Home > Cabinet of Ministers, Legislature, Pyidaungsu Hluttaw > လွှတ်တော်ထဲမှ ရခိုင်ဆိုင်ရာ အမေးအဖြေများ

လွှတ်တော်ထဲမှ ရခိုင်ဆိုင်ရာ အမေးအဖြေများ

Narinjara News Date:10/7/2011

Myanmar-Parliament

ကြေးမုံသတင်းစာ
၂၂.၁၀.၂၀၁၁
လွှတ်တော်ထဲမှ ရခိုင်ဆိုင်ရာ အမေးအဖြေများ

တောင်ကုတ်မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်မှ ဒေါက်တာစံလှိုင်က ရခိုင်ပြည်နယ်တောင်ပိုင်းမှ ကျောင်းသူ၊ ကျောင်းသားများအတွက် ပိုမိုအဆင်ပြေစေရန်အတွက် တောင်ကုတ်မြို့တွင် ရခိုင်ပြည် နယ်တောင်ပိုင်း တက္ကသိုလ်တစ်ခု ဖွင့်လှစ်ပေးရန်အစိအစဉ် ရှိ/မရှိ သိရှိလိုကြောင်း အောက်တိုဘာလ ၂၁ ရက်နေ့တွင် ပြည်သူ့ လွှတ်တော်၌ မေးမြန်းခဲ့သည်။

အဆိုပါ မေးခွန်းနှင့်စပ်လျဉ်း၍ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြအေးက အောက်တိုဘာလ ၂၁ ရက်နေ့တွင် ပြည်သူ့လွှတ်တော်၌ ယခုကဲ့သို့ပြန်လည်ဖြေကြားသည်။

ဒေသ အလိုက် အဆင့်မြင့်ပညာသင်ကြားမှု အခွင့်အလမ်း တိုးတက်မြင့်မားရေးအတွက် တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ကောလိပ်များ အသစ်ဖွင့်လှစ်ခြင်းနှင့် ဖွင့်လှစ်ထားသည့် ဒီဂရီကောလိပ်နှင့် ကောလိပ်များအဆင့် တိုးမြှင့်ခြင်း တို့ကို ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် စစ်တွေတက္ကသိုလ်ကိုလည်း တည်ဆောက်ဖွင့်လှစ်ထားရှိရာ နေ့သင်တန်း ကျောင်းသား(၄၅၉၆)ဦးနှင့် အဝေးသင်ကျောင်းသား (၁၀၃၂၅)ဦး စုစုပေါင်း (၁၄၉၂၁)ဦး ရှိပါကြောင်း။

ရခိုင်ပြည်နယ် တောင်ပိုင်းရှိ ကျောက်ဖြူ၊ ဂွ၊ တောင်ကုတ်၊ အမ်း၊ ရမ်းဗြဲ၊ သံတွဲနှင့် မာန်အောင် မြို့နယ်များမှ ကျောင်းသား၊ ကျောင်းသူများသည် စစ်တွေတက္ကသိုလ်သို့ သွားရောက်ပညာသင်ယူရန် လမ်းပန်းဆက်သွယ် ရေးခက်ခဲမှုရှိပါကြောင်း၊ အဆိုပါ မြို့နယ်များမှ ၂၀၁၁ခုနှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲအောင်မြင်သည့် ကျောင်းသား၊ ကျောင်းသူ (၂၄၇၅)ဦးရှိပါကြောင်၊ တောင်ကုတ်မြို့သည် မြန်မာနိုင်ငံ အလယ်ပိုင်းမှ ရခိုင်ပြည်နယ်သို့ ၀င်ရောက်သည့် လမ်းဆုံမြို့ဖြစ်ပါကြောင်း၊ တောင်ကုတ် မြို့တွင် ကောလိပ်တစ်ခု တည်ထောင်ပါက ကျောင်းတက်နိုင်မည့် ကျောင်းသားဦးရေ များပြားမည် ဖြစ်ပါကြောင်း။

တက္ကလိုလ်/ကောလိပ်တစ်ခု တည်ထောင်ဖွင့်လှစ်နိုင်ရန် အနည်းဆုံးမြေဧက (၂၀၀) မှ (၃၀၀) ခန့် လိုအပ်ပါကြောင်း၊ ကောလိပ်တည်ထောင်ရန်အတွက် နိုင်ငံတော်က ငွေအမြောက်အမြား လိုအပ်သဖြင့် စေတနာ အလျောက် လှူဒါန်းမည့် အလှူရှင်ရှိလျှင် နိုင်ငံတော်နှင့် အလှူရှင်တို့ ပူးပေါင်းတည်ထောင်ပါက ဖြစ်နိုင်သည့် အခြေအနေ ရှိပါကြောင်း၊ မြေနေရာနှင့် အဆောက်အအုံရှိပြီး ပညာသင်ယူရန် တက်ရောက်လာမည့် ကျောင်း သားဦးရေအင်အား ပြည့်စုံမှု၊ လမ်းပန်းဆက်သွယ်ရေး ခက်ခဲမှုတို့အပေါ် မှုတည်၍ ကောလိပ်တစ်ခု တည်ထောင်ဖွင့်လှစ်နိုင်မည် ဖြစ်ပါကြောင်း၊ သို့ဖြစ်၍ တောင်ကုတ်မြို့တွင် ကောလိပ်အသစ်တစ်ခု တည် ထောင်ရန် စဉ်းစားဆောင်ရွက်ရမည့် ကိစ္စဖြစ်ပါ ကြောင်း “ဖြေကြားသည်။”

————————————————– ————————————————–

ကြေးမုံသတင်းစာ
၂၁.၁၀.၂၀၁၁
လွှတ်တော်ထဲမှ ရခိုင်ဆိုင်ရာ အမေးအဖြေများ

ရခိုင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၁၀)မှ အမျိုးသားလွှတ်တော်အမတ် ဦးအုန်းတင်က သန့်ရှင်းသော သောက်သုံးရေရရှိရေးအတွက် အစိုးရများကရေပေးဝေရေးနှင့် ရေရရှိရေးလုပ်ငန်းများကို ဆောင်ရွက် ပေးကြပါကြောင်း၊ ရန်ကုန်မြို့တွင် လူဦးရေတိုးပွားလာခြင်းနှင့် အခြားအကြောင်းများကြောင်း သောက်သုံးရေကို အချိန်မီ လုံလောက်စွာ မရှိကြောင်းကို သိရှိရပါကြောင်း၊ နိုင်ငံတွင် ရေအရင်းမမြစ်ကြွယ်ဝ၍ ရေအတွက်အခက်အခဲ မဖြစ်သင့်ပါကြောင်း၊ ပြည်သူများကျန်းမာရေးနှင့် သက်သာချောင်ချိရေးကို ထောက်ထား၍ ရေဘုံပိုင်ဖွင့်ရုံဖြင့် ရေလာနိုင်အောင် နိုင်ငံတော်အစိုးရက ဆောင်ရွက်ပေးသင့်ပါကြောင်းဖြင့် အောက်တိုဘာလ ၂၀ ရက်နေ့တွင် အမျိုးသားလွှတ်တော်၌ ဆွေးနွေးသည်။

ယင်းအဆိုနှင့် စပ်လျဉ်း၍ နယ်စပ်ရေးရာဝန်ကြီးဌာနနှင့် မြန်မာ့စက်မှုဖွံ့ဖြိုးရေး ၀န်ကြီးဌာနက ပြည်ထောင် စုဝန်ကြီး ဒုတိဗိုလ်ချုပ်ကြီး သိန်းဌေးက အောက်တိုဘာလ ၂၀ ရက်နေ့တွင် ပြည်သူ့လွှတ်တော်၌ ယခုကဲ့သို့ ပြန်လည် ပြောကြားသည်။

“မြို့ရွာများ ရေပေးရေးနှင့် စပ်လျဉ်း၍ စည်ပင်သာယာရေးအဖွဲများ ဥပဒေကို ပြင်ဆင်သည့် ဥပဒေများ၌ ပုဒ်မ ၉၊ အပုဒ်ခွဲ(ခ) တွင် စည်ပင်သာယာရေး အဖွဲ၏ ရေပေးရေးလုပ်ငန်းများ ဆောင်ရွက်ခြင်းနှင့် စပ်လျဉ်း၍ တည်ဆဲဥပဒေများနှင့်အညီ အကောင်အထည်ဖေါ် ဆောင်ရွက်ခြင်း၊ ကြီးကြပ်ကွပ်ကဲခြင်းဟူ၍ လည်းကောင်း။

ပုဒ်မ ၂၁၊ ပုဒ်မခွဲ(ခ)တွင် မြို့စည်ပင်သာယာရေး နယ်နိမိတ်အတွင်း ကျန်းမာရေးနှင့် မညီညွတ်ကြောင်း တွေ့ရှိရသည့် အများပြည်သူနှင့်ဆိုင်သော ကိုယ်ပိုင်ရေပေးရေး လုပ်ငန်းတို့ကို အသုံးပြုခြင်းမှ ပိတ်ထားစေရန် သက်ဆိုင်ရာဥပဒေ၊ နည်းဥပဒေ စည်းကမ်းများနှင့်အညီ လိုက်နာဆောင်ရွက်စေရန် ညွန်ကြားနိုင်ခြင်း ဟူ၍လည်းးကောင်း။

ပုဒ်မ ၆၀ ပုဒ်မခွဲ(ခ)တွင် မြို့စည်ပင်သာယာရေး နယ်နိမိတ်အတွင်း ခွင့်ပြုချက်မရှိလျှင် သို့မဟုတ် ခွင့်ပြုချက်ပါ သတ်မှတ်ချက်များနှင့်ဖြစ်စေ၊ ထုတ်ပြန်ထားသော စည်းကမ်းများနှင့်ဖြစ်စေ ညီညွတ်မှုမရှိလျှင် စည်ပင်သာယာ ရေးအဖွဲပိုင် အများပြည်သူနှင့် သက်ဆိုင်သော ရေပေးရေးလုပ်ငန်းမှ ရေကို ရယူသုံးစွဲခြင်းမပြုရဟူ၍လည်း ကောင်း။

ပုဒ်မ ၆၀၊ ပုဒ်မခွဲ(ဂ)တွင် မြို့စည်ပင်သာယာရေး နယ်နိမိတ်အတွင်း ခွင့်ပြုချက်မရှိလျှင် သို့မဟုတ် ခွင့်ပြုချက်ပါ သတ်မှတ်ချက်များနှင့်ဖြစ်စေ၊ ထုတ်ပြန်ထားသော စည်းကမ်းများနှင့်ဖြစ်စေ ညီညွတ်မှုမရှိလျှင် ကိုယ်ပိုင် စီးပွားဖြစ် ရေပေးရေးလုပ်ငန်း တည်ထောင်ဖွင့်လှစ်ခြင်း မပြုရဟူ၍ လည်းကောင်း ပြဋ္ဌာန်းထားပါကြောင်း။

ယင်းပြဋ္ဌာန်းချက်များအရ မြို့ရေပေးရေးလုပ်ငန်း ဆောင်ရွက်သည့် မြို့နယ်များအနေဖြင့် ရေပေးရေး လုပ်ငန်းများ ကြီးကြပ်ခြင်းဆိုင်ရာ စည်းကမ်းများ (Bye-Laws) ကို စည်ပင်သာယာရေး ဦးစီးဌာန၏ အတည် ပြုချက်ဖြင့် ထုတ်ပြန်ကာ ကြီးကြပ်ဆောင်ရွက်လျက် ရှိပါကြောင်း။

အဆိုပါ စည်ပင်သာယာရေးအဖွဲ့များ ဥပဒေပုဒ်မ ၂၁(ခ)၊ ပုဒ်မ၆၀ (ဂ)တို့အရ ကျန်းမာရေးနှင့် ညီညွတ်မှုရှိပြီး ခွင့်ပြုချက်ပါ သတ်မှတ်ချက်များ၊ ထုတ်ပြန်ထားသည့် စည်းကမ်းချက်များနှင့် ညီညွတ်လျှင် မြို့ရွာများတွင် အများပြည်သူ ရေသုံးစွဲမှု အဆင်ပြေစေရန်အလို့ငှာ ပုဂ္ဂလိက သို့မဟုတ် အများပိုင်စနစ်ဖြင့် စီးပွားဖြစ် ရေပေးရေး လုပ်ငန်းများ တည်ထောင်လုပ်ကိုင် ဆောင်ရွက်ခွင့်ကို ခွင့်ပြုထားရှိပြီဖြစ်ပါကြောင်း။

ပုဂ္ဂလိက သို့မဟုတ် အများပိုင်စနစ်ဖြင့် ရပ်ကွက်အလိုက် သို့မဟုတ် အပိုင်းအလိုက် ရေပေးရေး စနစ်တစ်ခုလုံးကို ဆောင်ရွက်နေကြသည့် မြို့ (၁၁)မြို့ရှိပါကြောင်း၊ ယင်းမြို့ရွာများမှာ ဖားကန့်၊ စစ်ကိုင်း၊ ထားဝယ်၊ မြိတ်၊ မှုဆယ်၊ ကွမ်းလုံ၊ ဟိုပန်၊ ကြူကုတ်၊ နမ့်ခမ်း၊ မုံးကိုးနှင့် ချင်းရွှေဟော်တို့ ဖြစ်ပါကြောင်း။

ယင်းသို့သော ပုဂ္ဂလိက စီးပွားဖြစ် ရေပေးရေးလုပ်ငန်းများ အပေါ်တွင် စည်ပင်သာယာရေး အဖွဲများအနေဖြင့် လုပ်ငန်းလည်ပတ်ဆောင်ရွက်နေမှု အခြေအနေ၊ ဖြန့်ဝေသည့် ရေအရည်အသွေး၊ ဖြန့်ဝေသည့်နည်းစနစ်တို့ အပေါ် စစ်ဆေးကြီးကြပ်ခြင်း၊ သတ်မှတ်ထားသည့် ရေဖိုးရေခများအတိုင်း ကောင်ခံစေခြင်းတို့ကို ရေပေး ရေးဆိုင်ရာ စည်းကမ်းများ (Bye-Laws) နှင့်အညီ ကြီးကြပ် ဆောင်ရွက်ပေးလျက်ရှိပါကြောင်း။

ကျေးလက်ဒေသများတွင်မူ စည်ပင်သာယာရေးအဖွဲ့များက ကျေးလက်ဒေသ ရေရရှိရေးအတွက် တူးဖော်ဆောင်ရွက်ပေးထားသည့် စက်ရေတွင်းများ၊ အများသုံး ရေကန်များနှင့် ရေပေးရေး အထောက်အကူပြု ရေစက်ရုံ၊ ရေစက်၊ တုံကင်စသည်များကို ကျေးရွာအုပ်ချုပ်ရေး အဖွဲ့များ၊ ကျေးရွာသူ/ရွာသားများ ပါဝင်သော ရေကော်မတီများ ဖွဲ့စည်းကာ ကျေးရွာပိုင်အဖြစ်အပ်နှံ၍ ပြုပြင်ထိန်းသိမ်းစရိတ်ရရှိရန် ရေဖိုးကောက်ခံ ဆောင်ရွက်ချက်ရှိခြင်းကြောင့် အများပိုင် ကျေးရွာ ရေပေးရေးစနစ်ကို ကျင့်သုံးလျက် ရှိကြပါကြောင်း၊ အချို့ ကျေးလက်များတွင်မူ ပုဂ္ဂလိကပိုင် စက်ရေတွင်းများမှ အခစား စနစ်ဖြင့် ရေပေးရေး လုပ်ငန်းကို ကျင့်သုံး ဆောက်ရွက်လျက် ရှိကြ ပါကြောင်း။

လက်ရှိမြို့ ရေပေးရေးလုပ်ငန်းများတွင် ပုဂ္ဂလိက သို့မဟုတ် အများပိုင်စနစ်ဖြင့် စည်ပင်သာယာရေး အဖွဲ့များမှ ကြီးကြပ်၍ ရေပေးရေးစနစ်တစ်ခုလုံးအား မြို့အလိုက်ဖြစ်စေ၊ ရပ်ကွက်အလိုက်ဖြစ်စေ ဆောင်ရွက်နိုင်ရန် တည် ဆဲစည်ပင်သာယာရေး အဖွဲ့များဥပဒေနှင့် ရေပေးရေးဆိုင်ရာ စည်းကမ်းများ (Bye-Laws) တွင် ပြဋ္ဌာန်းဖော်ပြပါ ရှိပြီးဖြစ်သည့်အပြင် လက်ရှိတွင်လည်း အချို့သော မြို့/ရွာများတွင် ပုဂ္ဂလိကသို့မဟုတ် အများပိုင်စနစ်ဖြင့် ဆောင်ရွက်လျက်ရှိနေကြပြီး ဖြစ်သည့် အတွက် သီးခြား စည်းမျဉ်း ဥပဒေ ထုတ်ပြန်ရန် မလိုအပ်တော့ပါသဖြင့် အဆိုကို တင်သွင်းရန် သင့် /မသင့် စဉ်းစားဆောင်ရွက်သင့်ပါကြောင်း” ပြန်လည်ရှင်းလင်းဖြေကြားသည်။

ယင်းအဆိုနှင့် စပ်လျဉ်း၍ ပြည်ထောင်စုဝန်ကြီး၏ ရှင်းလင်းဖြေကြားချက်အရ မူလကပင် ခွင့်ပြုထားပြီးဖြစ်သည့် လုပ်ငန်းတစ်ရပ်ဖြစ်ကြောင်း ထင်ရှားသဖြင့် အဆိုကို လိုအပ်ခြင်းမရှိသည့် အဆိုအဖြစ် လွှတ်တော်က ဆုံးဖြတ်သည်။

————————————————– ————————————————–

ရခိုင်ပြည်နယ် မဲဆန္ဒနယ်အမှတ် (၁) အမျိုးသားလွှတ်တော်မှ ဒေါက်တာအေးမောင်က “တိုင်းရင်းသား လူများ ရေးရာ ၀န်ကြီးများအား အခြေခံဥပဒေတွင် ပြဋ္ဌာန်းထားသည့်အတိုင်း တိုင်း ဒေသကြီး/ပြည်နယ်ဝန်ကြီးများ ခံစားခွင့်များအတိုင်း တစ်ပြေး ညီရရှိစေရန် ပြည်ထောင်စု အစိုးရအား တိုက်တွန်းကြောင်း” အဆိုကို အောက်တိုဘာလ ၂၀ ရက်နေ့တွင် အမျိုးသားလွှတ် တော်၌ တင်သွင်း သည်။

ယင်းအဆိုနှင့် စပ်လျဉ်း၍ တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးများကို တိုင်းဒေသကြီး (သို့မဟုတ်) ပြည်နယ် ၀န်ကြီးများ ခံစားခွင့်အတိုင်း တစ်ပြေးညီရရှိသင့်သည်ဟု လွှတ်တော်က သဘောတူပြီး တိုင်းရင်းသား လူမျိုးရေးရာဝန်ကြီးများကို တိုင်းဒေသကြီး (သို့မဟုတ်) ပြည်နယ်ဝန်ကြီးများ ခံစားခွင့်အတိုင်း တစ်ပြေးညီပေးရန်အတွက် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အဆင့်ပုဂ္ဂိုလ်များ၏ ချီးမြှင့်ငွေ၊ စရိတ်နှင့် အဆောင်အယောင်များဆိုင်ရာ ဥပဒေအား ပြင်ဆင်သည့် ဥပဒေကြမ်းကို ဒေါက်တာအးမောင်က ရေးဆွဲပြီး ပြည်ထောင်စုလွှတ်တော်သို့ တင်ပြရန် လွှတ်တော်ကဆုံးဖြတ်သည်။

————————————————– ————————————————–

ကြေးမုံသတင်းစာ
၂၀.၁၀.၂၀၁၁
လွှတ်တော်ထဲမှ ရခိုင်ဆိုင်ရာ အမေးအဖြေများ

မာန်အောင်မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်အမတ် ဦးအောင်စိန်က ရခိုင်ပြည်နယ်မှ ရေထွက်ကုန် ပစ္စည်းများအပေါ် အခွန်နှစ်ရပ် ပေးဆောင်ရခြင်းမှ ကင်းလွတ်ခွင့် ပြုရန် အစီအစဉ် ရှိ/မရှိသိရှိလိုကြောင်း အောက်တိုဘာလ ၁၉ရက် နေ့တွင် ပြည်သူ့လွှတ်တော်မှာ မေးမြန်ခဲ့သည်။ အဆိုပါ မေးခွန်နှင့် စပ်လျဉ်း၍ ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှထွန်းက အောက်တိုဘာလ ၁၉ရက်နေ့တွင် ပြည်သူ့လွှတ်တော်၌ ယခုကဲ့သို့ပြန်လည်ဖြေကြားသည်။

ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှထွန်းက ကုန်သွယ် လုပ်ငန်းခွန် ဥပဒေ နောက်ဆက်တွဲ ဇယား ၁၊ အမှတ်စဉ် ၅၇ အရ ငါးစို၊ ပုဇွန်စိုများကို ကိုယ်တိုင် ဖမ်းဆီးရောင်းချသူများအပေါ် ကုန်သွယ်လုပ်ငန်းခွန်မကျသင့်စေရန် ပြဋ္ဌာန်းထားပါကြောင်း၊ သို့သော်လည်း ကုန်သွယ်လုပ်ငန်းခွန်ဥပဒေ နောက်ဆက်တွဲဇယား ၇၊ အမှတ်စဉ် ၃ အရ ကုန်စည်ဝယ်ယူရောင်းချသည့် ကုန်သွယ်မှု လုပ်ငန်း၏ ရောင်းရငွေအပေါ် ကုန်သွယ်လုပ်ငန်းခွန် (၅) ရာခိုင်နှုန်းပေးဆောင်ရန် ပြဋ္ဌာန်းထား ပါကြောင်း၊ ထို့ကြောင့် ငါးစို၊ ပုစွန်စိုများကို ၀ယ်ယူစုဆောင်းပြီး ရန်ကုန်မြို့ရှိ ကုမ္ပဏီနှင့် စက်ရုံများသို့ လေကြောင်း၊ ကုန်းကြောင်းတို့မှတစ်ဆင့် တင်ပို့ရောင်းချ သည့် ရခိုင်ပြည်နယ်မှ ရေလုပ်ငန်းရှင်များအနေဖြင့် ဥပဒေနှင့်အညီ ကုန်သွယ်လုပ်ငန်းခွန်များကို မြို့နယ်အခွန်ဦးစီး ဌာနမှူးရုံးများတွင် ပေးဆောင်ရခြင်း ဖြစ်ပါကြောင်း။

ထို့ပြင် အဆိုပါ ရေထွက်ပစ္စည်းများ ၀ယ်ယူရောင်းချသည့်လုင်ငန်းမှ ထွက်ပေါ်လာသည့် အမြတ်ငွေအပေါ် ၀င်ငွေခွန်ဥပဒေပါ ပြဋ္ဌာန်းချက်များနှင့်အညီ ၀င်ငွေခွန်ကိုပေးဆောင်ရန် တာဝန်ရှိခြင်းဖြစ်ပါကြောင်း၊ ထိုသို့ ကုန်သွယ်လုပ်ငန်းခွန်နှင့် ၀င်ငွေခွန်ပေးဆောင်ရခြင်းမှာ ရခိုင်ပြည်နယ်အတွင်းတွင်သာ ပေးဆောင်ရခြင်းမဟုတ်ဘဲကုန်သွယ်လုပ်ငန်းခွန်နှင့် ၀င်ငွေခွန်ဥပဒေပါ ပြဋ္ဌာန်းချက်များနှင် အညီမြန်မာနိုင်ငံတစ်ဝန်းလုံးတွင် ပေးဆောင်ရခြင်းဖြစ်ပါကြောင်း၊ ပြည်ထောင်စု အစိုးရက ကုန်သွယ်လုပ်ငန်းခွန် ကင်းလွတ်ခွင့်ပြုထားခြင်းမှာ ပြည်ပပို့ကုန် တိုးမြှင့်ရေးအတွက် တင်ပို့သည့် ပို့ကုန်လုပ်ငန်းရှင်များ၏ ရေချို၊ ရေငန် ရေထွက်ပစ္စည်း အပါအ၀င် ပြည်ပပို့ကုန် အမျိုးအစား (၈)မျိုး၏ ပို့ကုန်ရောင်းရငွေများအပေါ်တွင်သာ ကင်းလွတ်ခွင့်ပြုထားခြင်း ဖြစ်ပါကြောင်း� ပြန်လည်ဖြေကြားသည်။

————————————————– ————————————————–

လွှတ်တော်ထဲမှ ရခိုင်ဆိုင်ရာ အမေးအဖြေများ
ကြေးမုံသတင်းစာ
(၇.၁၀.၂၀၁၁)

ကျောက်တော် မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသာစိန်က စစ်တွေဆိပ်ကမ်းနှင့် ကျောက်တော်၊ ပုဏ္ဏားကျွန်း၊ မြောက်ဦးစသည့်မြို့နယ်များ၏ ဆိပ်ခံတံတားများကို စီမံကိန်း အသစ်ဖြင့် ပြန်လည်ပြုပြင်ရန် အစီအစဉ် ရှိ/ မရှိ သိရှိလိုကြောင်း အောက်တိုဘာလ ၆ ရက်နေ့တွင် ပြည်သူ့လွှတ်တော်၌ မေးမြန်းခဲ့သည်။

အဆိုပါ မေးခွန်းနှင့် စပ်လျဉ်း၍ ပို့ဆောင်ရေးဝန်ကြိဌာန ပြည်ထောင်စုဝန်ကြိး ဦးဉာဏ်ထွန်းအောင်က ပြည်သူ့လွှတ်တော်တွင် အောက်တိုဘာလ ၆ ရက်နေ့က အောက်ပါအတိုင်း ပြန်လည်ဖြေကြားသည်။

မြန်မာ့ဆိပ်ကမ်း အာဏာပိုင်သည် ကမ်းရိုးတန်းနှင့် အပြည်ပြည်ဆိုင်ရာ သင်္ဘောများ ဆိပ်ကမ်းသို့ ၀င်ထွက်သွားလာနိုင်ရန် ဆိပ်ခံတံတားများ တည်ဆောက်၍ ကုန်တင်/ကုန်ချ လုပ်ငန်းများနှင့် ဆိပ်ကမ်းဝန်ဆောင်မှုလုပ်ငန်းများဖြစ်သည့်ရေကြောင်းပြခြင်း၊နိုင်ငံခြားသင်္ဘေများအတွက် ကိုယ်စား လှယ်လုပ်ငန်း လုပ်ကိုင်ခြင်း၊ ရေလမ်းကြောင်းများ ပြု ပြင်ခြင်းလုပ်ငန်းများကို ဆောင်ရွက်ပေးလျက် ရှိပါကြောင်း၊ ကုန်စည်များ ပြည်တွင်းနှင့် ပြည်ပသို့တင်ပို့နိုင်ရန် တည်ဆောက်ထားသည့် ဆိပ်ကမ်းများ မှာ စစ်တွေ ဆိပ်ကမ်း ၊ ကျောက်ဖြူဆိပ်ကမ်း၊ သံတွဲဆိပ်ကမ်း၊ ပုသိမ်ဆိပ်ကမ်း၊ မော်လမြိုင်ဆိပ်ကမ်း၊ ထားဝယ်ဆိပ်ကမ်း၊ မြိတ်ဆိပ်ကမ်းနှင့် ကော့သောင်ဆိပ်ကမ်းတို့ ဖြစ်ပါကြောင်း။

စစ်တွေဆိပ်ကမ်း၊ ကျောက်တော်ဆိပ်ကမ်း၊ မြောက်ဦးဆိပ်ကမ်း၊ ပုဏ္ဏားကျွန်းဆိပ်ကမ်း၊ ရသေ့တောင် နှင့် ဘူးသီးတောင်ဆိပ်ကမ်းများအနက် စစ်တွေဆိပ်ကမ်း တစ်ခုတည်းသာ မြန်မာ့ဆိပ်ကမ်း အာဏာ ပိုင်များ၏ ဆိပ်ကမ်းနယ်နိမိတ်အတွင်း (Port Limit) တွင်ရှိသဖြင့် ၎င်းစစ်တွေဆိပ်ကမ်းကိုသာ မြန်မာ့ ဆိပ်ကမ်း အာဏာပိုင်က စီမံအုပ်ချုပ်ရပါကြောင်း၊ စစ်တွေဆိပ်ကမ်းတွင် ခရီးသည်နှင့် ကုန်စည်များ တင်/ချ ပြုလုပ်ရန်အတွက် မင်းဂံတံတား၊ ဖောင်တော်ကြီးတံတားနှင့် အမှတ်(၂) ဘုတ်ဆိပ်တံတား စုစုပေါင်းတံတား(၃)စင်း တည်ဆောက်ထားပါကြောင်း၊ စစ်တွေဆိပ်ခံတံတားမှာ သစ်သားတံတား အလျားပေ(၁၂၀) အနံ(၁၅)ပေ ရှိပြီး ချဉ်းကပ်သစ်သားတံတား (၂)ခု ရှိပါကြောင်း၊ ချဉ်းကပ်တံတား တစ်ခုစီ၏ အလျားမှာ(၂၆)ပေ၊ အကျယ်(၁၁)ပေ ရှိပါကြောင်း၊ ဌာနက ပြုပြင်ထိန်းသိမ်းထားပါသဖြင့် တံတား၏ ကြံ့ခိုင်မှုမှာ အသင့်အတင့် ရှိပါကြောင်း၊ အမှတ်(၂)ဘုတ်ဆိပ်တံတား ပြုပြင်ထိန်းသိမ်း ရေးအတွက် ၂၀၀၈-၂၀၀၉ ဘဏ္ဍာရေးနှစ်တွင် အကြီးစားပြုပြင်မွမ်းမံခြင်းကို ငွေကျပ်(၅၄)သိန်းကျခံ၍ ဆောင်ရွက်ပေးခဲ့ပြီ ဖြစ်ပါကြောင်း၊ ရေယာဉ်များ အန္တရယ်ကင်းရှင်းစွာ ဆိုက်ကပ်နိုင်ရန်အတွက် တံတားရှေ့ရေဒေသတွင် ရေစူး(၆)ပေ ရရှိစေရေးအတွက် ဌာနပိုင်သောင်တူး ရေယာဉ်ဖြင့် သောင်တူး ဖေါ်ရေး လုပ်ငန်းများကို ဆောင်ရွက်ပေးလျက် ရှိပါကြောင်း။

စစ်တွေဆိပ်ကမ်းတွင် မြစ်တွင်းသွားရေယာဉ်များအတွက် ဆပ်ရိုးကျချောင်း အတွင်း၌သာ သဘာဝ လှိုင်းလေဒဏ်မှ အကာအကွယ် ရနိုင်ပြီး ၎င်းချောင်းမှာကျဉ်းမြောင်းပြီး သဘာဝအရ Ship basin ပြုလုပ်ရန် ဖြစ်နိုင်ခြေ မရှိသည်ကို တွေ့ရှိရပါကြောင်း၊ ကျောက်တော်ဆိပ်ကမ်းရှိ မှုလဆိပ်ခံ တံတားတွင် ဌာနရေယာဉ်များသာ ဆိုက်ကပ်လျက်ရှိပြီး ရေလမ်းကြောင်း တိမ်ကောလာမှုကြောင့် ရေတက်ချိန်ကျမှသာ ရေယာဉ်များ ဆိုက်ကပ်နိုင်ပါကြောင်း၊ မြောက်ဦးဆိပ်ကမ်းရှိ လက်ရှိတံတား အပြင် ကွန်ကရစ်ဆိပ်ခံတံတားနှင့် ချဉ်းကပ်တံတား ပါရှိသည့် ဆိပ်ခံတံတားသစ်တစ်စင်းကို ၂၀၁၁-၂၀၁၂ ဘဏ္ဍာရေးနှစ် ငွေလုံးငွေရင်း အသုံးစရိတ် ခွင့်ပြုငွေကျပ် (၁၂၉)သိန်း အကုန်အကျခံကာ တည်ဆောက်ရန် ဆောင်ရွက်လျက်ရှိပါကြောင်း။

ပုဏ္ဏားကျွန်း ဆိပ်ကမ်းရှိ ဆိပ်ခံတံတားသည် ပြည်သူ့ဆောက်လုပ်ရေး လုပ်ငန်းက ဆောက်လုပ်ခဲ့ သည့် သစ်သားတံတားဖြစ်ပြီး ကြံ့ခိုင်မှုမကောင်း၍ ပျက်စီးနေပါကြောင်း၊ ရသေ့တောင်ဆိပ်ကမ်းရှိ လက်ရှိအသုံးပြုနေသည့် တံတားသည် မြို့မိမြို့ဖများနှင့် စည်ပင်သာယာရေးအဖွဲ့တို့ ပူးပေါင်းတည် ဆောက်ထားသည့် ကွန်ကရစ်တံတားဖြစ်ပြီး တံတား၏ ကြံ့ခိုင်မှုမှာ အသင့်အတင့်ရှိပါကြောင်း၊ ဘူးသီးတောင်ဆိပ်ကမ်းရှိ ဆိပ်ခံတံတားမှာ ကွန်ကရစ်ဆိပ်ခံ တံတားဖြစ်ပြီး တံတား၏ ကြံ့ခိုင်မှုမှာ ကောင်းမွန်ပါကြောင်း။

သို့ဖြစ်၍ ရခိုင်ပြည်နယ် အတွင်ရှိ စစ်တွေဆိပ်ကမ်းနှင့် အခြားဆိပ်ကမ်းများဖြစ်သော ကျောက်တော် ဆိပ်ကမ်း၊ မြောက်ဦးဆိပ်ကမ်း၊ ပုဏ္ဏားကျွန်းဆိပ်ကမ်း၊ ရသေ့တောင်ဆိပ်ကမ်း၊ ဘူးသီးတောင် ဆိပ်ကမ်းများနှင့် ပတ်သက်၍ ပို့ဆောင်ရေး ၀န်ကြီးဌာန အနေဖြင့် နိုင်ငံတော်က ခွင့်ပြုရန်ပုံငွေ ရရှိမှုအပေါ် မှုတည်၍ ဌာနပိုင်တံတားများကို ပြုပြင်ဆောင်ရွက်လျက် ရှိပါကြောင်း�ဖြင့် ဖြေကြားသည်။

————————————————– ————————————————–

ရသေ့တောင် မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်မှ ဒေါ်ခင်စောဝေက စစ်တွေ-ရသေ့တောင်-ဘူးသီး တောင်သွား အစိုးရ နှစ်ထပ်သင်္ဘော ပြေးဆွဲခွင့်ကို ပုဂ္ဂလိကသို့ လွှဲပြောင်းပေးပြီး နောက်ပိုင်းတွင် လူစီးခနှင့် ကုန်စည်ပို့ဆောင်ခနှုန်းထားများကို ယခင်ကထက် ပိုမိုကောက်ခံနေရာ ယင်းနှုန်းထားမှာ အစိုးရနှင့် ပုဂ္ဂလိကအကြား ချုပ်ဆိုထားသော စာချုပ်ပါနှုန်းထား ဟုတ်/မဟုတ်နှင့် ရခိုင်ပြည် နယ်တစ်ခုလုံးအတွက် ပြည်သူများ သက်သာချောင်ချိစွာ သုံးစွဲနိုင်မည့် နှုန်းထားများကို ခရီးစဉ်အ လိုက် သတ်မှတ်ပေးနိုင်ခြင်း ရှိ/မရှိ သိရှိလိုကြောင်း အောက်တိုဘာလ ၆ရက် နေ့တွင် ပြည်သူ့လွှတ်တော်တွင် မေးမြန်းသည်။

အဆိုပါ မေးခွန်းနှင့် စပ်လျဉ်း၍ ပို့ဆောင်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်းအောင် က အောက်တိုဘာလ ၆ရက် နေ့တွင် အောက်ပါအတိုင်း ပြန်လည်ဖြေကြား သည်။

ပြေးဆွဲလျက်ရှိသော ခရီးစဉ်များအလိုက် ခရီးသည်နှင့် ကုန်တင်ခများသတ်မှတ်ရာတွင် ရေယာဉ် အမျိုးအစားအလိုက် ခရီးသည် (၁)ဦး (၁)မိုင် ကုန်ကျစရိတ်၊ ကုန်(၁)တန် (၁)မိုင် ကုန်ကျစရိတ်များကို အခြေခံတွက်ချက်ပြီး သတ်မှတ်ထားပါကြောင်း၊ ထိုကဲ့သို့ တွက်ချက်ရာတွင် ရေယာဉ်အလိုက် စက်သုံးဆီစရိတ်၊ ၀န်ထမ်းစရိတ်၊ ရေယာဉ်ပြင်ဆင်စရိတ် စသည့်ကုန်ကျ စရိတ်များကို ထည့်သွင်း တွက်ချက်ရပါကြောင်း၊ ရေယာဉ်၏ ကုန်ကျစရိတ်များတွင် စက်သုံးဆီ တန်းဖိုး ကုန်ကျစရိတ်သည် (၇၀) ရာခိုင်နှုန်းခန့် ပါဝင်ပါကြောင်း၊ လက်ရှိပြည်တွင်း ရေကြောင်းပို့ဆောင်ရေးရှိ ခရီးသည်ခနှင့် ကုန်တင်ခများမှာ ၂၀၀၃ခုနှစ်က စက်သုံးဆီ (၁)ဂါလန် ကျပ်(၁၆၀)နှုန်းဖြင့် အခြေခံတွက် ချက်ထား သော ဈေးနှုန်းများဖြစ်ပါကြောင်း၊ ယခုအချိန်တွင် စက်သုံးဆီ ဒီဇယ်(၁)ဂါလန်လျှင် ကျပ်(၃၀၀၀)နှုန်း ပြင်ဆင်သတ်မှတ်ခဲ့သော်လည်း ရေယာဉ်ခများကို တိုးမြှင့်ခြင်းမပြုဘဲ ပြေးဆွဲပေးခဲ့ပါကြောင်း။

နိုင်ငံတော်ပိုင် စီးပွားရေးအဖွဲ့အစည်းများကို နိုင်ငံတော်က အရှုံးခံတာဝန်ယူသည့် အစား ၀င်ငွေနှင့် အသုံးစရိတ်အချိုးမျှတကာ Balance Budget ဖြစ်လာစေရေး ဆောင်ရွက်ရန်နှင့် ပုဂ္ဂလိကမှလွှဲပြောင်း လုပ်ကိုင်နိုင်သည်များ လွှဲပြောင်းလုပ်ကိုင်စေရန်၊ ဖက်စပ်လုပ်ကိုင်နိုင်သည့်လုပ်ငန်းများ ဖက်စပ်လုပ် ကိုင်သွားရန် အစီအမံများ ချမှတ်ဆောင်ရွက်လျက်ရှိရာ ပြည်တွင်းရေကြောင်း ပို့ဆောင်ရေးက ပြေးဆွဲလျက်ရှိသည့် ခရီးလမ်းများကိုလည်း ဌာနခွဲတစ်ခုချင်း၊ ခရီးလမ်းတစ်ခုချင်း စိစစ်သုံးသပ်ကာ အရှုံးပေါ်နေသည့် ခရီးလမ်းအချို့အား ဖျက်သိမ်းခြင်း၊ စီပွားရေး တွက်ခြေမကိုက်သည့် ခရီးလမ်း အချို့အား ခေါက်ရေလျှော့ခြင်း၊ ပုဂ္ဂလိကနှင့် အကျိုးတူပူးပေါင်း ဆောင်ရွက်နိုင်သည့် ခရီးလမ်းများ အား ပူးပေါင်းဆောင်ရွက်ခြင်းစသည်များကို ဆောင်ရွက်ခဲ့ပါကြောင်း။

ရခိုင်ဌာနခွဲတွင် ဌာနပိုင်ရေယာဉ်များကို ပုဂ္ဂလိကသို့ ရေယာဉ်ငှားရမ်းစာချုပ်ချုပ်ဆို၍ ငှားရမ်းပြီး ခရီးစဉ်များ ပြေးဆွဲခဲ့ပါကြောင်း၊ ကောက်ခံသည့် ရေယာဉ်ခနှုန်းထားနှင့် ပတ်သက်၍ ဈေးကွက် စီးပွားရေးစနစ်အရ နယ်မြေဒေသအခြေအနေပေါ် မူတည်ကာ သက်ဆိုင်ရာဒေသ အစိုးရအဖွဲ့နှင့် ညှိနှိုင်း၍ ခရိးလမ်းများတွင် လက်ရှိပြေးဆွဲနေသည့် ပုဂ္ဂလိကမော်တော် အမြန်ရေယာဉ် စက်လှေ များ၏ နှုန်းထားခများထက် လျော့နည်းသက်သာသည့် နှုန်းထားဖြင့်သာ ပြေးဆွဲနေခြင်းဖြစ်ပါကြောင်း၊ သို့ဖြစ်၍ ရခိုင်ဌာနခွဲက ပြေးဆွဲနေသော ခရီးလမ်းများနှင့် ပုဂ္ဂလိက လုပ်ငန်းရှင်များက ရေယာဉ် ငှားရမ်းပြေးဆွဲနေသော ခရီးလမ်းများတွင် လက်ရှိကောက်က်ခံနေသည့် နှုန်းထားများမှာ အခြား ပုဂ္ဂလိကပိုင် အမြန်ရေယာဉ်၊ ကုန်တင်ရေယာဉ်များ၏ နှုန်းထားများထက် သက်သာသော နှုန်းထား များဖြစ်အောင် စီစဉ်ထားရှိပါကြောင်း� ဖြင့် ပြန်လည်ဖြေကြားသည်။

————————————————– ————————————————–

လွှတ်တော်ထဲမှ ရခိုင်ဆိုင်ရာ အမေးအဖြေများ
ကြေးမုံ တသင်းစာ
(၆.၁၀.၂၀၁၁)

မြေပုံမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်အမတ် ဦးဖေသန်းက အရှည် (၂၇)မိုင် (၄) ဖာလုံရှိသော မြေပုံ-မင်းပြား ကျောက်ခင်းလမ်းအား ကားကြီး၊ ကားငယ်များလွယ်ကူချောမွေ့စွာ သွားလာနိုင်ရေးအတွက် ကတ္တရာခင်းပေး နိုင်ခြင်း ရှိ/မရှိနှင့် အဆိုပါကားလမ်းအား နိုင်ငံတော်အစိုးရက ယခုထက်ပိုမိုကောင်း မွန်လာအောင်မည်သို့ ဆက်လက်လုပ်ဆောင်သွားမည်ကို သိရှိလိုကြောင်း အောက်တိုဘာ ၅ ရက်နေ့တွင် မေးမြန်းခဲ့သည်။

အဆိုပါ မေးခွန်းနှင့် စပ်လျဉ်း၍ ဆောက်လုပ်ရေးဝန်ကြိးဌာန ပြည်ထောင်စုဝန်ကြိး ဦးခင်မောင်မြင့်က အောက်တိုဘာလ ၅ ရက်နေ့တွင် အောက်ပါအတိုင်း ပြန်လည်ဖြေကြားသည်။

မြေပုံ-မင်းပြားလမ်းသည် အရှည် (၂၄) မိုင် (၇) ဖာလုံရှိပြီး မြေပုံမြို့မှ မင်းပြားမြို့သို့ ဆက်သွယ် ဖောက်လုပ်ထားသော လမ်းဖြစ်ပါကြောင်း၊ ယခင်က လူထုအင်အားဖြင့် ကျေးရွာချင်း ဆက် မြေသားတာပေါင် ဆောင်ရွက်ခဲ့ပါကြောင်း၊ ဆောက်လုပ်ရေးဝန်ကြီးဌာက ၂၀၀၉ ခုနှစ် မတ်လတွင် လမ်းအူကြောင်းတိုင်းတာပြီး စက်ယန္တရားကြီးများနှင့် စတင်ဖောက်လုပ်ခဲ့ပါကြောင်း၊ လမ်းတစ် လျှောက်ရွာကြီး (၁၅)ရွာကို ဖြတ်သန်းဖောက်လုပ်ထားသည့်အတွက် ဒေသတွင်း အရေးပါသော လမ်းတစ်လမ်းဖြစ်ပါကြောင်း၊ ဖြတ်သန်းသည့်လမ်းတစ်လျှောက် မြစ် (၁)စင်း၊ ချောင်းကျယ် (၅)ခုနှင့် ချောင်းငယ်ပေါများခြင်းကြောင့် တံတား ပေါင်း (၅၈)စင်းရှိပါကြောင်း၊ မြေပုံမြို့မှ ၀က်ခေါင်းရွာအထိ (၆)ဖာလုံကို ကျောက်လမ်းခင်းပြီးဖြစ်ပါကြောင်း၊ ၂၀၁၁-၂၀၁၂ ဘဏ္ဍာရေးနှစ် ပြင်ဆင်ထိန်းသိမ်းခြင်း ရန်ပုံငွေများနှင့် သစ်သားတံတားများကြံ့ခိုင်မှုရှိစေရန် ပြင်ဆင်ဆောက်ရွက်သွားမည်ဖြစ်ပါကြောင်း။

အဆိုပါလမ်းကို ပထမဦးစွာ ပျမ်းမျှအကျယ် (၃၄)ပေ လမ်းတာပေါင် ရရှိအောင် ဆောင်ရွက်ပြီး ရာသီမရွေးသွား လာနိုင်သော ကျောက်ချောလမ်းအဆင့် ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ လောလောဆယ် အစီအစဉ်အရ ကတ္တရာလမ်းခင်းရန် အစီအစဉ်မရှိသေးပါကြောင်း၊ လမ်း၊ တံတားများ အဆင့်မြှင့်တင်ခြင်း လုပ်ငန်းများ ဆက်လက် ဆောင်ရွက်ရန် ၂၀၁၂-၂၀၁၃ ဘဏ္ဍာရေး နှစ်တွင် ငွေလုံးငွေရင်းနှင့် သာမန်ပြင်ဆင်ထိန်းသိမ်းခြင်း ရန်ပုံငွေများ တင်ပြတောင်းခံပြီး ဦးစားပေး အဆင့်အလိုက် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ဖြင့် ပြည်သူ့လွှတ်တော်တွင်ဖြေကြား သည်။

————————————————– ————————————————–

မြောက်ဦးမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်အမတ် ဦးအောင်ထွန်းသာက ရှေးဟောင်းယဉ်ကျေးမှုနယ် မြေ မြောက်ဦးဒေသရှိ ကတ္တရာလမ်းများ ကြံ့ခိုင်မှုမရှိဘဲ ပျက်စီးယိုယွင်းနေသည်ကို နိုင်ငံတော်က ရန်ပုံငွေချထားပေးပြီး အမြန် ဆုံးပြုပြင်းပေးရန် အစီအစဉ် ရှိ/မရှိ သိရှိလိုကြောင်း အောက်တိုဘာလ ၅ ရက်နေ့တွင် မေးမြန်ခဲ့သည်။

အဆိုပါ မေးခွန်းနှင့်စပ်လျဉ်း၍ ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဥိးခင်မောင်မြင့်က အောက်တိုဘာလ ၅ ရက်နေ့တွင် အောက်ပါအတိုင်း ပြန်လည် ဖြေကြားသည်။

ဆောက်လုပ်ရေးဝန်ကြီးဌာနက တာဝန်ယူဆောင်ရွက်လျက်ရှိသည့် မင်းဘူး-အမ်း-စစ်တွေလမ်းသည် ရခိုင်ပြည် နယ် မြောက်ဦးဒေသ မြောက်ဦးမြို့တွင်း ဖြတ်သန်းဖောက်လုပ်ထားသော လမ်းတစ်လမ်း ဖြစ်ပါကြောင်း၊ မြောက်ဦးမြို့သည် မင်းဘူး-အမ်း-စစ်တွေလမ်း၏ မိုင်တိုင် (၁၁၀/၄)တွင်တည်ရှိပြီး မြောက်ဦးမြို့နယ်အတွင်း မိုင်တိုင် (၉၉/၄)မှ မိုင်တိုင် (၁၂၈/၀)အထိ အရှည်(၂၈)မိုင် (၄) ဖာလုံရှည် လျားပါကြောင်း၊ ၎င်းလမ်းပိုင်းတစ်ခုလုံးအနေဖြင့် ကတ္တရာလမ်းအဆင့် ဆောင်ရွက်ပြီးဖြစ်ပါကြောင်း၊ မြောက်ဦးမြို့တွင်းပိုင်းတွင် (၂၄)ပေအကျယ် ကတ္တရာလမ်း (၄) ဖာလုံ ဆောင်ရွက်ပြီးဖြစ်ပါကြောင်း၊ မြောက်ဦးမြို့နယ်အတွင်း မင်းဘူး-အမ်း-စစ်တွေလမ်း ပိုင်းပေါ်ရှိ မူလသစ်သား တံတားဟောင်း များဖြစ်သော ပေ(၁၀၀)အရှည်ရှိအလယ်ဈေးတံတား၊ ပေ (၇၀)အရှည် ရှိ ကြာက်ဈေးတံတား၊ ပေ(၆၀)အရှည်ရှိ ငွေတောင်ပေါက်တံတားများကိုလည်း အမြဲတမ်းသံကူကွန်ကရစ် တံတားများအဖြစ် တည်ဆောက်ပြီးဖြစ်ပါကြောင်း။

မင်းဘူး-အမ်း-စစ်တွေလမ်းသည် ပြည်ထောင်စုလမ်းမကြီးဖြစ်ပြီး ရခိုင်ပြည်နယ်၏ အဓိက ဆက်သွယ် ရေးလမ်းကြောင်းလည်း ဖြစ်ပါကြောင်း၊ အဆိုပါလမ်းမကြီး ဖြတ်သန်းသွားသော မြောက်ဦးမြို့နယ် လမ်းပိုင်းကို ၂၀၁၂- ၂၀၁၃ ဘဏ္ဍာရေးနှစ် ငွေလုံးငွေရင်းရန်ပုံငွေနှင့် သာမန်ပြင်ဆင် ထိန်းသိမ်းခြင်း ရန်ပုံငွေများ တင်ပြတောင်းခံ၍ လမ်း၊ တံတားအဆင့်မြှင့်တင်ခြင်းလုပ်ငန်းများ ဆောင်ရွက်သွား မည် ဖြစ်ပါကြောင်း� ဖြင့် ပြည်သူ့လွှတ်တော်တွင် ဖြေကြားသည်။

————————————————– ————————————————–

မြောက်ဦးမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ဦးအောင်ထွန်းသာက နှစ်ပေါင်း(၈၀) ကျော်ကြာ မြင့်ပြီဖြစ်သော အန္တရာယ်ရှိတံတား(၂)စင်း (ကံလှတံတားနှင့် ညောင်ပင်ဈေးတံတား)မှာ ပြိုကျပျက်စီးမည့် အခြေအနေ ရောက်ရှိနေပါသဖြင့် မည်သည့်အချိန်တွင် တံတားသစ်တည် ဆောက်ပေးမည်ကို သိရှိလိုကြောင်း အောက်တိုဘာလ ၅ ရက်နေ့တွင် မေးမြန်းခဲ့ သည်။

အဆိုပါမေးခွန်းနှင့်စပ်လျဉ်း၍ နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြိး ဒုတိယဗိုလ်ထျုပ်ကြီး သိန်းဌေးက အောက်တိုဘာလ ၅ရက် နေ့တွင်အောက်ပါအတိုင်း ပြန်လည်ဖြေကြားခဲ့သည်။ “မြောက်ဦးမြို့ရှိ ကန်လှတံတားသည် ၁၉၆၂ ခုနှစ်တွင်တည်ဆောက်ခဲ့ သော (၆၅ပေ�၁၂ပေ �၁၈ပေ) ရှိ ကွန်ကရစ်တံတားဖြစ်ပြီး လက်ရှိအခြေအနေတွင် ပြုပြင်ပေးရန်လိုအပ်သော တံတား၏ လက်ရန်းတိုင်နှင့် လက်ရန်းတန်းများ၊ကြမ်းခင်းများအား ယခုဘဏ္ဍာရေးနှစ်တွင် ငွေကျပ်(၁)သန်း သုံးစွဲပြင်ဆင် ဆောင်ရွက်မည်ဖြစ်ပါကြောင်း။

အလားတူ ညောင်ပင်ဈေးတံတားသည် ၁၉၂၈ ခုနှစ်တွင် တည်ဆောက်ခဲ့သော (ပေ၈၀x၁၂ပေx ၃၂ပေ)ရှိ ကွန်ကရစ်တံတားဖြစ်ပါကြောင်း၊ လက်ရှိအခြေအနေတွင် ရေတိုက်စားမှုကြောင်း ညောင်ပင်ဈေးဘက်ကမ်းခုံမှာ(၂)ပေခန့် နိမ့်ကျလျက်ရှိရာ အဆိုပါကမ်းကပ်ခုံအား ဘိုးပိုင်ဖောင် ဒေးရှင်းဖြင့် ဆောင်ရွက်ပြီး သံကွန် ကူကရစ်တိုင်၊ သံပေါင်ရက်မနှင့် သံကူကွန်ကရစ်ကြမ်းခင်းများ အသစ်ပြန်လည် တည်ဆောက်ပေးရန်အတွက် ယခုဘဏ္ဍာရေးနှစ်တွင် ငွေကျပ် သန်း(၅၀) သုံးစွဲဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြေင်း၊ အဆိုပါတံတား (၂)စင်းအား အန္တရယ်ကင်းရှင်းစွာ ဖြတ်သန်းသွားလာနိုင်ရေးအတွက် နယ်စပ်ရေးရာဝန်ကြိးဌာနအနေဖြင့် ယခု ဘဏ္ဍာရေးနှစ်အတွင်း နိုင်ငံတော်ထောက်ပံ့ရန်ပုံငွေကျပ် (၅၁)သန်းဖြင့် ဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်း” ဖြင့် ပြည်သူ့လွှတ်တောတွင် ဖြေကြားခဲ့သည်။

————————————————– ————————————————–

ကြေးမုံသတင်းစာ
၎.၁၀.၂၀၁၁

အမ်းမဲဆန္ဒနယ်မှ ပြည်သူ့ လွတ်တော် ကိုယ်စားလှယ် ဦးသိန်းဆွေက အပြည်ပြည်ဆိုင်ရာ ပင်လယ်ပြင် ဥပဒေ တရားရုံး၌ ကြားနာ စစ်ဆေးမှုများ ပြုလုပ်လျက်ရှိသည့် မြန်မာနိုင်ငံနှင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံ အကြား ပင်လယ်ပြင်နယ်နမိတ် သတ်မှတ်ရေးကိစ္စနှင့်စပ်လျဉ်း၍ ပြည်ထောင်စု အစိုးရအဖွဲ့၏ ဆောင်ရွက်ခဲ့မှုနှင့် ဖြစ်ပေါ်တိုးတက်မှုအခြေအနေများကို သိရှိလိုကြောင်း အောင်တိုဘာလ ၃ရက်နေ့ပြည်သူ့လွတ်တော်အစည်းအဝေးတွင်မေးမြန်းခဲ့သည်။

အဆိုပါမေးခွန်းနှင့် စပ်လျဉ်း၍ ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာထွန်းရှင်က ပြန်လည်ဖြေကြားသည်။

မြန်မာနိုင်ငံနှင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံတို့သည် ဘင်္ဂလား ပင်လယ်အော်တွင် ပိုင်နက်ပင်လယ်၊ သီးသန့် စီးပွားရေးဇုန်၊ ကမ်းလွန် ရေတိမ်ပိုင်းစသည့် ပင်လယ် နယ်နမိတ် သတ်မှတ်ရေးနှင့် စပ်လျဉ်း၍ ၁၉၇၄ ခုနှစ်မှစတင်လျက် ၂၀၀၉ ခုနှစ်အထိ နှစ်နိုင်ငံမှကိုယ်စားလှယ်များပါဝင်သော technical team များအပြန်အလှန် စေလွတ်လျက် ဆွေးနွေးညှီးနှိုင်းမှုများကို အကြိမ်ကြိမ်ပြုလုပ်ခဲ့ပါကြောင်း၊ ထိုသို့ ဆွေးနွေး ညှိနှိုင်းမှုများ ပြုလုပ်ခဲ့သော်လည်း နှစ်နှုင်ငံအကြားတိကျသော၊ လက်ခံနိုင်သော သဘော တူညီချက် တစ်စုံတစ်ရာ ရှိခြင်းမရှိသည့် အတွက် ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်မှ ၈-၁၀-၂၀၀၉ ရက်တွင် ပင်လယ်ပြင် နယ်နိမိတ် သတ်မှတ်ရေးနှင့်စပ်လျဉ်း၍ ဥပဒေကြောင်းအရ ဖြေရှင်းလိုကြောင်း စတင်၍ အဆိုပြု တောင်းဆိုခဲ့ပါကြောင်း ပြောဆိုသည်။

ဘင်္ဂလားဒေ့ရှ်မှစတင် အဆိုပြုခဲ့သော ကိစ္စနှင့် စပ်လျဉ်း၍ ပြန်လည် ဖြေရှင်း ဆောင်ရွက်နိုင်ရန် အစိုးရ အဖွဲ့၏ ၂၉-၁၀-၂၀၀၉ ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် (၂/၂၀၀၉)ဖြင့် နိုင်ငံခြားရေး ၀န်ကြီးဌာန ဥက္ကဋ္ဌ ၊ ပို့ဆောင်ရေးဝန်ကြီးဌာန၀န်ကြီး ဒုတိယဥက္ကဋ္ဌ အဖြစ်ပါဝင်ပြီး ဘာသာရပ်ဆိုင်ရာ ကျွမ်းကျင်သူများ ပါဝင်သည့် မြန်မာ-ဘင်္ဂလားဒေ့ရှ် ပင်လယ် နယ်နိမိတ် အငြင်းပွားမှု ဖြေရှင်းရေး ကိစ္စနှင့် ပတ်သတ်၍ အထူးလုပ်ငန်းဦးစီးအဖွဲ့ကို စုစုပေါင်းအဖွဲ့ဝင်(၂၇)ဦးဖြင့် ဖွဲ့စည်းခဲ့ကြောင်း၊ ထိုစဉ်က ရှေ့နေချုပ်ရုံး ဒုတိယရှေ့နေချုပ် ဒေါင်တာထွန်းရှင် အဖွဲ့ခေါင်းဆောင်အဖြစ်ပါဝင်သည့် ဥပဒေ ရေးရာ ကျွမ်းကျင်သူများအဖွဲ့၊ ပမ္မ၀တီ ရေတပ်စခန်းဌာနချုပ် ဌာနချုပ်မှူး ဗိုလ်မှူးချုပ် မျိုးမြင့်သန်း အဖွဲ့ခေါင်းဆောင်အဖြစ် ပါဝင်သည့် နည်းပညာ ကျွမ်းကျင်သူများအဖွဲ့၊ နိုင်ငံခြားရေး ၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဦးမောင်မြင့်အဖွဲ့ခေါင်းဆောင်အဖြစ်ပါဝင်သည့် အုပ်ချုပ် ထောက်ပံ့မှု အဖွဲ့များ ကိုလည်း ထိုအမိန့်ကြော်ငြာစာဖြင့် ဆက်လက်၍ဖွဲ့စည်းခဲ့ပါကြောင်း ပြောဆိုသည်။

ပင်လယ် ဥပဒေဆိုင်ရာ အပြည်ပြည်ဆိုင်ရာ တရားရုံး(ITLOS) တွင် ယခု ကိစ္စဖြေရှင်းရန် ဘင်္ဂလားဒေ့ရှ်ဘက်မှ ၁၃-၁၂-၂၀၀၉ ရက်တွင်အဆိုပြုခဲ့ပါကြောင်း၊ အဆိုပါကိစ္စနှင့်စပ်လျဉ်း၍ ITLOS မှ ၁၄-၁၂-၂၀၀၉ ရက်စွဲပါစာဖြင့် မြန်မာနိုင်ငံသို့ အကြောင်းကြားခဲ့ပါကြောင်း၊ ယင်းသို့ သဘော တူရခြင်းမှာ အငြင်းပွားမှုများအား ဒေသတွင်းနိုင်ငံများ၏ ငြိမ်းချမ်းရေးကို ကုလသမဂ္ဂ ပဋိညာဉ်စာတမ်း အရ ငြိမ်းချမ်းစွာ ဖြေရှင်းရန် ယင်းပဋိညာဉ်စာတမ်း အခန်း(၆) တွင် ဖော်ပြထားရာ အဖွဲ့ဝင် နိုင်ငံ တစ်နိုင် ဖြစ်သည့် မြန်မာနိုင်ငံ အနေဖြင့်လည်း ငြိမ်းချမ်းစွာဖြေရှင်းရန်တာဝန်ရှိသည့်အလျေက် လက်ခံခဲ့ခြင်း ဖြစ်ပါကြောင်း၊ အပြည်ပြည်ဆိုင်ရာဥပဒေ၏ အဓိကအစိတ်အပိုင်းတစ်ခုဖြစ်သည့် အပြည်ပြည်ဆိုင်ရာ ပင်လယ်ပြင်ဥပဒေကွန်ဗင်းရှင်းတွင် အငြင်းပွားမှုများအား ငြိမ်းချမ်းစွာ ဖြေရှင်းရေး နည်းလမ်း(၄) လမ်းကို Article287 တွင်ဖေါ်ပြထားရာ အပြည်ပြည်ဆိုင်ရာပင်လယ်ပြင် ဥပဒေ တရားရုံးတွင် ဖြေရှင်းခြင်းသည် ပထမနည်းဖြစ်ပါကြောင့်၊ အားသာချက်အနေဖြင့် ယင်း တရားရုံးတွင် ဖြေရှင်းပါက ငြိမ်းချမ်းစွာဖြေရှင်းနိုင်သည့်အပြင် တရားရုံးစရိတ်စကများ အားလုံး ကို လည်း ကုလသမဂ္ဂ ကပင် ကျခံပါကြောင်း၊ သို့ဖြစ်၍ ITLOS တွင်ဖြေရှင်းရန် ဘင်္ဂလားဒေ့ရှ် နိုင်ငံက အဆိုပြုခဲ့ခြင်းအပေါ် မြန်မာနိုင်ငံက လက်ခံခဲ့ခြင်းဖြစ်ပါကြောင်း ၊ ထိုသို့ဆောင်ရွက်ခြင်းဖြင့် မြန်မာနိုင်ငံသည် ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံ တစ်နိုင်ငံအဖြစ် အငြင်းပွားမှုကို ငြိမ်းချမ်းစွာ ဖြေရှင်းသည့် နိုင်ငံ အဖြစ် ကမ္ဘာက အသိအမှတ်ပြုခြင်း အကျိုးအမြတ် ရရှိခဲ့ပါကြောင်း ၊မြန်မာနိုင်ငံက ၄-၁၁-၂၀၀၉ ရက်တွင် ITLOS ၏စီရင်ပိုင်ခွင့်ကို လက်ခံကြောင်းကြငြာခြင်းပြုခဲ့ရာမှ ယခုအခါ မြန်မာနိုင်ငံနှင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံတို့သည် ဘင်္ဂလားပင်လယ်အော်တွင် နှစ်နိုင်ငံ ပင်လ ယ် နယ်နိမိတ် သတ်မှတ်ရေး ကိစ္စနှင့်စပ်လျဉ်း၍ ဂျာမနီနိုင်ငံ ဟမ်းဘတ်မြို့တွင်တည်ရှိသော ITLOS တရားရုံးရှေ့သို့ အမှုအမှတ် ၁၆ ဖြင့် ဖြေရှင်းရန် ရောက်ရှိခဲ့ပါကြောင်း ပြောကြားသည်။

အလျဉ်းသင်း၍ ဖေါ်ပြရလျှင် အပြည်ပြည်ဆိုင်ရာ ပင်လယ်ပြင် ဥပဒေ တရားရုံးသည် နိုင်ငံရေး ကင်းပြီး တစ်ကမ္ဘာလုံးရှိ အပြည်ပြည်ဆိုင်ရာ ဥပဒေကို ကျွမ်းကျင်သောနိုင်ငံအသီးသီးမှ လာသည့် တရား သူကြီးများဖြင့် ဖွဲ့စည်းထားပါကြောင့် တရားသူကြီး (၂၁) ဦးပါဝင်ပြီး အငြင်းပွားသည့် နိုင်ငံ(၂) နိုင်ငံမှ Adhoc judge ဟုခေါ်သော တရားသူကြီးတစ်ဦးစီကို တင်ပြနိုင်ပါကြောင်း၊ ထိုနှစ်ဦးသည် အမှုကိုဆုံးဖြတ်ရာတွင် အခြားတရားသူကြီးများနည်းတူ ဆောင်ရွက်ပိုင်ခွင့်ရှိပါကြောင်း၊ ယခုတရားရုံးဥက္ကဋ္ဌသည် ကာရစ်ဘွယန်ပင်လယ်ဒေသတွင်းရှိ Cape Verde မှ အပြည်ပြည်ဆိုင်ရာ ဥပဒေ ပညာရှင်ဖြစ်ပါကြောင်း၊ ဤရုံးသည် အပြည်ပြည်ဆိုင်ရာဥပဒေရေးရာ၊ ကျွမ်းကျင်မှု ဆိုင်ရာ ပညာနှင့် ရေကြောင်းတိုင်းတာရေးပညာတို့အရ အမှုကိုဆုံးဖြတ်လေ့ရှိပါကြောင်း၊ ယခုအမှုမှာ တရားရုံး၏ ပထမဆုံးသော ပင်လယ် နယ်နိမိတ် သတ်မှတ်ရေးအမှု ဖြစ်သည့်အတွက် တစ်ကမ္ဘာလုံးက စိတ်ဝင်စားလျက်ရှိပြီး တရားရုံး၏ Wrbsite တွင်လည်း အမှုအစမှ အဆုံးကို ပြသခဲ့ပါကြောင်း။

နိုင်ငံတော်က ထိုစဉ်က ရှေ့နေချုပ်ရုံး၊ ဒုတိယရှေ့နေချုပ် ဒေါက်တာထွန်းရှင်အား အဆိုပါ အမှုတွင် နိုင်ငံတော်၏ ကိုယ်စားလှယ် အဖြစ်ခန့်အပ်ပြီး ဒုတိယကိုယ်စားလှယ်နှစ်ဦးကိုပါ ခန်းအပ် တာဝန် ပေးခဲ့ပါကြောင်း၊ ထို့နောက် ဒုတိယရှေ့နေချုပ်ခေါင်းဆောင်သော အဖွဲ့သည် ၂၀၁၀ပြည့်နှစ် ဇန်န၀ါရီ ၂၅ ရက်မှ ၂၆ ရက်တို့တွင် ITLOS ဥက္ကဋ္ဌ၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒုတိယ ကိုယ်စားလှယ်၊ ဘင်္ဂလားဒေ့ရှ် နိုင်ငံ ရှေ့နေများနှင့် ကိုယ်တိုင်တွေ့ဆုံဆွေးနွေးလျက် ITLOS တွင် အမှုရင်ဆိုင်ဖြေရှင်းခြင်းဆိုင်ရာ အစီစဉ်များနှင့် ရက်ချိန်းများကို ညှီးနှိုင်းသဘောတူညီမှုရရှိပါကြောင်း။

ဥပဒေရေရာ ကျွမ်းကျင်သူများအဖွဲ့ဥက္ကဋ္ဌနှင့်အတူ နည်းပညာကျွမ်းကျင်သူများအဖွဲ့၊ အုပ်ချုပ် ထောက်ပံ့ မှုအဖွဲ့များ ညှိနှိုင်း တိုင်ပင်၍ ITLOS အမှုကိစ္စတွင် လိုက်ပါဆောင်ရွက်ရန် ကမ္ဘာပေါ်ရှိ ဥပဒေစနစ်ကြီး(၃) ရပ်ကို ကျွမ်းကျင်ပြီး ပင်လယ်ရေပြင် နယ်နိမိတ် သတ်မှတ်ရေးအမှုကိစ္စများတွင် အတွေ့အကြုံများစွာ ရှိသည့် နိုင်ငံပေါင်းစုံမှ အပြည်ပြည်ဆိုင်ရာ ဥပဒေနှင့် အပြည်ပြည် ဆိုင်ရာ ပင်လ ယ်ပြင် ဥပဒေပါရဂူများ၊ ဥပဒေပညာရှင်အဖွဲ့နှင့် ပင်လယ်ပြင်တိုင်းတာရေးကျွမ်းကျင်သူများ၊ရှေ့နေများအား ငှားရမ်း ဆောင်ရွက် ခဲ့ပါကြောင်း။

တရားရုံး၌ အမှုရင်ဆိုင်ရာတွင် ပြည်တွင်းတရားရုံးများ၌ တရမမှုစစ်ဆေးကြားနာခြင်းပုံစံနှင့် အနီးစပ်ဆုံးတူညီပါကြောင်း၊ အမှုတွင်အပိုင်းနှစ်ပိုင်းရှိပါကြောင်း၊ ပထမပိုင်းတွင် စာဖြင့်အဆိုအချေဟုခေါ်သော တစ်ဘက်နှင့်တစ်ဘက် အဆိုလွှာနှင့် အချေလွှာများတင်ပြရပါကြောင်း၊ ဘင်္ဂလားဒေ့ ရှ်နိုင်ငံဘက်မှ အဆိုလွာကို ၁-၇-၂၀၁၀ ရက်တွင်တင်သွင်းခဲ့ပြီး မြန်မာနိုင်ငံဘက်မှချေလွှာကို ၁-၁၂-၂၀၁၀ ရက်တွင် တင်သွင်းခဲ့ပါကြောင်း၊ ဆက်လက်၍ ဘင်္ဂလားဒေ့ရှ်နှိုင်ငံဘက်မှ ပြန်လွှာကို ၁၅-၃-၂၀၁၁ ရက်တွင်တင်သွင်းခဲ့ကာ မြန်မာနိုင်ငံဘ က်မှပြန်ချေလွှာကို ၁-၇-၂၀၁၁ ရက်တွင် တင်သွင်းခဲ့ပြီဖြစ်ပါကြောင်း၊ ယင်းနောက်တွင် ဒုတိယပိုင်းသို့ကူးသွားပြီး တရားရုံး၌အမှုကြားနာသည့် အပိုင်းကို ဆောင်ရွက်ရပါကြောင်း၊ ယခုသွားရောက်ခဲ့သည့်ခရီးစဉ်မှာ အမှုကြားနာခြင်းဖြစ်ပြီး ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်သည့်ရက်များမပါ(၁၅) ရက်ဆက်တိုက် ကြာခဲ့ပါကြောင်း။

ITLOS တွင် အမှုဖြေရှင်းနိုင်ရေးနှင့် စပ်လျဉ်း၍ သတ်မှတ်ထားသည့်လုပ်ထုံးလုပ်နည်းများ၊ အစီအစဉ်များနှင့်အညီ မြန်မာနိုင်ငံဘက်မှချေလွှာတင်သွင်းခြင်း၊ ပြန်ချေလွှာတင်သွင်းခြင်းတို့ကို ဥပဒေရေးရာကျွမ်းကျင်သူများအဖွဲ့ခေါင်းဆောင် ဦးဆောင်သည့် မြန်မာအဖွဲ့နှင့် ပြည်ပရှေ့နေများအဖွဲ့တို့ အကြိမ်ကြိမ်အသေးစိတ်ဆွေးနွေးညှီးနှိုင်းတိုင်ပင်ပြီး တင်သွင်းနိုင်ခဲ့ပါကြောင်း၊ ဤသို့ဖြင့် စာဖြင့်အဆိုအချေပြုလုပ်ခြင်းပြီးစီး၍ နှစ်ဘက်လျှောက်လဲခြင်းသို့ ကူးပြောင်းသွားပါကြောင်း။

ယခုအခါ ITLOS တရားရုံးရှေ့၌ နှစ်ဘက်လျှောက်လဲချက်များကို ကြားနာစစ်ဆေးပြီးဖြစ်ပါကြောင်း၊ ပထမအကြိမ် လျှောက်လဲကြားနာခြင်းအဖြစ် ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်မှ ၈-၉-၂၀၁၁ ရက်မှ ၁၃-၉-၂၀၁၁ ရက်မအထိလျှောက်လဲတင်ပြခဲ့ပြီး မြန်မာနိုင်ငံဘက်မှ အမှုဖွင့်မိန်းခွန်းကို ပြည်ထောင်စုရှေ့နေချုပ်က ပြောကြားခဲ့ကာ ၁၅-၉-၂၀၁၁ မှ ၂၀-၉-၂၀၁၁ ရက်အထိ လျှောက်လဲတင်ပြခဲ့ပါကြောင်း၊ ထို့နောက် မြန်မာနိုင်ငံ၏ရှေ့နေများက မြန်မာနိုင်ငံဘက်မှ ဥပဒေကြောင်းအရလည်းကောင်း၊ ကျွမ်းကျင်မှုဆိုင်ရာပညာများအရလည်းကောင်း၊ ပင်လယ်ရေပြင်တိုင်းတာရေးပညာပိုင်းအရလည်းကောင်း၊ ဘူမိဗေဒပညာပိုင်းအရလည်းကောင်း ခိုင်မာရပ်တည်လျှောက်လဲတင်ပြခဲ့ကြပါကြောင်း၊ ဒုတိယအကြိမ်လျှောက်လဲတင်ပြခြင်းကို ဘင်္ဂလားဒေ့ရှ်ဘက်မှ ၂၁-၉၂-၁၁ နှင့် ၂၂-၉-၂၀၁၁ ရက်တို့တွင်လည်းကောင်း၊မြန်မာနိုင်ငံဘက်မှ ၂၄-၉-၂၀၁၁ ရက်တွင်လည်းကောင်း တင်ပြခဲ့ပါကြောင်း။

မြန်မာနိုင်ငံဘက်မှ ပြည်ထောင်စုရှေ့နေချုပ်နှင့်အတူ ငှားရမ်းထားသော ပြည်ပရှေ့ ကနေများ သည် ITLOS တရားရုံးရှေ့တွင် အပြည်ပြည်ဆိုင်ရာပင်လယ်ပြင်ဥပဒေရေးရာအထောက်အထားများ၊ ကျွမ်းကျင်မှုပညာဆိုင်ရာ အထောက်အထားများ၊ ပင်လယ်ရေပြင်တိုင်းတာရေးအထောက်အထားများနှင့် ဘူမိဗေဒသိပ္ပံဆိုင်ရာအထောက်အထားတို့ကို ကိုးကားတင်ပြခဲ့ပါကြောင်း၊ နှစ်နိုင်ငံကိုယ်စားလှယ်များက နီးဂုံးချုပ်ပြောရာတွင် ဤသို့ငြိမ်းချမ်းစွာဖြေရှင်းခြင်းဖြင့် မြန်မာနှင့်ဘင်္ဂလားဒေ့ရှ်နှစ်နိုင်ငံအကြား တည်ရှိပြီးဖြစ်သည့် ချစ်ကြည်ရင်းနှီးမှုအားမြှင့်တင်ပေးမည်ဟု ယုံကြည်ပါကြောင်းဖြင့် ပြောကြားခဲ့ပါကြောင်း။

အဆိုပါအမှုကို ၂၀၁၂ ခုနှစ် မတ်လတွင် ITLOS တရားရုံးက သမာသမတ်ရှိပြီး တရားမျှတမှုရှိသည့် အပြည်ပြည်ဆိုင်ရာပင်လယ်ပြင် ဥပဒေနှင့်အညီ မျှတသောရလဒ်ကိုဖေါ်ဆောင်သည့် အမိန့်ချမှတ်မည်ဟု ယုံကြည်မျှော်လင်းရပါကြောင်း၊ မြန်မာနိုင်ငံနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံအကြား ပင်လယ်ပြင်နယ်နိမိတ် သတ်မှတ်ရေးအငြင်းပွားမှုတွင် တာဝန်ရှိသူများအနေဖြင့် ပြည်ထောင်စုအစိုးရအဖွဲ့၏ လမ်းညွန်မှုဖြင့် ဆောင်ရွက်လျက်ရှိပါကြောင်း။

ပင်လယ်ပြင်နှင့်ပတ်သတ်၍ ပင်လယ်ပြင်ဥပဒေပိုင်းတွင် (၃)ပိုင်းရရှိပါကြောင်း၊ ပထမ(၁)ပိုင်းကိုပိုင်နက်ပင်လယ်ဟုခေါ်ပြီး သာမန်အားဖြင့် ဥပဒေအရ(၁၂)မိုင်တည်ရှိပါကြောင်း၊ ဒုတိယတစ်ပိုင်းမှာ Continental Shelf ဖြစ်ပါကြောင်း၊ တတိယတစ်ပိုင်းသည် သီးခြားစီးပွားရေးဇုန်ဖြစ်ပြီး မိုင် (၂၀၀)ကျော်သွားပါက ကမ်းဝေးပင်လယ်ပြင်ဟုခေါ်သည့် စီးပွားရေးဇုန်သဘောမျိုးသက်ရောက်သွားမည်ဖြစ်ပါကြောင်း၊မြန်မာနိုင်ငံအနေဖြင့် ယခုကိစ္စတောင်းဆိုသည့်နေရာတွင် Equidistance Method ကို အသုံးပြုပါကြောင်း၊ ကမ္ဘာတွင်ထိုနည်းကိုအသုံးပြုမှသာလျင် တရားမျှတမှုရှိပြီး ၎င်းနည်းမရှိမှသာ တခြားနည်းကိုအသုံးပြုလေ့ရှိပါကြောင်း၊ မြန်မာနိုင်ငံ၏ရပ်တည်ချက်သည် Equidistance Method ကို သုံးရန်ရှိသည့်အတွက် ယခုကဲ့သို့တောင်းဆိုခြင်းဖြစ်ပါကြောင်း။

ထိုသို့ဆောင်ရွက်ရာတွင် ဥပဒေများနှင့် အပြည်ပြည်ဆိုင်ရာ ကမ္ဘာ့တရားရုံးများက ချမှတ်သော စီရင်ထုံးများကိုကိုးကားခဲ့ပါကြောင်း၊ Equidistance Method ကို သုံးခြင်းအားဖြင့် နှစ်နိုင်ငံတရားမျှတသော နယ်နိမိတ်သတ်မှတ်ချက်များရရှိနိုင်မှုအပေါ်မူတည်ပြီး မိမိဘက်ကနစ်နာမှုမရှိဘဲ တစ်ဘက်အတွက်လည်း တရားမျှတမှုရှိမည်ဟု ရှေ့နေများနှင့်ညှီးနိုင်းပြီး ရပ်တည်ခဲ့ပါကြောင်း၊ တစ်ဘက်ကအသုံးပြုသည့်နည်းမှာ ၎င်းတို့၏ပညာအရ Angle by Sector ဟုခေါ်သည့်နည်းဖြစ်ပါကြောင်း၊ အသုံးပြုပုံနည်းအရ အကြောင်းပြချက်မှာ ထူးခြားသည့်အခြေနေရှိသည့်အတွက် ၎င်းတို့ကို ပေးရန်ပြောကြားပါကြောင်း၊ မိမိတို့အနေဖြင့် ထူးခြားသည့်အခြေအနေမရှိကြောင်းကို ငြင်းဆိုခဲ့ပါကြောင်း၊ မိမိတို့ဘက်ကတောင်းဆိုမည့် မျှဉ်းမှာ Equidistance Method အရတောင်းခြင်းပြစ်ပြီး ၎င်းတို့ကတောင်းသည့်မျဉ်းမှာ Angle by Sector နည်းအရ တောင်းခြင်း ဖြစ်ပါကြောင်း။

တရားရုံး၏ လုပ်ရိုးလုပ်စဉ်အရ တစ်ဖက်အမှုသည်၏တင်ပြချက်ကို နားထောင်ရသကဲ့သို့ အခြားတစ်ဖက်အမှုသည်၏ တင်ပြချက်ကိုလည်း နားထောင်ရပါကြောင်း။ ထို့နောက် မိမိဘက်မှကျွမ်းကျင်ပညာရှင်နှင့် ၎င်းင်းတို့ဘက်မှ ကျွမ်းကျင်ပညာသည်များနှင့် ဆွေးနွေးပြီးသည့်အခါ တရားရုံးက သီးခြားခေါ်သည့် တတိယကျွမ်းကျင်ပညာရှင်တစ်ယောက်ကို တရားသူကြီး(၂၃)ယောက်စလုံးက ခေါ်ယူကြားနာပါကြောင်း၊ ထိုသို့နာကြားသည့်အခါ ကျွမ်းကျင် ပညာရှင်များ၏ တင်ပြသည့်မျဉ်းများအပေါ် မှုတည်ပြီး နှစ်ဦးနှစ်ဖက် မနစ်နာစေမည့်လမ်းကြောင်းကို ရေးဆွဲမည်ဟု သိရပါကြောင်း ဤကိစ္စသည် ကမ္ဘာတွင်ပထမဆုံးအကြိမ် ဆုံးဖြတ်သည့် ပင်လယ် နယ်နိမိတ်နှင့် ပတ်သတ်သောအမှုဖြစ်ပြီး မြန်မာနိုင်ငံအတွက်လည်း ပထမဆုံး အကြိမ်ပြစ်သည့် အတွက် တရားသူကြီးများကလည်း အထူး ဂရုစိုက်ကာ သမာသမတ်ရှိသော အမိန့်ထွက်ရှိရန် ကြိုးစားလျက် ရှိပါကြောင်းဖြင့် ပြည်သူ့လွှတ်တော်တွင်အောင်တိုဘာလ ၃ရက်နေ့တွင် ပြည်ထောင်စု ရှေ့နေချုပ် ဒေါက်တာ ထွန်းရှင်မှ ပြန်လည် ဖြေကြားသည်။

ရခိုင်ပြည်နယ် မဲဆန္ဒနယ် အမှတ်(၁) အမျိုးသားလွှတ်တော်မှ ဒေါက်တာအေးမောင်က စစ်တွေခရိုင်အတွင်းရှိ ဌာနဆိုင်ရာများ၏ လုပ်ငန်းလိုအပ်ချက်အရ မြေသိမ်းအမှုတွဲဖွင့်လှစ်၍ သိမ်းယူထားသော မြေဧကများကိုဦးပိုင်အလိုက်၊ ကွင်းအလိုက်၊ မြို့နယ်အလိုက် အမျိုးအစားခွဲခြား၍ အများပြည်သူသိရှိရန် ဖေါ်ပြပေးနိုင်ခြင်း ရှိ/မရှိ၊ သိမ်းယူစဉ်က ပိုမိုသိမ်းယူထားခဲ့သည့် မြေများနှင့် စပ်လျဉ်း၍ အဖွဲ့ဖြင့်စီစစ်လျက် ဦးပိုင်အလိုက်၊ ကွင်းအလိုက်၊ မြို့နယ်အလိုက် အမျိုးအစားခွဲခြား၍ဖေါ်ပြပေးရန်နှင့် သိမ်းယူထားသည့်လယ်မြေ (ပုစွန်ကန်မြေ)၊ စားကျက်မြေများကို မူလက အသုံးပြုခွင့်ရခဲ့သူုများသို့ တရားဝင်ပြန်လည်ချထားပေးရန် ရှိ/မရှိ သိရှိလိုကြောင်း ဒေါင်တာအေးမောင်က မေးမြန်းခဲ့သည်။ အဆိုပါမေးခွန်းနှင့်စပ်လျဉ်း၍ ပြည်ထဲရေး ၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဗိုလ်မှူးချုပ် ကျော်ဇံမြင့်က စက်တင်ဘာလ ၃ ရက်နေ့တွင် ယခုလို ဖြေကြားသည်။

အထူးစီမံကိန်း ကြီးများနှင့် ဌာနဆိုင်ရာများအတွက် မြေသိမ်းဆည်းရေးဆောင်ရွက်ရာတွင် ၁၈၉၄ ခုနှစ် မြန်မာနိုင်ငံ မြေသိမ်းအက်ဥပဒေအရ လိုက်နာ ဆောင်ရွက်ရမည်ဖြစ်ပြီး မြေသိမ်းဆည်းခြင်းကို ခွင့်ပြုကြောင်း ပြည်ထောင်စု အစိုးရအဖွဲ့၏ သဘောတူညီချက်၊ သက်ဆိုင်ရာဝန်ကြီးဌာန၏ အုပ်ချုပ်မှုဆိုင်ရာ သဘောတူညီချက်များအရ အဆင့်ဆင့်ဆောင်ရွက်ရပါကြောင်း၊ သတ်မှတ်ချက်များနှင့်ပြည့်စုံပါက ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင် စုဝန်ကြီးက ၁၈၉၄ ခုနှစ် မြန်မာနိုင်ငံ မြေသိမ်းအက်ဥပဒေပုဒ်မ ၄(၁)အရ မြေသိမ်းဆည်းရန် ခရိုင်အုပ်ချုပ်ရေးမှူးကို ကော်လိတ္တော် အရာရှိအဖြစ် ခန်းအပ်ခြင်း၊ ပုဒ်မ ၆ အရ မြေသိမ်းဆည်းရန် လုပ်ပိုင်ခွင့် အပ်နှင်းခြင်းတို့ကို အမိန့်ထုတ်ပြန်ပေးပါကြောင်း၊ ခရိုင်အုပ်ချုပ်ရေးမှူးသည် တာဝန်ပေးချက်အရ မြေသိမ်းအက်ဥပဒေ၊ လုပ်ထုံးလုပ်နည်းနှင့်အညီ ဆောင်ရွက်ပေးသွားမည်ဖြစ်ပြီး မြေကို သိမ်းယူရာတွင်လည်း လိုအပ်သည့် မြေအကျယ်၏ အနည်းဆုံးဧရိယာကိုသာ သိမ်းယူခြင်း ဆောင်ရွက် ရမည်ဖြစ် သကဲ့သို့ မြေသိမ်း ယူသည့် ဌာန/အဖွဲ့အစည်းသည် သိမ်းယူသည့်မြေကို လျှောက်ထားသည့် နည်းလမ်း အတိုင်းအတာ အသုံးမပြုလျှင်ဖြစ်စေ၊ အသုံးပြုရန်မလိုအပ်လျှင်ဖြစ်စေ နိုင်ငံတော်သို့ ပြန်လည် အပ်နှံရမည်ဖြစ်ပါကြောင်း။ သက်ဆိုင်ရာခရိုင်အတွင်းရှိ ဌာနဆိုင်ရာများက လုပ်ငန်းလိုအပ်ချက်အရ မြေသိမ်းအမှုတွဲများ ဖွင့်လှစ် သိမ်းယူ ထားသည့် မြေဧကများ၏ ဥပိုင်အလိုက်၊ ကွင်းအလိုက်၊ မြို့နယ်အလိုက် အမျိုးအစား ခွဲခြားပြီးဖြစ်စေ၊ တရားဝင်သိမ်းယူထားသည့်မြေများအပြင် ထိုသို့သိမ်းယူစဉ်က ပိုမို သိမ်းယူ ထားသည့် မြေများနှင့်စပ်လျဉ်း၍ဖြစ်စေ သိရှိလိုပါက သက်ဆိုင်ရာရပ်ကွက်၊ ကျေးရွာအုပ်စု မြို့နယ်တို့မှ တစ်ဆင့် သက်ဆိုင်ရာ ခရိုင်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနသို့ သက်ဆိုင်သူများက လျှောက်ထား နိုင်ပါ ကြောင်း၊ ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနကလည်း သက်ဆိုင်ရာ မြေစာရင်းဦးစီးဌာနသို့ အကြောင်း ကြားပြီး ဆောင်ရွက်ပေးမည်ဖြစ်သည့်အတွက် အများပြည်သူမည်သူမဆို လုပ်ထုံး လုပ်နည်း အတိုင်း ဆောင်ရွက် နိုင်ပါကြောင်း ပြောကြားသည်။

အစိုးရ ဌာနဆိုင်ရာများ၊ အဖွဲအစည်းများအတွက် မြေသိမ်းဆောင်ရွက်ခဲ့ရာတွင် ခွင့်ပြုခဲ့သည့် မြေဧရိယာထက် ပိုမိုဆာင်ရွက်ခဲ့သောကြောင်း ဒေသခံတောင်သူများ၏ လက်ရှိလုပ်ကိုင်လျက်ရှိသည့် လ ယ်ယာ၊ ဥယာဉ် ခြံမြေများ၊ ပါဝင်သွားခဲ့ပါက ပိုမို ပါသွားသည်ဟု ထင်မြင်သည့် ဒေသခံ တောင်သူများသည် မိမိတို့၏ လယ်ယာ၊ ဥယာဉ်ခြံမြေကို ပြန်လည်လုပ်ကိုင်လိုကြောင်း သက်ဆိုင်ရာ ရပ်ကွက်/ ကျေးရွာအုပ်စု အုပ်ချုပ် ရေးမှုမှ တစ်ဆင့် မြို့နယ်နှင့် ခရိုင်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနတို့တွင် အဆင့်ဆင့် တရားဝင် လျှောက်ထား နိုင်ပါကြောင်း၊ လျှောက်ထားမှုအပေါ် ရပ်ကွက်၊ ကျေးရွာအုပ်စု၊ မြို့နယ်၊ ခရိုင်အဆင့်ဆင့် စီစစ်တင်ပြပြီး ပြည်နယ်အစိုးရမှစီစစ်ကာ ပြည်နယ် အစိုးရအဖွဲ့ ကိုယ်စားလှယ်နှင့် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန၊ မြေစာရင်း ဦးစီးဌာန၊ ငါးလုပ်ငန်း ဦးစီးဌာနတို့မှ တာဝန်ရှိသူများပါဝင်သည့် အဖွဲနှင့် ကွင်းဆင်း စစ်ဆေးရပြီး စစ်ဆေးတွေ့ရှိချက်အပေါ် တိုင်းဒေသကြီး/ပြည်နယ် အစိုးရအဖွဲ့က လိုအပ်သလို စီစဉ် ဆောင်ရွက် ပေးမည် ဖြစ်ပါကြောင်း။

မြေသိမ်းယူခြင်း လုပ်ငန်း ဆောင်ရွက်ရာတွင် ပုဂ္ဂလိကအကျိုးစီးပွားကိုရည်ရွယ်သည့် ကိစ္စများအတွက် လုံးဝ ခွင့်မပြုဘဲ နိုင်ငံတော်နှင့်ပြည်သူများ၏ အကျိုးစီးပွားအတွက် မြေသိမ်းဆည်းခြင်းကိုသာ ဒေသဆိုင်ရာ အုပ်ချုပ်ရေး အဖွဲ့ အဆင့်ဆင့်၏ စီစစ်တင်ပြချက်အပေါ် တိုင်းသေဒကြီး/ ပြည်နယ် အစိုးရအဖွဲ့၏ ထောက်ခံချက် အရ ပြည်ထဲရေး ၀န်ကြီးဌာနာ ပြည်ထောင်စု အစိုးရအဖွဲ့ထံ တင်ပြ ဆောင်ရွက်လျက် ရှိပါကြောင်း၊ နိုင်ငံတော်အစိုးရ အနေဖြင့် လယ်ယာမြေကို သတ်မှတ်သည့် နည်းလမ်း အတိုင်းအသုံးချရန် ခွင့်ပြုခြင်း၊ အများပြည်သူအကျိုးအတွက် မြေသိမ်းဆည်းပေးခြင်းတို့ကို ဆောင်ရွက်ရာတွင် တည်ဆဲ မြေယာ ဥပဒေ၊ လုပ်ထုံး လုပ်နည်းများနှင့် အညီ ထိရောက်စွာကြတ်မတ် ဆောင်ရွက် ပေးလျက်ရှိပါကြောင်းဖြင့် ဖြေကြားပြီး ယင်းမေးခွန်းကို ပြည်သူတို့၏ တိုင်ကြားစာနှင့် အသနားခံစာများဆိုင်ရာ ကော်မတီသို့ လွှဲပြောင်း ပေးအပ်ကြောင်း လွှတ်တော်က ကြေငြာသည်။

————————————————– ————————————————–

လွှတ်တော်အတွင်း ရခိုင်ဆိုင်ရာ အမေးအဖြေများ

ကြေးမုံသတင်းစာ (၁.၁၀.၂၀၁၁)

ကျောက်တော်မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ဦးသာစိန်က ဓည၀တီခေတ် နန်းတော်မြို့ရိုးမှာ ယခုအထိ မဟာမြတ်မုနိဘုရားဝင်း၏ တောင်ဘက်မြေပေါ်တွင် ထင်ရှားစွာ မြင်တွေ့နိုင်သော အနေအထားတွင် ရှိပါကြောင်း၊ နန်းတော်ရာနှင့်အခြားသော အဆောက်အအုံတို့ကို ထိန်းသိမ်း စောင့်ရှောက်သူ မရှိသောကြောင့် ယဉ်ကျေးမှု အမွေအနှစ်နှင့် သာသနာရေးဆိုင်ရာ အမွေအနှစ်များမှာ မြေကြီးများဖုံးလွှမ်းကာ တစ်စတစ်စ ပျောက်ကွယ်ခဲ့ပါကြောင်း၊ လက်ရှိတွေ့မြင်နေရသော ဓည၀တီမြို့ရိုးမှစ၍ ဆက်လက်တူးဖော်ပါက ဓည၀တီခေတ် နန်းတော်ရာ၊ မြို့တော်ရာ သမိုင်း အမွေအနှစ်များကိုလည်း တွေ့မြင်နိုင်မည်ဟု ယူဆပါကြောင်း၊ ဤသို့ယဉ်ကျေးမှုဖော်ထုတ်ခြင်း၊ တူးဖော်ခြင်းသည် ရခိုင်တိုင်းရင်းသားများအတွက်သာမက မြန်မာနိုင်ငံ၏ ယဉ်ကျေးမှု အနေဖြင့် တွေ့မြင်နိုင်မည်ဖြစ်သောကြောင့် ဖော်ပြခဲ့သော ယဉ်ကျေးမှု နယ်မြေများကို နိုင်ငံတော်က ဦးဆောင်ထိန်းသိမ်းတူးဖော်ရန် အစီအစဉ် ရှိ /မရှိသိရှိလိုကြောင်း ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးသာစိန်ကမေးမြန်းခဲ့သည်။ အဆိုပါ မေးခွန်းနှင့် စပ်လျဉ်း၍ ယာဉ်ကျေးမူ ၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဒေါ်စန္ဒာငြိမ်းမှ ဖြေကြားသည်။

ယဉ်ကျေးမှု ၀န်ကြီးဌာနသည် မြန်မာနိုင်ငံအနှံ့အပြားရှိ ရှေးဟောင်း ယဉ်ကျေးမှုအမွေအနှစ်များအား ထိန်းသိမ်း ကာကွယ်စောင့်ရှောက်ခြင်း၊ တူးဖော်သုတေသနပြုလုပ်ခြင်းများကို နိုင်ငံတော် အဆင့် မူဝါဒများ ချမှတ်၍ နှစ်ရှည်နှင့် နှစ်စဉ် စီမံချက်များ စနစ်တကျ ရေးဆွဲ ဆောင်ရွက် လျက်ရှိ ပါကြောင်း၊ ရှေးဟောင်း ယဉ်ကျေးမှု အမွေအနှစ်များကို ပြုပြင်ထိန်းသိမ်းရာတွင် ဥပဒေ၊ နည်းဥပဒေများ၊ စည်းကမ်း သတ်မှတ်ချက်၊ သတိပေး တားမြစ်ချက်များ ထုတ်ပြန်ပြီး ဒေသခံပြည်သူလူထုကို အသိပညာပေး၍ ထိန်းသိမ်း စောင့်ရှောက်ခြင်း၊ မူလ ပုံသဏ္ဌာန် လက်ရာမပျက်စေရေးကို ဂရုပြု၍ အဆောက်အအုံပိုင်း ပြုပြင် ထိန်းသိမ်းခြင်းနှင့် အနုလက်ရာများဖြစ်သော နံရံဆေးရေးပန်းချီ၊ အင်္ဂတေပန်းတော့၊ ကျောက်ပန်းတမော့၊ စဥ့်ကွင်းစဉ်ချပ်များ၊ သစ်သားပန်းပုလက်ရာများ စသည့် ယဉ်ကျေးမှုအမွေအနှစ်များကို အရှည်တည်တံ့ ခိုင်မြဲစေရန် စနစ်တကျထိန်းသိမ်းလျက်ရှိပါကြောင်း။ ပြုပြင်ထိန်းသိမ်းရာတွင်လည်း ပြည်တွင်း/ပြည်ပတွင် ရှေးဟောင်းအဆောက်အအုံနှင့် အနုပညာလက်ရာ ပြုပြင်ထိန်းသိမ်းရေးအတွက် ခေတ်မီပညာရပ်များ စနစ်တကျလေ့ကျင့်သင်ကြားခဲ့သော ဌာနမှ ပညာရှင်များ Non-Profit Organization များ၊ နိုင်ငံတကာ အဖွဲအစည်းများ၊ ပြည်ပနိုင်ငံများရှိ ရှေးဟောင်းအမွေအနှစ် ထိန်းသိမ်းရေးပညာရှင်များနှင့်ပူးပေါင်း၍ အကြံဉာဏ်များ ရယူဆွေးနွေးကာ တစ်နိုင်ငံလုံးအတိုင်း အတာဖြင့် ဆောင်ရွက်ချက်ရှိပါကြောင်း၊ ထို့သို့ ဆောင်ရွက်ရာတွင်လည်း ခေတ်ကာလအရ တန်ဖိုးမြင့်မားခြင်း၊ သမိုင်းဆိုင်ရာ အထောက်အထားများအရ အရေးပါခြင်း၊ ယဉ်ကျေးမှုဆိုင်ရာ အဆင့်အတန်းမြင့်မားခြင်း၊ ဗိသုကာနှင့် အနုပညာလက်ရာများ ထူးခြား ကောင်းမွန်ခြင်း စသည့် အချက်များအပေါ် စိစစ်အခြေပြု၍ ဦးစားပေး အဆင့်များသတ်မှတ်ကာ နိုင်ငံတော် ဘတ်ဂျက်လျာထားတောင်းခံ၍ ပြုပြင်ထိန်းသိမ်းမှုများ ဆောက်ရွက်လျက်ရှိပါကြောင်း။ ထိုသို့သော မူများနှင့်အညီ ဓည၀တီမြို့ဟောင်းတူးဖော်ထိန်းသိမ်းမှုကိုလည်း ဌာနကစနစ်တကျ ဆောင်ရွက်ခဲ့ပါကြောင်း၊ ဘီစီ ၃၃၂၅ တွင် မာရယုမင်းသည် ပထမ ဓည၀တီခေတ်ကိုလည်းကောင်း၊ ဘီစီ ၁၅၀၇ တွင် ကံရာဇာကြီးမင်းသည် ဒုတိယ ဓည၀တီခေတ်ကိုလည်းကောင်း၊ ဘီစီ ၅၈၀ တွင် စန္ဒသူရိယမင်းသည် တတိယဓည၀တီ ခေတ်ကိုလည်းကောင်း တည်ထောင်ခဲ့သည်ကို ရခိုင်ရာဇ၀င်များတွင် ဖော်ပြထားပါကြောင်း၊ သို့ဖြစ်၍ ၂၀၀၅ ခုနှစ်နှင့် ၂၀၀၆ ခုနှစ်တွင် ဒုတိယဓည၀တီတည်ရှိသည်ဟု ဆိုသော နီလာ ပန်းတောင်း၊ ကျောက်ပန်းတောင်းသို့ မြောက်ဦးရှေးဟောင်း သုတေသန ဌာနခွဲက (၂) ကြိမ် ကွင်းဆင်း လေ့လာရှာဖွေခဲ့ပါကြောင်း၊ ဆက်လက်၍ တတိယ ဓည၀တီမြို့ဟောင်းတည်ရှိသည့် မဟာမြတ်မုနိ ဘုရား ပတ်ကျင်အား ကောင်းကင်ဓါတ်ပုံ၊ ဂြိုဟ်တုဓါတ်ပုံတို့မှ အသေးစိတ်လေ့လာသကဲ့သို့ ၂၀၀၂ ခုနှစ်နှင့် ၂၀၀၃ ခုနှစ်တွင် မြေပြင်ပေါ်ကွင်းဆင်းလေ့လာခြင်းကို အကြိမ်ကြိမ်ပြုလုပ်ခဲ့ပါကြောင်း။ စန္ဒသူရိ မင်းတည်ထောင် ခဲ့သော တတိယ ဓည၀တီမြို့ဟောင်းသည် ကျောက်တော်မြို့နယ်ရှိ မဟာမြတ် မုနိ ဘုရားကြီးအား ဗဟိုပြု၍ မ၀ိုင်းတ၀ိုင်းမြို့ရိုး၊ ကျုံးများရှိကြောင်းလေ့လာတွေ့ရှိခဲ့သဖြင့် မြောက်ဦးရှေးဟောင်းသုတေသနခွဲက ဓည၀တီမြို့ဟောင်း တူးဖော်သုတေသနလုပ်ငန်းကို ၂၇-၇-၂၀၀၃မှ ၂၉-၂-၂၀၀၄ အထိ နန်းမြို့ရိုးဝင်ပေါက်၊ နန်းတော်ရာအပါအ၀င် တူးဖော်မှုကုန်း (၄)ကုန်း၊ မြို့ဝင်ပေါက်များ၊ အပြင် မြို့ရိုးနှင့်အတွင်းမြို့ရိုးနေရာများ၊ မြို့ထောင့်များ၊ အတွင်းနန်းတော်မာရဘင် အုတ်ရိုးတန်းနေရာများအပါအ၀င် စမ်းသပ်တူးဖော်မှု (၁၃) နေရာ ကိုပါ တူးဖော်သုတေသနပြုခဲ့ရာ ဓည၀တီမြို့ဟောင်းသည် မြို့ရိုး (၃) ထပ်ရှိပါကြောင်း၊ မြို့ရိုး (၃)ထပ်စလုံးအား အုတ်ဖြင့်တည်ဆောက်ထားသည်ကို တူးဖော်သုတေသနပြု တွေ့ရှိခဲ့ပါကြောင်း။ တူးဖော် သုတေသနပြုခဲ့သော ဓည၀တီမြို့ဟောင်းအရှေ့ဘက် နန်းမြို့ရိုးဝင်ပေါက်အား ဌာနက တူးဖော်ပြီးစီးသည် ၂၀၀၄ ခုနှစ်ကပင် ပျက်စီးမှုမရှိစေရန်အတွက် မူလပုံသဏ္ဌာန်မပျက် ထိန်းသိမ်းရေးဆောင်ရွက်ခဲ့ပြီး ဆိုင်းဘုတ်စိုက်ထူခြင်းပါ စနစ်တကျ ဆောင်ရွက်ခဲ့ပြီးဖြစ်ပါကြောင်း၊ နှစ်စဉ်လည်း ထိန်းသိမ်း စောင့်ရှောက် ခြင်းများ ဆောင်ရွက်လျက်ရှိပါကြောင်း၊ ဓည၀တီမြို့ဟောင်း၏ အလယ်ခန့်၌ တည်ရှိသော မဟာမြတ် မုနိဘုရား ပရ၀ဏ်အတွင်း၌ ပြတိုက်တစ်ခုဖွင့်လှစ်ထားပါကြောင်း။ ဓည၀တီမြို့ဟောင်း တူးဖော် သုတေသန လုပ်ငန်းနှင့် ပြုပြင်ထိန်းသိမ်းမှုလုပ်ငန်းများ ဆက်လက်ဆောင် ရွက်ရန်လည်း အစီအစဉ်ရှိပါကြောင်း၊ ဓည၀တီမြို့ဟောင်းသည် နိုင်ငံတော်က ယဉ်ကျေးမှုအမွေအနှစ် ဒေသ အဖြစ် သတ်မှတ် ထိန်းသိမ်း လျက်ရှိသည့် နယ်မြေဒေသ (၃၇)ခုတွင် မပါဝင်သေးသဖြင့် ဓည၀တီမြို့ဟောင်းအား ယဉ်ကျေးမှု အမွေအနှစ် ဒေသ အဖြစ် သတ်မှတ်ထိန်းသိမ်းသွားရန် အစီးအစဉ်ရှိပါကြောင်း၊ ထိုသို့ သတ်မှတ်ပြီး နောက် နိုင်ငံတော်ကကာကွယ်ထိန်းသိမ်းသည့် အဆင့် (၃) ဆင့်အနက် သင့်လျော်သည့်အဆင့်ဖြင့် လိုအပ်သလို ခွဲခြားသတ်မှတ်ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊ ဓည၀တီမြို့ဟောင်းအပြင် ဝေသာလီမြို့ဟောင်းနှင့် အခြား အလားတူ ကာကွယ်ထိန်းသိမ်းစောင့်ရှောက်သင့်သော ရှေးဟောင်းနေရာများကိုလည်း ယဉ်ကျေးမှု အမွေအနှစ် ဒေသများအဖြစ်သတ်မှတ်၍ နိုင်ငံတော်က တစ်ဆင့်ပြီးတစ်ဆင့် ကာကွယ်ထိန်းသိမ်းသွားရန် အစီအစဉ် ရှိပါကြောင်းဖြင့် ယာဉ်ကျေးမူဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဒေါ်စန္ဒာငြိမ်းမှ စက်တင်ဘာလ ၃၀ ရက်နေ့တွင် ဖြေကြားသည်။

————————————————– ————————————————–

လွှတ်တော်အတွင်း ရခိုင်ဆိုင်ရာ အမေးအဖြေများ

ကြေးမုံသတင်းစာ (၃၀.၉.၂၀၁၁)

ရခိုင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၁) အမျိုးသားလွတ်တော် မှ ဒေါက်တာအေးမောင် မှလေးမြို့ ရေအား လျှပ်စစ် စီမံကိန်းနှင့် စိုင်ဒင် ရေအားလျပ်စစ်စီမံကိန်းတို့၏ သဘာဝအရင်းမြစ် ပျက်စီးထိခိုက်မူနှင့် အကျိုးပြုမူ လေ့လာ ဆန်းစစ်သည့် စာတမ်းအား ပညာရှင်အဖွဲ့ဖြင့် ကောက်ယူမူးရှိပါက ဒေသခံပြည်သူများ သိရှိအောင် ထုတ်ပြန် ပေးရန် အစီအစဉ် ရှိ/ မရှိ အစီရင်ခံစာအရ အကျိုးကြောင်း ခိုင်လုံသဖြင့် စီမံကိန်းစတင်မည်ဆိုပါက စတင်မည့်ကာလ၊ ပြီးစီးမည့်ကာလနှင့် စါတ်အားသုံးစွဲမူအစီအစဉ်ကို သိရှိလိုမှု၊ လေးမြို့နှင့် စိုင်ဒင် ရေအား လျှပ်စစ် စီမံကိန်းတို့ ကာလကြာရှည်မည်ဆိုလျှင် ရွှေသဘာဝဓါတ်ငွေ့သိုက်မှဓါတ်ငွေ့ဖြင့် ရခိုင်ပြည်နယ် တစ်ဝန်း ဓါတ်အားပေးစက်ရုံ တည်ဆောက်ပေးရန် ရှိ/မရှိ အစီရင်ခံစာ၊ ပြည်ထောင်စုမဟာ ဓါတ်အားလိုင်းမှ တစ်ဆင့် ရခိုင်ပြည်မြို့နယ်များသို့ ဓါတ်အားပို့လွတ်ရန် အစီအစဉ် ရှိ/မရှိ နှင့် မရှိပါက ရခိုင်ပြည်နယ်၏ စက်မှု ဖွံ့ဖြိုးမှုကဏ္ဍကို အကောင်အထည်ဖေါ်မည့် အစီအမံကို သိရှိလိုပါကြောင်း မဲဆန္ဒနယ်အမှတ်(၁) အမျိုးသား လွှတ်တော်မှ ဒေါက်တာ အေးမောင်က မေးမြန်းခဲ့သည်။ အဆိုပါမေးခွန်းနှင့်စပ်လျဉ်း၍ အမှတ်(၁) လျှပ်စစ် ၀န်ကြီးဌာန ပြည်တောင်စုဝန်ကြီး ဦးဇော်မင်းက ဖြေကြားသည်။� လေးမြို့နှင့်စိုင်းဒင် ရေအား လျှပ်စစ် စီမံကိန်းများသည် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုစီမံကိန်းများဖြစ်ပါကြောင့်၊ ပတ်ဝန်းကျင်သက်ရောက်မှုနှင့် ပကျိုးပြုမှု လေ့လာချက် အစီရင်ခံစာကို သက်ဆိုင်ရာကုမ္ပဏီမှ လေ့လာဆောင်ရွက်ပြီးပါက အမှတ်(၁) လျှပ်စစ် စွမ်းအား ၀န်ကြီးဌာနကပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သစ်တောရေးရာ ၀န်ကြီးဌာနသို့ ဆက်လက်အပ်နှံပြီး ၎င်းတို့မှ လေ့လာ စီစစ် သုံးသပ်၍ အတည်ပြုသည့်အခါ အဆိုပါအစီရင်ခံစာကို ပြည်သူအများဖတ်ရူနိုင်ရန် ထိုအချိန်တွင် ဖြစ်ပေါ်လာမည့် သက်ဆိုင်ရာ ရအားလျပ်စစ်စီမံကိန်း၏ Website တွင် ထုတ်ပြန် ကြေငြာမည် ဖြစ်ပါကြောင်း၊ စီမံကိန်းများသည် ဖြစ်နိုင်ခြေ ရှိ/မရှိ စူးစမ်းလေ့လာနေဆဲ့ စီမံကိန်းများဖြစ်ပြီး စတင် တည်ဆောက်သော အချိန်မှစ၍ (၅)နှစ်မှ (၈) နှစ်အကြား တည်ဆောက်ချိန်ကြာမည်ဖြစ်ပါကြောင်း၊ ထွက်ရှိ လာသော ဓါတ်အားကို ရခိုင်ပြည်အတွင်းဖြန့်ဝေမည့်အပြင် မဟာဓါတ်အားလိုင်းနှင့် ဆက်သွယ်၍ အမှတ် (၂) လျှပ်စစ်စွမ်းအားဝန်းကြီးဌာန၏ အစီအစဉ်ဖြင့် ဆောင်ရွက်မည် ဖြစ်ပါကြောင်း။ ရခိုင် ကမ်းလွန်ဒေသ ရွှေသဘာဝဓါတ်ငွေ့စီမံကိန်းလုပ်ကွက် A-1 နှင့် A-3 ကို ကိုရီးယားနိုင်ငံ ဒေ၀ူးအင်တာ နေရှင်နယ် ကော်ပို ရေးရှင်းမှ လုပ်ငန်း ဦးဆောင်သူအဖြစ် ဆောင်ရွက်ပြီး စီမံကိန်းလုပ်ငန်း အဖွဲ့ဝင်များအဖြစ် ကိုရီးယား နိုင်ငံမှ KOGAS၊ အိန္ဒိယနိုင်ငံမှ ONGC Videsh Ltd. နှင့် GAIL (India) Ltd.၊ အိမ်ရှင်မြန်မာနိုင်ငံမှ မြန်မာ့ရေနံနှင့် သဘာဝဓါတ်ငွေ့လုပ်ငန်းတို့ ပါဝင်ရင်းနှီးမြှုပ်နှံကြပါကြောင်း။ သဘာဝဓါတ်ငွေ့သုံး ဓါတ်အားပေး စက်ရုံများ၏ ကနဦးမတည်ရင်းနှီးစရိတ်သည် ရေအားလျှပ်စစ်ဓါတ်အားပေး စက်ရုံများ၏ ကနဦးမတည်ရင်းနှီး စရိတ်ထက် သက်သာသော်လည်း လျှပ်စစ်ဓါတ်အားထုတ်လုပ်မှုအတွက် လောင်စာဓါတ်ငွေ့ အသုံးပြုရသဖြင့် ဓါတ်အား ထုတ်လုပ်မှု ကုန်ကျစရိတ်သည် ရေအားလျှပ်စစ်စက်ရုံများ၏ ထုတ်လုပ်မှုကုန်ကျစရိတ်ထက် အလွန်များပြားရာ ရေအား လျှပ်စစ်ထုပ်လုပ်နိုင်ရန် အလားအလာ ရှိသောဒေသများ၌ ရေအားလျှပ်စစ်စက်ရုံများကိုသာ အများအားဖြင့် တည်ဆောက်လေ့ရှိကြပါကြောင်း။ ရခိုင်ပြည်နယ်သည် မြေမျက်နှာသွင်ပြင်အရ လမ်းပန်း ဆက်သွယ်ရေး ခက်ခဲသည့်ဒေသဖြစ်၍ ဓါတ်အားပေး စက်ရုံများ၏ ဓါတ်အားထုတ်လုပ်ရရှိမှု အခြေ အနေအရနှင့် ဓါတ်အားလိုင်းများ ခက်ခဲစွာတည်ဆောက်ရသော အနေအထားများကြောင့် နိုင်ငံတော် ဓါတ်အားစနစ်ကို မတိုးချဲ့နိုင်ခဲ့သော်လည်း ဒေသအတွင်း လျှပ်စစ်ဓါတ်အားသုံးစွဲနိုင်ရေးအတွက် နိုင်ငံတော် အစိုးရက ဒီဇယ်စက်များ တပ်ဆင်ပေးခြင်း၊ လောင်စာဆီများ ထောက်ပံ့ ပေးခြင်းဖြင့် ပြည်သူများ လျှပ်စစ် ဓါတ်အား အသုံးပြုခွင့် ရရှိခဲ့ပြီး ဖြစ်ပါကြောင်း၊ သို့သော် နိုင်ငံတော်ဓါတ်အား ကွန်ရက်ကို ရခိုင်ဒေသသို့ပါ ပို့လွှတ်နိုင်ရန် ရည်မှန်းပြီး ၂၃၀ ကေဗွီဗို့အားကို ရခိုင်ပြည်နယ် ၀င်ပေါက်ဖြစ်သည့် ဥသျှစ်ပင်အထိ ပထမဥိးစွာ စီမံချက်ချမှတ်၍ အကောင်းအထည်ဖော် ဆောင်ရွက်ထားရှိပြီး သူဌေးချောင်း ရေအားလျှပ်စစ်စီမံကိန်း၊ အမ်းရေအား လျှပ်စစ် စီမံကိန်း၊ လေးမြို့ရေအား လျှပ်စစ်စီမံကိန်းနှင့် စိုင်ဒင်ရေအားလျှပ်စစ်စီမံကိန်းတို့အား စီမံကိန်များ ချမှတ်ထားပြီး ဖြစ်ပါကြောင်း၊ အဆိုပါ ရေအားလျှပ်စစ်စီမံကိန်းများမှ ထွက်လာမည့် လျှပ်စစ် ဓါတ်အား ပမာဏသည် ဒေသအတွင်း လျှပ်စစ်ဓါတ်အားလုံလောက်စွာ အသုံးပြုနိုင်မည်ဖြစ်ပြီး ပိုလျှံသော ဓါတ်အားများကိုလည်း နိုင်ငံတော် ဓါတ်အားစနစ်နှင့် ချိတ်ဆက် ပို့လွှတ်သွားနိုင်မည်ဖြစ်ပါကြောင်း။ ရခိုင်ပြည်နယ် ဒေသတွင် အကောင်အထည်ဖော် ဆောင်ရွက်ရန် စီမံနေသည့် ရေအားလျှပ်စစ်စီမံကိန်းများနှင့် ဆက်စပ်၍ (၂၃၀) ကေဗွီ မဟာဓါတ်အားလိုင်းကြီးများ၊ ပင်မ ဓါတ်အားခွဲ ရုံကြီးများကို ရေအား လျှပ်စစ် စီမံကိန်းနှင့် တစ်ချိန်တည်း အပြီးတည်ဆောက်နိုင်ရန် စီမံလျာထားလျက်ရှိပြီး အဆိုပါ ရေအား လျှပ်စစ် စီမံကိန်းများ မပြီးစီးမီ ရခိုင်ပြည်သူလူထုမှ လျှပ်စစ်ဓါတ်အားကို အပြည့်အ၀သုံးစွဲနိုင်ရန် ရှေးရှုလျက် အိန္ဒိယ နိုင်ငံမှ ချေးငွေဖြင့် ဥသျှစ်ပင်-တောင်ကုတ်၊ တောင်ကုတ်-မအီ-အမ်း၊ မအီ- စနဲခုံမင်လမ်းဆုံ (ကျောက်ဖြူ)၊ အမ်း-မအီ နှင့် (ဥသျှစ်ပင်-တောင်ကုတ်)-သူဌေးချောင်း မဟာဓါတ်အားလိုင်းများ၊ တောင်ကုတ်ဓါတ်အားခွဲရုံ၊ မအီဓါတ်အားခွဲရုံ၊ အမ်းဓါတ်အားခွဲရုံ၊ စနဲခုံမင်လမ်းဆုံ (ကျောက်ဖြူ) ဓါတ်အားခွဲရုံနှင့် မန်းဓါတ်အားခွဲရုံများကို အကောင်အထည် ဖော်ဆောင်ရွက်ရန်လျာထားပါကြောင်း။ ထို့အပြင် အိန္ဒိယ နိုင်ငံမှချေးငွေဖြင့် တည်ဆောက်သော ဓါတ်အား ကွန်ရက်မှလည်းကောင်း၊ သူဌေးချောင်း၊ လေးမြို့၊ စိုင်းဒင်စသော ရေအား လျှပ်စစ်စီမံကိန်း များမှလည်းကောင်း ရရှိသောဓါတ်အားဖြင့် ရခိုင်ပြည်နယ် တစ်ခုလုံး မီးလင်းနိုင်ရေး အတွက် ၂၃၀ ကေဗွီ ဓါတ်အားလိုင်း စုစုပေါင်းမိုင် (၁၁၀)၊ ၆၆ ကေဗွီဓါတ်အားလိုင်း စုစုပေါင်း (၂၂၃)မိုင်၊ ၃၃ ကေဗွီ ဓါတ်အားလိုင်း စုစုပေါင်း (၇၂) မိုင်နှင့်ဓါတ်အားခွဲရုံ (၁၃)ရုံတို့ကို ဆက်လက် တည်ဆောက် သွားမည် ဖြစ်ပါကြောင်းဖြင့် အမှတ်(၁)လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဇော်မင်းက စက်တင်ဘာလ ၂၉ ရက်နေ့တွင် ဖြေကြားသည်။�

————————————————– ————————————————–

လွှတ်တော်အတွင်း ရခိုင်ဆိုင်ရာ အမေးအဖြေများ

ကြေးမုံသတင်းစာ (၂၉.၉ .၂၀၁၁)

ရမ်းဗြဲ မဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စာလှယ်မှ ဦးဘထီးက ပြည်တွင်းရေကြောင်းပို့ဆောင်ရေးပိုင် သင်္ဘောများသည် ၁၉-၃-၂၀၁၁ ရက်မှ စ၍ ရမ်းဗြဲမြို့၌ ဆိုက်ကပ်ခြင်းမပြုတော့ပါသဖြင့် ခရီးသွားပြည်သူများ သွားလာရေးအခက်အခဲ ကြုံတွေ့နေရပါကြောင်း၊ သို့ဖြစ်၍ ပြည်သူများ သွားလာမှု အဆင်ပြေစွာ သွားလာ နိုင်ရေး အတွက် ယခင် ပုံမှန်ပြေးဆွဲခဲ့သည့်အတိုင်း ပြည်တွင်း ရေကြောင်းပိုင် သင်္ဘောများ ပြေးဆွဲ ၀င်ထွက် ဆိုက်ကပ်ရန် အစီအစဉ် ရှိ/မရှိ သိရှိလိုကြောင်း မေးမြန်းခဲ့သည်။ အဆိုပါမေးခွန်းနှင့် စပ်လျဉ်း၍ ပို့ဆောင်ရေး ၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဦးဝင်းရှိန်မှ စက်တင်ဘာလ၂၉ ရက်နေ့တွင် ပြန်လည် ဖြေကြားသည်။� ပြည်တွင်း ရေကြောင်း ပို့ဆောင်ရေး ရခိုင်ဌာနခွဲသည် စစ်တွေမြို့၌ အခြေပြုပြီး စစ်တွေ-ဘူးသီးတောင်၊ စစ်တွေ-မြောက်ဦး၊ စစ်တွေ- တောင်ကုတ်၊ တောင်ကုတ်-မာန်အောင် ခရီးလမ်း (၄)လမ်းအား ဌာနခွဲရှိ စုစုပေါင်း ရေယာဉ် (၂၁)စီးဖြင့် ပြေးဆွဲလျက် ရှိပါကြောင်း၊ ယင်းခရီးလမ်း (၄) လမ်းအနက် စစ်တွေ-တောင်ကုတ် ခရီးစဉ်ကို တစ်ပတ်လျှင် (၃) ခေါက် (တနင်္လာ၊ ဗုဒ္ဓဟူး၊သောကြာ) ပြေးဆွဲလျက်ရှိရာ တနင်္လာနေ့ ထွက်ခွာသည့် ရေယာဉ်သည် ရမ်းဗြဲ ဆိပ်ကမ်းသို့ ပုံမှန်ဝင်ရောက်ဆိုက်ကပ်ခဲ့ပါကြောင်း၊ ထို့ပြင် ဗုဒ္ဓဟူး နေ့ထွက်ခွာသည့် ရေယာဉ်များအနက် လတစ်လ၏ပထမအပတ်နှင့် တတိယပတ်ထွက်ရေယာဉ်များလည်း ရမ်းဗြဲသို့ဆိုက်ကပ်ပေးခဲ့ပါကြောင်း။ သို့သော် ရမ်းဗြဲသို့ဆိုက်ကပ်ရာ၌ အစုန်/အဆန် ခရီးစဉ်များတွင် ပျမ်းမျှအတက်/ အဆင်းခရီးသည် (၁၀) ဦးအောက်သာ လိုက်ပါမှုရှိခြင်း၊ ကုန်ရရှိမှု နည်းပါးခြင်းတို့ကြောင့် သင်္ဘောကြီးများအနေဖြင့် ၀င်ငွေနှင့် အသုံးစရိတ် အချိုးမညီမျှုဘဲ စီးပွားရေးတွက်ခြေကိုက်မှုမရှိသည့်အတွက် ၁-၇-၂၀၁၁ ရက်မှစတင်၍ ရမ်းဗြဲသို့ ၀င်ရောက်ပြေးဆွဲခြင်းကို ရပ်ဆိုင်းခဲ့ပါကြောင်း၊ ပြည်တွင်း ရေကြောင်း ပို့ဆောင်ရေးမှ ခရီးစဉ်များ ရပ်ဆိုင်းခဲ့သော်လည်း ရမ်းဗြဲ-တောင်ကုတ်ခရီးစဉ်၌ ပုဂ္ဂလိက စက်လှေများက (၁) ပတ်လျှင် (၃)ရက် ပြေးဆွဲပေးနေပါကြောင်း၊ ထို့ပြင် ရမ်းဗြဲမှ ကျောက် ဖြူသို့ မော်တော်ကားလမ်း ဖောက်လုပ်ထားပြီးဖြစ်ရာပုဂ္ဂလိက မော်တော်ယာဉ်လိုင်း နေ့စဉ်ပြေးဆွဲပေးလျက်ရှိပြီး အဆင်ပြေစွာ သွားလာနိုင်သည်ကို သိရှိရပါကြောင်း၊ စစ်တွေသို့ ရေလမ်းဖြင့်သွားလာမည့် ခရိးသည်များ အနေဖြင့်လည်း ကျောက်ဖြူဆိပ်ကမ်းမှ တစ်ဆင့် စစ်တွေသို့ သင်္ဘောဖြင့် လိုက်ပါလျက်ရှိသည်ကို သိရှိရပါကြောင်း။

လက်ရှိအခြေအနေတွင် ရမ်းဗြဲဆိပ်ကမ်း၏ ခရိးသည်လိုက်ပါမှုနှင့် ကုန်စည်ရရှိမှုမှာ ရရှိသောဝင်ငွေနှင့် ကုန်ကျသောအသုံးစရိတ် အချိုးအစားညီမျှမှု မရှိနိုင်သေးပါကြောင်း၊ ပြည်တွင်း ရေကြောင်း ပို့ဆောင်ရေး အနေဖြင့် ရေလမ်းခရီးသွားပြည်သူလူထု အဆင်ပြေချောမွေ့စွာ သွားလာနိုင်ရေးအတွက် အမြဲအလေးထား စဉ်းစားပေးလျက်ရှိပါကြောင်းနှင့် ရမ်းဗြဲဆိပ်ကမ်းမှ ခရီးသည်လိုက်ပါမှုနှင့် ကုန်စည်တင်ဆောင်မှု တိုးတက်လာချိန်တွင် ရေယာဉ်များပြန်လည်ပြေးဆွဲ ၀င် /ထွက် ဆိုက်ကပ်နိုင်ရေး စီစဉ် ပေးသွားမည် ဖြစ်ပါကြောင်း ဖြင့် စက်တင်လာလ၂၉ရက်နေ့တွင် ဖြေကြားသည်။�

ပုဏ္ဏားကျွန်းမဲဆန္ဒနယ် ပြည်သူ့လွှတ်တော်မှ ဦးထွန်းအောင်ကျော်က ပုဏ္ဏားကျွန်းမြို့အ၀င် ချောင်းဝတွင် သဲသောင်များ ပေါ်ထွန်းပြီး အစိုးရလိုင်း သင်္ဘေများ ရေကျချိန်ဝင်ရောက်ဆိုက်ကပ်မှု မပြုလုပ်နိုင်သဖြင့် အရောင်း အ၀ယ် လုပ်ငန်းများ ထိခိုက်မှုများစွာဖြစ်ပေါ်ခဲ့ပါကြောင်း၊ သို့ဖြစ်၍ သယ်ယူ ပို့ဆောင်မှု လွယ်ကူ စေရန် ပုဏ္ဏားကျွန်းမြို့ အ၀င် ကုလားတန်မြစ်ဘက်မှချောင်းဝအား တူးဖေါ်ရန်အစီစဉ် ရှိ/မရှိ သိရှိလိုကြောင်း မေးမြန်း ခဲ့သည်။ အဆိုပါ မေးခွန်းနှင့်စပ်လျဉ်း၍ ပို့တောင်ရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးဝင်းရှိန်မှ စက်တင်ဘာလ ၂၉ ရက်နေ့တွင် ဖြေကြားသည်။ �စစ်တွေ-ပုဏ္ဏားကျွန်း-ကျောက်တော် ကားလမ်းပေါ်တွင် ပုဏ္ဏားကျွန်း ချေုာင်းကို ကျော်၍ ကင်းချောင်းတံတားတည်ဆောက်ထားပြီး အဆိုပါ တံတား၏ အထက် ဘက်တွင် ရထားလမ်းအတွက် တမံ ပိတ်ထားမှုကြောင်း ပုဏ္ဏားကျွန်းချောင်း (ကင်းချောင်း) ရေလမ်း ပိတ်ဆို့ ခဲ့ရာ အတွင်းဘက်ကျေးရွာများရှိ လှေ၊ စက်တပ်ရေယာဉ်ငယ်များသွားလာရာတွင် အခက်အခဲများ ဖြစ်ပေါ် နေရခြင်းဖြစ်ပါကြောင်း၊ ပုဏ္ဏားကျွန်းမြို့သို့ သင်္ဘောများဆိုက်ကပ်၍ ခရီးသည်နှင့်ကုန်စည်များ လွယ်ကူစွာ သယ်ယူပို့ဆောင်နိုင်ရေး အတွက် ပုဏ္ဏားကျွန်းမြို့အ၀င်ချောင်းအား သောင်တူးဖေါ်ခြင်းလုပ်ငန်း ဆောင်ရွက် ပေးပါရန် ပို့ဆောင်ရေးဝန်ကြီးဌာန ရေအရင်း အမြစ်နှင့် မြစ်ချောင်းများဖွံ့ဖြိုးတိုးတက် ရေးဦးစီးဌာ နက ကွင်းဆင်း တိုင်းတာ စစ်ဆေးမှုများ ဆောင်ရွက်ရမည်ဖြစ်ပါကြောင်းဆက်လက်၍ သောင်တူး ဖေါ်ရေးလုပ် ငန်းအတွက် သောင်တူးစက်များအပါအ၀င် လုပ်ငန်းသုံးယဉ်များ ရွှေ့ပြောင်းသယ် ယူခြင်းနှင့် အခြားလို အပ်ချက်များ ပြင်ဆင်ခြင်းတို့ကို ဆောင်ရွက် ရမည်ဖြစ်ပါကြောင်း။ သို့ဖြစ်၍ ပုဏ္ဏားကျွန်းမြို့ အ၀င် ရေလမ်း ကြောင်းအား သောင်တူးဖေါ်ပေးရန်အတွက် လောလောဆယ် အစိအစဉ်မရှိသေးပါကြောင်းနှင့် ရခိုင်ပြည် အတွင်းရှိ အခြားရေလမ်းကြောင့်များအတွက် သောင်တူးဖေါ်ရမည့်လုပ်ငန်းများ ရှိပါက တစ်ပြိုင်နက် စုပေါင်းဆောင်ရွက်ပေးသွားရန် စီစဉ်ပေးမည်ဖြစ်ပါကြောင်း ဖြင့် စက်တင်ဘာလ၂၉ရက်နေ့တွင်ပြန်လည် ဖြေကြားသည်။�

ယနေ့မေးခွန်းများမေးးမြန်းခြင်းကဏ္ဍမှ ပြည်သူ့လွတ်တော် ဦးထွန်းအောင်ကျော်၏ မေးမြန်းချက်ပါ အကြောင်းအရာနှင့်စပ်လျဉ်း၍ စစ်တွေ-ကျောက်တော် မိးရထားလမ်းအတွက် ပုဏ္ဏားကျွန်းချောင်း (ကင်းချောင်း)အား တမံပိတ်ဆောင်ရွက်ခဲ့ရာ ရေလမ်းပိတ်ဆို့မှုများရှိသည့်အတွက် ယခုအခါ ရထား ပို့ဆောင်ရေးဝန်ကြီးဌာနက ပိတ်ဆို့ဆည်ဖို့ခဲ့သည့် တမံကို ပြန်လည်ဖယ်ရှား ရှင်းလင်းလျက်ရှိကြောင့်နှင့် ရထားလမ်း တံတားတည်ဆောက်နိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိကြေင်း သိရှိရသည်။

————————————————– ————————————————–

လွှတ်တော်အတွင်း ရခိုင်ဆိုင်ရာ အမေးအဖြေများ

ကြေးမုံ သတင်းစာ

၂၉.၉.၂၀၁၁

မြေပုံမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဖေသန်းက ရခိုင်ပြည်နယ် မြေနိမ့်ပိုင်း ဒီရေရောက် ဒေသများရှိ တာပေါင်ရိုး(ကာရီ) များကို ဆည်ဖို့ရာတွင် ထုထည်ကြီးမားခိုင်ခံ့သော ကာရီများဖြစ်အောင် လယ်သမားများအတွက် စက်ယန္တရားအကူအညီများ ပေးနိုင်မည့် အစီအစဉ် နှင့် နိုင်ငံတော်အစိုးရက မည်သို့ ဖြေရှင်းပေးနိုင်မည်ကို သိရှိလိုကြောင်း မေးမြန်းခဲ့သည်။အဆိုပါမွေးခွန်းနှင့် စပ်လျဉ်း၍ လယ်ယာ စိုက်ပျိုးရေး နှင့် ဆည်မြောင်း ၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဦးခင်ဇော်က စက်တင်ဘာလ ၂၈ ရက်နေ့တွင် ဖြေကြားသည်။ �ရခိုင်ပြည်နယ်တွင်း ထုထည်ကြီးမားခိုင်ခံ့အောင် ပြုပြင်ရန် လိုအပ်သော လယ်သမားတာ (၃၉၄)ခု ရှိပြီး ဆောင်ရွက်ရမည့်မြေကြီးကျင်းပမာဏ (၁၃ ဒသမ ၇၆)သိန်းဖြစ်ကြောင်း၊ မြေနိမ်းပိုင်းဒီရေရောက်ဒေသများရှိ လယ်သမား တာများကို စက်ယန္တရားများဖြင့်ဆောင်ရွက်နိုင်ရေးသည် စက်ယန္တရားကြီးများ ရွှေပြောင်း သယ်ယူပို့ဆောင်နိုင်ရေးအတွက် မြေပြင်လမ်းကြောင်းအနေအထား၊ ဖို့မြေရယူနိုင်ရန် မြေငှားထုတ်ယူနိုင်မည့် နေရာ လိုအပ်ချက် စသည့်အခြေအနေများ ကောင်းမွန်ပြည့်စုံမှသာ စက်များအသုံးပြု ဆောင်ရွက် နိုင်မည်ဖြစ်ပါကြောင်း ဆည်မြောင်းဦးစီးဌာနကဆောင်ရွက်သည့် လုပ်ငန်းကဏ္ဍအချို့၌ပင် စက်ယန္တရားများ ပြောင်းရွှေ့ သယ်ယူရန် ဝေးလံ ခက်ခဲ့သောနေရာများကို ဒေသန္တရလူအားဖြင့်သာ ဆောင်ရွက်ရပါကြောင်း၊ အရေးကြီးဦးစားပေးဆောင်ရွက်ပေးရန် လိုအပ်နေသည့် လယ်သမားတာများကို စိစစ်ရွေးချယ်ပြိး လုပ်ငန်းများ အချိန်မီ အကောင်အထည်ဖေါ်ဆောင်ရွက်ပေးးနိုင်ရေးအတွက် နိုင်ငံတော်အစိုးရအဖွဲ့သို့ ရန်ပုံ ငွေတင်ပြ တောင်းခံ၍ နိုင်ငံတော် အစိုးရအဖွဲ့၏ ဦးစားပေးလုပ်ငန်းအစီအစဉ်များအရ ရန်ပုံ ငွေ ခွဲဝေ ခွင့်ပြုပေးနိုင်မှု အပေါ်တွင် မူတည်ပြီး လုပ်ငန်းများကို အကောင်အထည် ဖေါ်ဆောင်ရွက်ပေးသွားနိုင်မည်ဖြစ်ပါကြောင်းဖြင့် စက်တင်္ဘာလ၂၈ ရက်နေ့တွင် ဖြေကြားသည်။�

————————————————– ————————————————–

လွှတ်တော်အတွင်း ရခိုင်ဆိုင်ရာ အမေးအဖြေများ

ကြေးမုံသတင်းစာ (၂၈.၉ .၂၀၁၁)

မေးခွန်းများမေးမြန်းခြင်းကဏ္ဍတွင် ကျောက်ဖြူမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဘရှိန်က ရခိုင်ပြည်နယ် ကျောက်ဖြူမြို့၏ မြောက်ဘက် (၂၅)မိုင်ခန့်အကွာရှိ ရွှေသဘာဝဓါတ်ငွေ့တွင်းများမှ ဓါတ်ငွေ့များကို မြို့၏ အနောက်တောင်ဘက် (၆) မိုင်ခန့်အကွာရှိ မလကျွန်းကျေးရွာ အနီး၌ တည်ဆောက်နေသည့် စက်ရုံတွင်သန့်စင်ပြီး တရုတ်ပြည်သို့ တင်ပိုမည် ဟုသိရပါသဖြင့် မလကျွန်းကျေးရွာအနီး စက်ရုံများမှသန့်စင်ပြီး သဘာဝဓါတ်ငွေ့ တစ်စုံတစ်ရာကို အသုံးပြု၍ ကျောက်ဖြူမြို့အတွက် လျှပ်စစ်ဓါတ်အားပေးမည့် လုပ်ငန်းကို ဆောက်ရွက်ပေးရန်အစီအစဉ် ရှိ/မရှိနှင့် နိုင်ငံတော်၏ မဟာဓါတ်အားလိုင်းများမှ ကျောက်ဖြူမြို့အတွက် လျှပ်စစ်ဓါတ်အားဖြန့်ဖြူးပေးရန် အစီအစဉ်ရှိ/မရှိသိရှိလိုကြောင်း ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦဘရှိန်က စက်ဘာလ၂၇ရက်နေ့တွင်မေးမြန်းခဲ့သည်။ အဆိုပါ မေးခွန်းနှင့် စပ်လျဉ်း၍ စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဌေးက ပြန်လည်ဖြေကြားခဲ့သည်။� ရွှေစီမံကိန်းကမ်းလွန် လုပ်ကွက်များမှထွက်ရှိလာသည့် သဘာဝဓါတ်ငွေ့များကို ရခိုင်ပြည်နယ် ကျောက်ဖြူမြို့မှ ( ၆ ဒသမ ၄ ) မိုင်ခန့်အကွာရှိ မလကျွန်းကျေးရွာအနီး သဘာဝဓါတ်ငွေ့ လက်ခံစခန်းတွင် လက်ခံသန့်စင်၍ မြန်မာ-တရုတ် သဘာဝဓါတ်ငွေ့ ပိုက်လိုင်းအတွင်းသို့ ပို့လွှတ်သွားမည်ဖြစ်ပါကြောင်း၊ ယခုအချိန်တွင်မှ နောက်ထပ်စီမံကိန်းတစ်ခုအတွက် စာချုပ်ကို ဆန့်ကျင်၍ ဓါတ်ငွေ့အသုံးပြုရန်မဖြစ်နိုင်ပါကြောင်း၊ သို့သော် ရခိုင်ကမ်းလွန်ဒေသ၌ ရေနံနှင့် သဘာဝဓါတ်ငွေ့တွေ့ရှိရန် အလားအလာကောင်းများ ရှိနေပါကြောင်း၊ သဘာဝဓါတ်ငွေ့သုံးဓါတ်အားပေးစက်ရုံများ၏ ကနဦးမတည်ရင်းနှီးစရိတ်သည် ရေအားလျှပ်စစ် ဓါတ်အားပေးစက်ရုံများ ကနဦးမတည်ရင်းနှီးစရိတ်ထက် သက်သာသော်လည်း လျှပ်စစ် ဓါတ်အားထုတ်လုပ်မှု အတွက် လောင်စာဓါတ်ငွေ့အသုံးပြုသဖြင့် လျှပ်စစ်ဓါတ်အားထုတ်လုပ်မှု ကုန်ကျစရိတ်သည် ရေအားလျှပ်စစ်ဓါတ်အားပေးစက်ရုံများမှ ထုတ်လုပ်မှုထက် အလွန်များပြားပါကြောင်း၊ ထို့ကြောင့် ရေအားလျှပ်စစ်ဓါတ်အားထုတ်လုပ်နိုင်ရန် အလားအလာ ရှိသောဒေသများတွင် အများအားဖြင့် ရေအားလျှပ်စစ်ရုံများကိုသာ တည်ဆောက်လေ့ရှိပါကြောင်း။

ယခုအခါ ရခိုင်ပြည်နယ်အတွင်း ပြည်သူများ လျှပ်စစ်ဓါတ်အား အပြည့်အ၀အသုံးပြုနိုင်စေရေးအတွက် သူဌေးချောင်း၊ အမ်း၊ လေးမြို့နှင့် စိုင်ဒင်ရေအားလျှပ်စစ် စီမံကိန်းတို့ကိုဆောက်ရွက်ရန် စီမံကိန်းများ ချမှတ်ထားပြီးဖြစ်သည်ကို အမှတ် (၁) လျှပ်စစ် စွမ်းအားဝန်ကြီးဌာနမှတစ်ဆင့် သိရပါကြောင်း၊ ထို့ပြင် အမှတ် (၂) လျှပ်စစ်စွမ်းအား ၀န်ကြီးဌာနအနေဖြင့်လည်း ရခိုင်ပြည်နယ်တွင် အကောင်အထည်ဖော်ဆောင်ရွက်ရန် စီမံနေသည့် ရေအားလျှပ်စစ်စီမံကိန်းများနှင့် ဆက်စပ်၍ (၂၃၀) ကေဗွီမဟာဓါတ်အားလိုင်းကြီးများ၊ ပင်မဓါတ်အားခွဲရုံကြီးများတည်ဆောက်ကာ ဓါတ်အားကွန်ရက် (၁) ခု တည်ဆောက်ရန် စီမံကိန်းများချမှတ်ဆောင်ရွက်နေသည်ကို သိရပါကြောင်း။

ရခိုင်ပြည်နယ်အတွင်း စီမံဆောင်ရွက်လျက်ရှိသည့် ရေအားလျှပ်စစ်စီမံကိန်းများ အကောင်အထည်ဖော် ဆောင်ရွက်ပြီးပါက ယင်းစီမံကိန်းများမှထွက်ရှိလာမည့် လျှပ်စစ်ဓါတ်အားသည် ရခိုင်ပြည်နယ်အတွင်း အပြည့်အ၀ အသုံးပြုနိုင်သည်သာမက နိုင်ငံတော် ဓါတ်အားစနစ်သို့ပါ ပို့လွှတ်ဖြန့်ဝေပေးနိုင်မည် ဖြစ်သည်ကို သိရှိရပါကြောင်း၊ သို့ဖြစ်၍ လောလောဆယ် ရွှေစီမံကိန်းမှ သဘာဝဓါတ်ငွေ့ကို ကျောက်ဖြူမြို့တွင် လျှပ်စစ် ဓါတ်အားရရှိရေးအတွက် ပြောင်းလဲသုံးစွဲရန်မဖြစ်နိုင်သေးပါကြောင်း၊ နောင်တွင် ရခိုင်ကမ်းလွန်ဒေသမှ သဘာဝဓါတ်ငွေ့များ ထပ်မံတွေ့ရှိထုတ်လုပ်နိုင်သည့်အချိန်တွင် သဘာဝဓါတ်ငွေ့သုံး ဓါတ်အားပေးစက်ရုံ တည်ဆောက်ရန်လိုအပ်သည့် အခြေအနေရှိသေးပါက ညှိနှိုင်းဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်း ဖြင့် စက်တင်ဘာလ ၂၇ရက်နေ့တွင် စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဌေးက ပြန်လည်ဖြေကြားသည်�။

————————————————– ————————————————–

အစည်းအဝေးတွင် ရခိုင်ပြည်နယ် မဲဆန္ဒနယ်အမှတ် (၁) အမျိုးသားလွှတ်တော် ဒေါက်တာအေးမောင်က ရသေ့တောင်နှင့် ဘူးသီးတောင်မြို့နယ်တို့အား ချိတ်ဆက်ပေး၍ မေယုတောင်ခြေ အရှေ့ဘက်ခြမ်း ဖွံ့ဖြိုးမှုကိုဖော်ဆောင်စေ နိုင်မည့် ( အငူမော်-စေတီပြင်-ဘူးသီတောင်) လမ်းကြမ်းအား တစ်နှစ်ပတ်လုံးသွားလာနိုင်သည့် ကျောက်ချောလမ်းမှတစ်ဆင့် ကတ္တရာ လမ်းအဖြစ် ဖောက်လုပ်ပေးရန် အစီးအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်းဟု စက်တင်ဘာလ၂၇ရက် န့တွင် မေးမြန်းခဲ့သည်။ အဆိုပါမေးခွန်းနှင့် စပ်လျဉ်း၍ နယ်စပ်ရေးရာဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဗိုလ်ချုပ်ဇော်ဝင်းက ဖြေကြားသည်� ပြည်ထောင်စု အစိုးရအနေဖြင့် ရခိုင်ပြည်နယ်၏ လမ်းပန်းဆက်သွယ်မှုချောမွေ့ရေးကို အလေးထား ဆောင်ရွက်ပေးလျက်ရှိရာ ရခိုင်ပြည်နယ် စည်ပင်သာယာရေးအဖွဲ့၏ မြို့ပြလမ်းတံတားလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် လျာထားငွေမှာ ကျပ် ( ၉၂၂ ဒသမ ၉၂၁) သန်းနှင့် ကျေးလက်လမ်းတံတားလုင်ငန်းများ ဆောင်ရွက်ရန်အတွက် လျာထားငွေမှာ ကျပ် ၄၂၂ ဒသမ ၈၂၁)သန်း ဖြစ်ပါကြောင်း။

အလားတူ ကျေးလက်လမ်းတံတားလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် ဘူးသီးတောင်မြို့နယ် စည်ပင်သာယာရေးအဖွဲ့ကငွေကျပ် ( ၂၈ ဒသမ ၈၂) သန်းနှင့် ရသေ့တောင် မြို့နယ်စည်ပင်သာယာရေး အဖွဲ့က ငွေကျပ် (၈ ဒသမ ၇၇၅) သန်း လျာထားဆောင်ရွက် လျက်ရှိပါကြောင်း၊ အငူမော်- စေတီပြင်- ဘူးသီးတောင်လမ်းတွင် ရသေ့တောင်မြို့နယ် အပိုင်း (၂၂/၄)မိုင်နှင့် ဘူးသီးတောင်မြို့နယ် အပိုင်း (၁၈/၆)မိုင် ပါဝင်ပါကြောင်း။

အဆိုပါ လမ်းပေါ်တွင် ဌာနဆိုင်ရာ၊ ပြည်သူနှင့် UNHCR တို့ ပူးပေါင်းဆောင်ရွက်ခဲ့သော ပေ (၁၀၀) အထက် တံတား(၇)စင်း၊ ပေ(၁၀၀) အောက်တံတား(၆၃)စင်း စုစုပေါင်း တံတားအစင်း(၇၀) ရှိပါကြောင်း၊ ဘူးသိးတောင်မြို့နယ် စည်ပင်သာယာရေးပဖွဲအနေဖြင့် ၂၀၁၀-၂၀၁၁ ဘဏ္ဍာရေးနှစ်အထိ ရန်ပုံငွေကျပ်(၄၉ ဒသမ ၉၇)သန်းဖြင့် ကျောက်ချောလမ်းခင်းခြင်း၊ တကျက်ဘက်တံတား အကြီးအစားပြင်ဆင်ခြင်းနှင့် တံတားအမှတ်(၁)အား သံကူကွန်ကရစ်တံတားအဖြစ် တည်ဆောက်ခြင်းလုပ်ငန်းများကို ဆောင်ရွက်ပေးခဲ့ပါကြောင်း။

ဘူးသီးတောင်မြှို့ နယ်နှင့် ရသေ့တောင်မြို့နယ် စည်ပင်သာယာရေးအဖွဲ့များအနေဖြင့် ၂၀၁၁-၂၀၁၂ ဘဏ္ဍာရေးနှစ်တွင် စည်ပင်သာယာရေးဦးစီးဌာန(ရုံးချုပ်) ထောက်ပံ့ရန်ပုံငွေကျပ်(၂၅)သန်း၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့များ ရန်ပုံငွေကျပ်(၁၅ ဒသမ ၁)သန်း စုစုပေါင်းရန်ပုံငွေကျပ်(၄၀ ဒသမ၁)သန်းဖြင့် အငူမော်-စေတီပြင်-ဘူးသီးတောင်လမ်းအား ပြင်ဆင်ထိန်းသိမ်းခြင်း ဆောင်ရွက်ပေးရန်လျာထားပြီး ၂၀၁၂-၂၀၁၃ ဘဏ္ဍာရေးနှစ် နယ်စပ်ဒေသဖွံ့ဖြိုးရေးရန်ပုံငွေမှ ထောက်ပံ့ဆောင်ရွက်ပေးနိုင်ရေး၊ နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများ၏ ဖွံ့ဖြိုးတိုးတက်မှုအကောင်အထည်ဖေါ်ရေး ဗဟိုကော်မတီသို့တင်ပြပြီး ရန်ပုံငွေခွင့်ပြုဝင်ဆံ့မှုနှင့်အညီစီမံဆောင်ရွက်သွားမည်ဖြစ်ပါကြောင်းဖြင့် နယ်စပ်ရေးရာဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဗိုလ်ချုပ်ဇော်ဝင်းက စက်တင်ဘာလ ၂၇ ရက်နေ့တွင် ဖြေကြားသည်။

————————————————– ————————————————–

ရခိုင်ပြည်နယ် မဲဆန္ဒနယ် အမှတ်(၄)မှ အမျိုးသားလွှတ်တော် ဦးမောင်စောဖြူက ရခိုင်ပြည်နယ် မင်းပြားမြိုးနယ် ငန်းတက်ကျေးရွာအုပ်စုနှင့် ဖုံသာကျေးရွာအုပ်စုများမှ လယ်မြေများသိမ်းယူထားရှိမှုနှင့် စပ်လျဉ်း၍ တိုင်ကြားချက်များအပေါ်မည်သို့ကူညီဆောင်ရွက်ပေးမည်ကို သိရှိလိုပါကြောင်း မေးမြန်းသည်။

အဆိုပါ မေးခွန်းနှင့်စပ်လျဉ်း၍ လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးခင်ဇော်က ဖြေကြားသည်။ �ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဖွဲစည်းပုံအခြေခံဥပဒေ ပုဒ်မ ၃၇(က)တွင် နိုင်ငံတော်သည် နိုင်ငံတော်ရှိမြေအားလုံး၊ မြေပေါ်မြေအောက်၊ ရေပေါ်ရေအောက်နှင့် လေထုအတွင်းရှိ သံယံဇာတပစ္စည်းအားလုံး၏ ပင်ရင်းပိုင်ရှင်ဖြစ် သည် ဟု ပြဌာန်းထားရှိသည့်အားလျော်စွာ နိုင်ငံတော်၏ အချူပ်အခြာအာဏာ၊ ပိုင်နက်နယ်မြေကိုကာကွယ်ရန်နှင့် အမျိုးသားလုံခြုံရေးတာဝန်ကို ထမ်းဆောင်နိုင်ရန်အတွက် လုံခြုံရေးအဖွဲ့ဝင်များ ဖွဲစည်းချထားကာကွယ်ဆောင်ရွက်နေခြင်းသည် နိုင်ငံတော်၏ အမျိုးသားစီးပွားအတွက်ဖြစ်ပါကြောင်း။

အဆိုပါတာဝန်များကိုထမ်းဆောင်ရန်အတွက် တပ်ပိုင်မြေများသတ်မှတ်ဆောင်ရွက်ခြင်းသည် နိုင်ငံတော်နှင့် ပြည်သူလူထုအား ကာကွယ်စောက်ရှောက်နိုင်ရေးအတွက် နိုင်ငံတော် အစိုးရက အမြော်အမြင်ကြီးစွာဖြင့် စီမံခန့်ခွဲဆောင်ရွက်ခြင်းဖြစ်ပါကြောင်း၊ နယ်မြေခံတပ်ရင်းတပ်ခွဲများအနေဖြင့် တပ်ပိုင်လယ်မြေများတွင် သီးစားချထားလုပ်ကိုင်ခြင်းနှင့် စပ်လျဉ်း၍သက်ဆိုင်ရာနယ်မြေဒေသ အုပ်ချုပ်ရေးအဖွဲများက ပြန်လည်စီစစ်ပြီး နယ်မြေခံတပ်ဌာနချုပ် တာဝန်ရှိသူများနှင့် ပြည်နယ်အစိုးရအဖွဲများအနေဖြင့် ပြန်လည်လေ့လာဆန်းစစ်ပြီး ဒေသခံပြည်သူလူထု၏ အကျိုးစီးပွားအတွက် လိုအပ်ချက်များ အပေါ် ညှီးနှိုင်းသုံးသပ် စီမံဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ဖြင့် စက်တင်ဘာလ၂၇ ရက်နေ့တွင်လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးခင်ဇော်ကဖြေကြားသည်။

  1. No comments yet.
  1. No trackbacks yet.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

– လှုပ်ခတ်နေသောမှတ်စုများ (DVB) –

Categories

free counters