပ်လိုက်တာလည်းပဲ အပြီးသတ် ဖြစ်ချင်မှလည်း ဖြစ်မှာပေါ့။ ဘာဖြစ်လို့လဲဆိုတော့ အခြေခံဥပဒေအရ လွတ်ငြိမ်းချမ်းသာခွင့်ဆိုတာ သမ္မတကြီးရဲ့လုပ်ပိုင်ခွင့်ထဲမှာ ရှိနေတယ် ဆိုတော့ ဒါ နောက်ဆုံးဖြစ်ချင်မှလည်း ဖြစ်မယ်။ ထပ်ပြီး တော့ လာချင်လည်း လာဦးမယ်။ ဒါက အရှိန်လျှော့သွားပြီလို့ ပြောဖို့အတွက်က စောသေးတယ်လို့ ထင်ပါတယ်။ တခြားလည်း လုပ် စရာတွေက အများကြီး ရှိသေးတာပဲလေ။ လုပ်နေရတာပဲ။ မလုပ်လို့လည်း မရဘူး။ ဆိုတော့ အရှိန်လျှော့တယ် မလျှော့ဘူးဆိုတာ ကတော့ ရူမြင်တဲ့လူရဲ့ အမြင်ပေါ်မှာပဲ မူတည်လိမ့်မယ် ထင်ပါတယ်။

မေး။  ။ ဟုတ်ကဲ့။ တခြားလုပ်စရာ ရှိတဲ့အထဲမှာ ကျနော်တို့ မြင်ကြည့်တာကတော့ တိုင်းရင်းသားဒေသတွေမှာ ဖြစ်နေတဲ့ စစ်ပွဲရပ် ဆိုင်းရေးကိစ္စတွေ ပါတာပေါ့နော်။ လွှတ်တော်မှာ ဖွဲ့စည်းပြီးတော့ အတည်ပြုခဲ့တဲ့ အဖွဲ့တွေဖွဲ့ပြီးတော့ အစိုးရတွေကလည်း တိုင်း ရင်းသားဒေသတွေမှာ ဖြစ်နေတဲ့ ပြည်တွင်းစစ်ကို ရပ်ဆိုင်းဖို့ လုပ်နေတာတွေ ရှိတယ်။ တိုင်းရင်းသားတွေဘက်က တောင်းဆိုနေ တဲ့ အတိုင်းအတာကလည်း တပြည်လုံးအတိုင်းအတာရဲ့ အပစ်ရပ်ဖို့ နိုင်ငံရေးစကားပြောတဲ့အခါမှာ ခွဲမတွေ့ချင်ဘူးတို့ အဲဒီလိုမျိုး တွေ တောင်းဆိုမူတွေ ရှိနေတော့ စစ်ပွဲကို ဘယ်လို ရပ်ဆိုင်းသွားနိုင်မယ်လို့ ဦးကိုကိုလှိုင်အနေနဲ့ ယူဆပါသလဲ။

ဖြေ။  ။ ဒီလို တွေ့ဆုံဆွေးနွေးမှုဆိုတာကတော့ ဟိုဘက် ဒီဘက်ကတော့ တောင်းဆိုမှုမျိုးတွေ ရှိကြတာပေါ့။ ဈေးဝယ်သလိုပေါ့။ တယောက်နဲ့ တယောက် ရောင်းတဲ့သူကလည်း ခေါ်တဲ့ဈေး ၀ယ်တဲ့သူကလည်း လိုက်နိုင်တဲ့ဈေး အဲလိုမျိုး ရှိကြတာပေါ့။ သို့သော် လည်းပဲ ဒါတွေမှမရရင် မလုပ်နိုင်ဘူးဆိုပြီးတော့မှ အသေချုပ်ကိုင်ထားမယ် ဆိုရင်တော့ သဘောတူညီချက်က မဖြစ်နိုင်ဘူးပေါ့။ ဒါ ကျနော်တို့ ဖြစ်နေကြတာ ညီအစ်ကိုအချင်းချင်း တိုင်းရင်းသား အချင်းချင်း ဖြစ်နေကြတဲ့ ကိစ္စတွေပါပဲ။ အဲဒီ ကိစ္စတွေထဲမှာလည်း  အင်မတန့် အင်မတန်ကို ဒါမှမရရင် ဒီတိုင်းပြည်က ခွဲထွက်မယ်ဆိုတဲ့ သဘောမျိုးလည်း ဘယ်သူမှ ပြောတာ မကြားပါဘူး။ ဖြေရှင်း ရမယ့်လမ်းကြောင်းက အဖြေမထွက်တဲ့လမ်းကြောင်းတော့ မဟုတ်ဘူး။ သို့သော်လည်း ဖြစ်တတ်တဲ့လမ်းကြောင်းမှာပဲ တယောက် နဲ့ တယောက်က အငြင်းပွားနေကြတာပါပဲ။ အဲဒီတော့ ဒါတွေကတော့ ညှိလိုက်မယ်ဆိုရင် ရမယ်လို့ထင်တယ်။ ညှိတဲ့အခါမှာကြ တော့ တယောက်နဲ့ တယောက်၊ တဘက်နဲ့တဘက် သဘောထားအမြင်တွေ တဖြည်းဖြည်းချင်း လမ်းကြောင်းရှာရင်း ရှာရင်းနဲ့တော့ အလယ်ခေါင်မှာ အပေးအယူဖြစ်နိုင်တဲ့အခြေအနေမျိုးတခုတော့ ရောက်သွားနိုင်လိမ့်မယ်လို့ ကျနော်တော့မျှော်လင့် ပါတယ်။

မေး။  ။ နှစ်ဘက်အပြန်အလှန် အပေးအယူ ညှိနိုင်းလုပ်ရတဲ့ ကိစ္စမှာ ကျနော်ထင်တယ်၊ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ NLD ကိစ္စလည်း ပါမယ်လို့ ထင်ပါတယ် ခင်ဗျ။ NLD မှတ်ပုံတင်ရေးကိစ္စပေါ့ နော်၊ ကျနော်တို့ ကြားနေရသလောက်ဆိုရင် အစိုးရဘက် ကလည်း လွှတ်တော်ထဲမှာ နိုင်ငံရေးပါတီ မှတ်ပုံတင်ခွင့် ဥပဒေပြန်ပြီးတော့ ပြင်ဆင်ရေး ဆွေးနွေးနေတာလည်း ရှိပါတယ်။ ဦးကိုကိုလှိုင် အနေနဲ့ နှစ်ဦး နှစ်ဘက် အနေအထား ဘယ်လောက်အထိ ညှိနိုင်းပြီးတော့ ဘယ်အတိုင်းအတာလောက်မှာ သဘော တူညီချက် ရသွားနိုင်မယ်လို့ သုံးသပ်မိလဲ ခင်ဗျ။

ဖြေ။  ။ ဟုတ်ကဲ့ အဲဒီဥစ္စာကတော့ အပြင်ဘက်ကနေ မှန်းကြည့်တာတော့ နည်းနည်းတော့ ခက်တာပေါ့ဗျာ။ ဒါကတော့ ဥပမာဖြင့် ဆိုရင် NLD အပိုင်းမှာည်း သူ့ရဲ့ CEC ရော နောက်ပြီးတော့ ကျန်တဲ့အဖွဲ့တွေရော ပြန်ပြီးတော့ ညှိရဦးမယ့် ကိန်းပဲ။ ဒီလိုပဲ အစိုးရ ဘက်မှာလည်း လွှတ်တော်ရော အစိုးရဘက်ကရော ဒါတွေက ညှိကြရတဲ့ အနေအထားမျိုး ရှိပါတယ်။ ဒီကိစ္စကို ကျနော်တို့လည်း စောင့်ကြည့်နေရတာပေါ့လေ။ နှစ်ဘက် ပုံသေ ဘယ်တော့လောက် ပြီးနိုင်မလဲဆိုတာတော့ မပြောနိုင်ဘူးပေါ့။ ဒါ နှစ်ဦးနှစ်ဘက်က လည်း လူသားတွေဖြစ်တဲ့ အခါမှာကြတော့ စိတ်တွေကလည်း အမျိုးမျိုးရှိနိုင်တာကိုး။ ညှိရမယ့်အချိန်ကတော့ နည်းနည်းတော့ ပေး ရမယ်လို့ ထင်တယ်။ ဒါပေမယ့် ကျနော်ထင်ပါတယ်၊ သိပ်ပြီးတော့ အရမ်းကြီး ကြာလိမ့်မယ်လို့တော့ မထင်ပါဘူး။ ဘာဖြစ်လို့လဲ ဆိုတော့ ဒါဟာ လိုအပ်ချက်ဖြစ်တယ် ဆိုတာတော့ နှစ်ဘက်စလုံးက သဘောပေါက်ထားကြတာကိုး။

မေး။  ။ ဟုတ်ကဲ့။ နောက်တခုကလည်း Timetable တခု ရှိတယ်လို့ ထင်တယ်။ အဲဒါကတော့ လာမယ့် အာဆီယံ ဥက္ကဌ ရာထူး လက်ခံရေး ကိစ္စပေါ့။ အဲဒါအပြင်ကို ဆန်ရှင် ရုပ်သိမ်းရေးပေါ့။ ဆိုတော့ ကျနော်တို့ အခုနတုန်းက ဆွေးနွေးခဲ့တဲ့ သုံးချက်က သူတို့အဓိက ထားပြီးတော့ အားလုံးက ၀ိုင်းတောင်းဆိုနေကြတဲ့ အချက်တွေပဲ ဖြစ်နေတဲ့ အခါမှာကြတော့ ဒီ ပြည်တွင်း နိုင်ငံရေး ပြုပြင် ပြောင်းလဲမူတွေ ဘယ်လောက်ပီပြင်လဲ ဆိုတာနဲ့ သူတို့ ဆုံးဖြတ်လိမ့်မယ်လို့ ထင်ပါတယ်။ ဆိုတော့က ဦးကိုကိုလှိုင် ဒါ နောက် ဆုံး မေးခွန်းပါပဲ ခင်ဗျ။ မြန်မာပြည်အနေနဲ့က အာဆီယံ ဥက္ကဌ လက်ခံရနိုင်လိမ့်မယ်လို့ ယုံကြည်ပါသလား။

ဖြေ။  ။ တကယ်တမ်းကတော့ ကျနော့် အမြင်ကတော့ အာဆီယံရဲ့ ဥက္ကဌနေရာကို လက်ခံရယူဖို့ ကိစ္စကတော့ အာဆီယံ ချာတာ အရဆိုရင် ကျနော်တို့ ၀င်ခွင့်စာမေးပွဲဖြေဖို့ လိုတဲ့ ကိစ္စမဟုတ်ပါဘူး။ ဒါတွေက အက္ခရာအစဉ်အလိုက် ရယူရတဲ့ ကိစ္စပါ။ သို့သော် လည်းပဲ ထူးခြားတဲ့အကြောင်းရှိနေတဲ့အတွက်ကြောင့်မို့ ကျနော်တို့ အာဆီယံဥက္ကဌရာထူးနေရာကို တခါတုန်းက ကျနော်တို့သူများ ကို လွှဲပြောင်း ပေးလိုက်တာပေါ့လေ။ ဒီတခါ ကျနော်တို့က ပြန်ပြီးတော့မှ အဲဒီကနေ ပြန်ပြောင်းယူရမယ့် အလှည့်ပါပဲ။ ဆိုတော့က ဒီဥက္ကဌရာထူးရဖို့ တခုတည်းနဲ့တော့ လုပ်နေတာတော့ မဟုတ်ဘူးပေါ့နော်။ ကျနော်တို့အနေနဲ့က ပြည်သူလူထုရဲ့အကျိုးစီးပွားပေါ့၊ သွားရမယ့် ချီတက်ရမယ့် လမ်းကြောင်း၊ ဒီအတိုင်းမှန်မှန်ပဲ သွားနေတဲ့ အနေအထား ဖြစ်ပါတယ်။ ဆိုတော့ ဒီဟာကို ပေးသင့် မပေး သင့် ဆိုတာကတော့၊ အကဲဖြတ်ဖို့ ဆုံးဖြတ်ဖို့ ဆိုတဲ့ကိစ္စကတော့ သက်ဆိုင်ရာဒေသတွင်းအဖွဲ့အစည်းတွေကသာ ဆုံးဖြတ် မယ့် ကိစ္စပဲ။ အဲဒီတော့ သူတို့က ကျနော်တို့အပေါ်မှာ လာကြည့်ပြီးတော့မှ သူတို့ယုံကြည်တယ်ဆိုရင် ပေးမှာပဲ။ အဲဒီတော့ ပေးဖို့ကတော့၊ ကျနော်ကတော့ များတယ်လို့ ထင်ပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့၊ သွားနေတာက မှန်ကန်တဲ့ လမ်းကြောင်းပေါ့။ တကယ်လို့များ မြန်မာနိုင်ငံကို လုံလောက်တဲ့ တိုးတက်မူမရှိဘူး ဆိုပြီးတော့မှ အာဆီယံဥက္ကဌကို မပေးသေးဘူးဆိုရင် အာဆီယံ အဖွဲ့ကြီးပေါ်မှာ ကျန်တဲ့အဖွဲ့ဝင်နိုင်ငံတွေရဲ့ ယုံကြည်မူဟာလည်းပဲ အများကြီးလျော့ကျသွားမယ့် အနေအထားမျိုးတွေ ရှိနိုင်တယ် လို့ ကျနော်ထင်တယ်။

ဘာကြောင့်လဲဆိုတော့ မြန်မာနိုင်ငံလောက်မှ ဒီမိုကရေစီ မရှိသေးတဲ့နိုင်ငံတွေ အာဆီယံထဲမှာ အများကြီး ရှိနေသေးတယ်။ ဆိုတော့က ပေးဖို့အတွက်ကတော့ ပိုပြီးတော့ အများကြီးအားသာပါတယ်။ သို့သော် တဘက် တလမ်း ပြောကြရင် ကျနော်တို့က အာဆီယံ ဥက္ကဌရာထူး ရဖို့အတွက် ဒါတွေလိုက်လုပ်နေတာတော့ မဟုတ်ဘူးပေါ့။ ကိုယ့်အမျိုးသား အကျိုးစီးပွား ပြည်သူ လူထုရဲ့ အကျိုးစီးပွားအတွက် မှန်မှန် ဆက်ပြီးတော့မှ ချီတက်သွားမယ့် အနေအထားမျိုး ရှိပါတယ်။ ပြုပြင်ပြောင်းလဲရေး လုပ်ရ တာလည်း ပဲ ကျနော်တို့ စာမေးပွဲဖြေတာမျိုး မဟူတ်ဘူးလေ။ အခြေအနအရ အမျိုးမျိုး ရှိတယ်။ စိန်ခေါ်မူတွေက အမျိုးမျိုးရှိတယ်။ ဒီလိုပဲပေါ့ ဆန့်ကျင်မူတွေ ခုခံမူတွေက အမျိုးမျိုးရှိတယ်။ အရေးအကြီးဆုံးက နိုင်ငံတကာ အဖွဲ့အစည်းတွေ ဒေသတွင်း အဖွဲ့အစည်းတွေက နေပြီးတော့ ဒီလုပ်ရပ်တွေကို ၀ိုင်းပြီးတော့မှ အားပေးထောက်ခံ ပေးလိမ့်မယ်လို့ ကျနော် ယုံကြည်ပါတယ်။   ။

  1. No comments yet.
  1. No trackbacks yet.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

– လှုပ်ခတ်နေသောမှတ်စုများ (DVB) –

Categories

free counters